
- By CNI
- Category: နည်းပညာ
- Hits: 2581
CNI International News
ဘန်ကောက်၊ မေလ ၃
ထိုင်းအစိုးရသည် AI နည်းပညာနယ်ပယ်ကို အပြည့်အဝ အားပေးထောက်ခံရန် လုပ်ဆောင်နေပြီး အနာဂတ်တွင် ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံအတွက် လမ်းဖွင့်ပေးထားကြောင်း ထိုင်းဝန်ကြီးချုပ် ဆရီသာ သာဗီဆင် (Srettha Thavisin) က ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
“အခုဆယ်စုနှစ်ထဲမှာ AI ဟာ တိုးတက်ပြောင်းလဲမှုအရှိဆုံး အင်အားတစ်ခု ဖြစ်တယ်ဆိုတာကို ဘယ်သူကမှ ငြင်းနိုင်မှာ မဟုတ်ပါဘူး”ဟု ဆရီသာက ခလွန်တိုအီ (Khlong Toei) ခရိုင်ရှိ ဘုရင်မ သီရိခေတ် အမျိုးသား ကွန်ဗန်းရှင်းစင်တာ (QSNCC) တွင် ပြုလုပ်သည့် “Microsoft Build: AI Day Event” ပွဲ အခမ်းအနား၌ ပြောကြားခဲ့သည်။
“AI ဟာ ကျနော်တို့ရဲ့ ဘဝတွေ၊ လုပ်ငန်းခွင်တွေနဲ့ စီးပွားရေးတွေအပေါ် ရှုထောင့်ပေါင်းစုံကနေ ပြောင်းလဲခဲ့ပါ တယ်။ ဒီနိုင်ငံမှာ AI လုပ်ငန်းကို အပြည့်အဝ ထောက်ခံပေးဖို့ အစိုးရက လုပ်ဆောင်နေပြီ ထိုင်းဟာ AI အတွက် အသင့်ရှိနေပြီဆိုတာ ကျနော် ဝမ်းမြောက်စွာနဲ့ ပြောချင်ပါတယ်” ဟု ဆရီသာက ပြောသည်။
ထိုပွဲအခမ်းအအနားကို developer များ၊ စီးပွားရေးနှင့် နည်းပညာ ခေါင်းဆောင်များ အပါအဝင် လူပေါင်း ၂၀၀၀ ခန့် တက်ရောက်ခဲ့သည်။
ထိုင်းနိုင်ငံသည် ဒေသတွင်း အင်အားအကောင်းဆုံး အင်တာနက်နှင့် ဒစ်ဂျစ်တယ် အခြေခံ အဆောက်အအုံများ ရှိသည့် နိုင်ငံများထဲတွင် ပါဝင်နေပြီး broadband အင်တာနက်၊ မိုဘိုင်းဆက်သွယ်ရေးနှင့် 5G အခြေခံ အဆောက်အအုံနှင့် နိုင်ငံတကာ ရေအောက် ကေဘယ်ကွန်ရက်တို့ရှိကြောင်း ဆရီသာက ပြောသည်။
AI နည်းပညာကို ပြသထားစဉ်
ဖေဖော်ဝါရီလက စတင်ခဲ့သည့် “Ignite Thailand” အမည်ရှိ အစီအစဉ်အရ အစိုးရအဖွဲ့သည် နိုင်ငံကို ဒေသတွင်း အဓိက လုပ်ငန်းများတည်ရှိသည့် ရပ်ဝန်းတစ်ခုအဖြစ် ပြောင်းလဲ ဖော်ဆောင်မည်ဆိုသည့် ကတိကဝတ်နှင့် လုပ်ဆောင်မှုများကို ပြသရာ ရောက်သည်ဟုလည်း ထိုင်းဝန်ကြီးချုပ်က ပြောသည်။
ထိုအဓိက လုပ်ငန်းနယ်ပယ်များထဲတွင် ဒစ်ဂျစ်တယ်စီးပွားရေး၊ ခရီးသွားကဏ္ဍ၊ ဆေးဝါးကဏ္ဍ၊ အစားအသောက် ကဏ္ဍ၊ လေကြောင်းကဏ္ဍ၊ အနာဂတ် မော်တော်ယာဉ်လုပ်ငန်းကဏ္ဍနှင့် ဘဏ္ဍာရေးကဏ္ဍတို့ ပါဝင်သည်။
ထိုအစီအစဉ်၏ အရေးအကြီးဆုံး အချက်တစ်ခုမှာ ထိုင်နိုင်ငံကို ကမ္ဘာ့အဆင့် မဟုတ်လျှင်တောင် ဒေသတွင်း အဆင့် ဒစ်ဂျစ်တယ် စီးပွားရေး ရပ်ဝန်းအဖြစ် ပြောင်းလဲထူထောင်လိုသည့် ရည်ရွယ်ချက်ဖြစ်သည်။
ထိုအစီအစဉ်အရ အနာဂတ်တွင် အဆင့်မြင့် နည်းပညာလုပ်ငန်းများ ပါဝင်လာလိမ့်မည်ဟု ဆရီသာက ပြောကြားခဲ့သည်။
Source: ဘန်ကောက်ပို့စ်

- By CNI
- Category: နည်းပညာ
- Hits: 1338
CNI International News
ဝါရှင်တန်၊ ဧပြီ ၉
ဂျပန်ဝန်ကြီးချုပ်၊ ဖူမီယို ကီရှီဒါ (Fumio Kishida) နှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) တို့သည် ယခုသီတင်းပတ်ကုန်တွင် အစည်းအဝေးလုပ်၍ ကာကွယ်ရေးကဏ္ဍကိုသာမက နည်းပညာပူးပေါင်း ဆောင်ရွက် ရေးကိုပါ ဦးစားပေး ဆွေးနွေးကြမည်ဟု Japan Times မှ ဖော်ပြခဲ့သည်။
ခေါင်းဆောင်နှစ်ဦးသည် တရုတ်ကို အာရုံစိုက်ပြီး နှစ်နိုင်ငံအကြား တစ်ပိုင်းလျှပ်ကူးပစ္စည်း (semiconductor) များနှင့် AI နည်းပညာ အပါအဝင် ခေတ်မီနည်းပညာများနှင့်ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ကြေညာဖွယ်ရှိနေသည်။
ကီရှီဒါသည် ဧပြီ ၁၀ ရက်တွင် အမေရိကန်နိုင်ငံ၊ ဝါရှင်တန် (Washington) မြို့တော်သို့ သွားရောက်မည်ဖြစ်ပြီး ဘိုင်ဒန်နှင့် ကာကွယ်ရေး၊ လုံခြုံရေး၊ စီးပွားရေး စသည့်နယ်ပယ်များတွင် သဘောတူညီချက် အသစ်များကို ကြေညာမည်ဖြစ်သည်။
အမေရိကန်နဲ့ ဂျပန် နည်းပညာကိုတွေ့ရစဉ်
ထို့နောက် နှစ်နိုင်ငံအကြား အရှိန်အဟုန် မြင့်တက်နေသည့် ဆက်ဆံရေးများကို ထိန်းသိမ်းသွားမည်ဖြစ်သည်။
ထို့ပြင် ချစ်ပ်ပြားထုတ်လုပ်မှု၊ AI နည်းပညာနှင့် အခြား နည်းပညာမြင့်ကဏ္ဍများတွင် ၎င်းတို့၏ ရပ်တည်ချက်ကို မြှင့်တင်ရန် ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်ဆက်ဆံရေးကို လုပ်ဆောင်မည်ဖြစ်ပြီး အခြား စိတ်သဘောထားခြင်း တူညီသည့် နိုင်ငံများနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်ရန် ခေါင်းဆောင်နှစ်ဦးက ကတိပြုထားသည်။
ကီရှီဒါက သူ့ခရီးစဉ်သည် စိန်ခေါ်မှုပေါင်းစုံကို ဖြေရှင်းနေသည့် နိုင်ငံတကာ အသိုင်းအဝိုင်းအတွင်း ဂျပန်နှင့် အမေရိကန်ကို ဦးဆောင်သည့်နေရာမှ ပါဝင်သော မိတ်ဖက်နိုင်ငံများ ဖြစ်သည့်အကြောင်း ပြသရာရောက်စေလိမ့် မည်ဟု မျှော်လင့်ထားကြောင်း ဝါရှင်တန်သို့ မသွားရောက်မီ ဧပြီ ၈ ရက်က တိုကျို (Tokyo) မြို့တော်တွင် မိန့်ခွန်းပြောကြားခဲ့ချိန်၌ ပြောကြားခဲ့သည်။
ဘိုင်ဒန်နှင့် ကီရှီဒါသည် တစ်ပိုင်းလျှပ်ကူး ပစ္စည်းများ၊ ဘက္ကထရီများ သိုလှောင်ရေးနှင့် Permanent Magnets ဆိုသည့် သံလိုက် အမျိုးအစားများကဲ့သို့ မဟာဗျူဟာမြောက် ကုန်စည်များအတွက် ထောက်ပံ့ငွေ စည်းမျဉ်း စည်းကမ်းများနှင့်ပတ်သက်ပြီး သဘောတူညီချက်တစ်ခုကို အစည်းအဝေး အပြီးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ထုတ်ပြန်သွားမည်ဟု Nikkei daily မှ ဖော်ပြခဲ့သည်။
ဘိုင်ဒန်နဲ့ ကီရှီဒါကို တွေ့ရစဉ်
ဂျပန်သည် တစ်ချိန်က နေ့စဉ်သုံးပစ္စည်းများနှင့် လက်နက်များအတွက် မရှိမဖြစ် ထည့်သွင်းအသုံးပြုရသည့်် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ ထုတ်လုပ်သော ရှေ့ပြေးနိုင်ငံတစ်ခု ဖြစ်သော်လည်း ထိုင်ဝမ်နှင့် တရုတ် အပါအဝင် အခြားနိုင်ငံများက တစ်ပိုင်းလျှပ်ကူးပစ္စည်းများကို ပိုမိုကျယ်ပြန့်စွာ ထုတ်လုပ်လာသည့် အချိန်မှစပြီး ဂျပန်၏ အဆင့်သည် လျော့ကျလာခဲ့သည်။
ပြီးခဲ့သည့်နှစ် မေလကလည်း ဘိုင်ဒန်နှင့် ကီရှီဒါတို့သည် ဂျပန်နိုင်ငံ၊ ဟီရိုရှီးမား (Hiroshima) မြို့တွင် ပြုလုပ်ခဲ့သည့် စက်မှုထိပ်သီး ၇ နိုင်ငံ (G-7) အစည်းအဝေးတွင် သီးသန့်တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်ရန် သဘောတူခဲ့ကြသည်။
Source: Japan Times

- By CNI
- Category: နည်းပညာ
- Hits: 1261
CNI International News
နယူးဒေလီ၊ မတ်လ ၁၄
အိန္ဒိယနိုင်ငံတွင် ပြုလုပ်မည့် ရွေးကောက်ပွဲမတိုင်မီ AI နည်းပညာနှင့်ပတ်သက်သည့် အကြောင်းအရာများကို လူသိရှင်ကြား တိကျပြတ်သားစွာ ဖော်ပြကြရန် အိန္ဒိယအစိုးရက နည်းပညာကုမ္ပဏီများကို တိုက်တွန်းခဲ့ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
နည်းပညာကုမ္ပဏီများ၏ AI ထုတ်ကုန်များသည် ရွေးကောက်ပွဲလုပ်ငန်းစဉ်၏ ဂုဏ်သိက္ခာကို ခြိမ်းခြောက်ခြင်း မရှိအောင် လုပ်ဆောင်ရန်လည်း အစိုးရက သတိပေးခဲ့သည်။
၂၀၂၃ ခုနှစ်၊ ဧပြီလအတွင်း အိန္ဒိယအစိုးရသည် AI နည်းပညာနှင့်ပတ်သက်ပြီး ဥပဒေထုတ်ပြန်ရန် အစီအစဉ်မရှိ ကြောင်း ပြောကြားခဲ့သော်လည်း ယခုတွင်မူ AI နည်းပညာနှင့် ပတ်သက်သည့် စည်းကမ်းဥပဒေများကို ပြဋ္ဌာန်းရန် အပူတပြင်း လုပ်ဆောင်နေခြင်း ဖြစ်သည်။
မကြာသေးမီက Google ကုမ္ပဏီ၏ Gemini AI ဆော့ဖ်ဝဲသည် “မိုဒီက ဖက်ဆစ်ဝါဒီလား” ဆိုသည့် မေးခွန်းကို ပြန်ဖြေကြားခဲ့ရာတွင် “မိုဒီကို အချို့ကျွမ်းကျင်သူများက ဖက်ဆစ်ဝါဒီ တစ်ဦးအဖြစ် ယူဆထားသည်” ဟု ဖြေကြားခဲ့သည်။
ထို့နောက် ပြီးခဲ့သည့် သီတင်းပတ်တွင် အိန္ဒိယအီလက်ထရောနစ်နှင့် ဆက်သွယ်ရေးနည်းပညာဝန်ကြီးဌာနက AI နှင့်ပတ်သက်သည့် ဥပဒေပြဋ္ဌာန်းမှု အစီအစဉ်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
မိုဒီကို တွေ့ရစဉ်
ဆက်သွယ်ရေးနည်းပညာဆိုင်ရာ အငယ်တန်းဝန်ကြီး တစ်ဦးဖြစ်သည့် ရာဂျိဗ် ချန်ဒရာဆက်ခါ (Rajeev Chandrasekhar) ကမူ Google ၏ Gemini AI ဆော့ဖ်ဝဲသည် အိန္ဒိယ၏ ဥပဒေကို ချိုးဖောက်ကြောင်း စွပ်စွဲခဲ့ သည်။
“နည်းပညာမှာ ယုံကြည်စိတ်ချလို့ မရဘူးဆိုတဲ့ အချက်ကို ဥပဒေအောက်မှာ ခြွင်းချက်ပေးထားလို့ မရပါဘူး” ဟု ချန်ဒရာဆက်ခါက ပြောကြားခဲ့သည်။
ထိုဖြစ်စဉ်အတွက် Google က ပြန်လည် တောင်းပန်ခဲ့ကြောင်းနှင့် ယုံကြည် စိတ်ချနိုင်ခြင်းမရှိသည့် algorithm စနစ်၏ ရလဒ်ကြောင့် ထိုအဖြေမျိုး ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်ဟု ဖြေရှင်းချက်ပေးခဲ့ကြောင်း ၎င်းက ဆိုသည်။
အနောက်နိုင်ငံများတွင်လည်း အဓိက နည်းပညာကုမ္ပဏီများသည် လစ်ဘရယ် ဘက်လိုက်မှုများရှိနေသည်ဟု စွပ်စွဲခံခဲ့ရသည်။
ထိုကဲ့သို့ စွပ်စွဲခံခဲ့ရသည့် AI ထုတ်ကုန်များထဲတွင် Open AI ကုမ္ပဏီ၏ Chat GPT နှင့် Microsoft ကုမ္ပဏီ၏ Copilot ဆော့ဖ်ဝဲများ ပါဝင်ခဲ့သည်။
Source: အယ်လ်ဂျာဇီးယား

- By CNI
- Category: နည်းပညာ
- Hits: 1011
CNI International News
ပေကျင်း၊ မတ်လ ၁၄
တရုတ်သည် အမေရိကန်နှင့် နည်းပညာစစ်ပွဲ ပြင်းထန်နေပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ရုန်းကန်နေရချိန် တွင် တရုတ်ခေါင်းဆောင်များက တရုတ်နိုင်ငံကို မြင့်မားသည့် နည်းပညာဗဟိုချက်တစ်ခုဖြစ်အောင် တွန်းအားပေး လုပ်ဆောင်ရန် အမျိုးသားလွှတ်တော်ညီလာခံတွင် ပြောကြားခဲ့သည်ဟု Devdiscourse မှ ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံ ပြည်သူ့မဟာခန်းမဆောင်တွင် မတ်လ ၁၁ ရက်က အဆုံးသတ်ခဲ့သည့် အမျိုးသားလွှတ်တော် ညီလာခံနှင့် နိုင်ငံရေးအတိုင်ပင်ခံအဖွဲ့၏ ညီလာခံများ (two sessions)ကို သီတင်းတစ်ပတ်ကြာ ပြုလုပ်ခဲ့သည်။
Covid ကပ်ရောဂါဆိုင်ရာ တားမြစ် ကန့်သတ်ချက်များမပါဘဲ ပထမဆုံးအကြိမ် ကျင်းပခဲ့သည့် ထိုညီလာခံများ သည် တရုတ်သမ္မတ ရှီကျင့်ဖျင်(Xi Jinping) လက်အောက်တွင် တရုတ်၏ နားလည်ရခက်ခဲသော နိုင်ငံရေး စနစ်ကို ရိုးတိုးရိပ်တိပ် စောင့်ကြည့်ခွင့်ရခဲ့သည့် ရှားပါးအခွင့်အရေးတစ်ခု ဖြစ်သည်။
မတ်လ ၁၁ ရက်က အမျိုးသားလွှတ်တော် ပိတ်ပွဲ အခမ်းအနားတွင် ပုံမှန်ပြုလုပ်နေကျဖြစ်သည့် ဝန်ကြီးချုပ်၏ သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့ခြင်းမရှိခြင်းက ထူးခြားချက်တစ်ရပ်ဖြစ်သည်။
တရုတ်ဝန်ကြီးချုပ် လီချင်ကို တွေ့ရစဉ်
ပြီးခဲ့သည့် သီတင်းပတ်က ညီလာခံအတွင်း တရုတ်ဝန်ကြီးချုပ် လီချင် (Li Qiang) က မိန့်ခွန်းပြောကြားခဲ့ရာတွင် တရုတ်အနေဖြင့် သိပ္ပံနှင့် နည်းပညာနယ်ပယ်တွင် ကိုယ့်အားကိုယ်ကိုးပြီး ခိုင်မာမှုများရှိစေရန် တွန်းအားပေး လုပ်ဆောင်သင့်ကြောင်း တိုက်တွန်းခဲ့သည်။
စက်မှုလုပ်ငန်း ထောက်ပံ့ရေး ကွင်းဆက်များနှင့် မြင့်မားသည့် နည်းပညာကဏ္ဍတွင် တရုတ်၏ ရပ်တည်ချက်ကို ပိုမိုတိုးတက်စေရန် လုပ်ဆောင်သင့်ကြောင်း၊ တရုတ်၏ နှစ်စဉ် အသုံးစရိတ်၏ ၁၀ ရာခိုင်နှုန်းကို သိပ္ပံနှင့် နည်းပညာကဏ္ဍအတွက် အသုံးပြုမည်ဖြစ်ကြောင်း လီက ပြောကြားခဲ့သည်။
Two sessions ညီလာခံများ ပြုလုပ်နေချိန်အတွင်း သီးသန့်ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wand Yi)က အမေရိကန်သည် တရုတ်ကို ထိန်းချုပ်ဟန့်တားရန် နည်းပေါင်းစုံဖြင့် လုပ်ဆောင်နေကြောင်း စွပ်စွဲခဲ့သည်။
ထို့ပြင် တရုတ်အပေါ် အမေရိကန်က ကုန်သွယ်ရေးနှင့် နည်းပညာထိန်းချုပ်မှုများ ပြုလုပ်နေခြင်းနှင့်ပတ်သက်ပြီး ဝမ်က အမေရိကန်အစိုးရကို ဝေဖန်ပြစ်တင်ခဲ့သည်။
Source: Devdiscourse
- By CNI
- Category: နည်းပညာ
- Hits: 1337
CNI International News
တိုကျို၊ ဇန်နဝါရီ ၂၃
ဂျပန်နိုင်ငံ၏ လကမ္ဘာဆင်းသက်ရေးယာဉ်သည် ဇန်နဝါရီ ၂၀ ရက်က လကမ္ဘာပေါ်သို့ သမိုင်းဝင် ဆင်သက်နိုင်ခဲ့ ပြီးနောက် ယာဉ်၏ဓာတ်အားစနစ် ပြန်လည်ရရှိနိုင်ရန် မျှော်လင့်ထားကြောင်း ဂျပန်လေကြောင်းနှင့် အာကာသ လေ့လာရေး အေဂျင်စီ (JAXA) က ပြောကြားခဲ့ကြောင်း အယ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
လကမ္ဘာဆင်းသက်ရေးယာဉ်သည် လပေါ်သို့ ဆင်းသက်ခဲ့ပြီးနောက် ၃ နာရီအကြာတွင် ထိုယာဉ်၏ ဓာတ်အား စနစ်ကို အဝေးထိန်းစနစ်ဖြင့် ပိတ်ခဲ့ခြင်းဖြစ်ကြောင်း JAXA က ဇန်နဝါရီ ၂၂ ရက်တွင် ပြောကြားခဲ့သည်။
ယာဉ်၏ ဓာတ်အားစနစ်ကို အနားပေးရန် ထိုဓာတ်အားစနစ်ကို ပိတ်ခဲ့ခြင်းဖြစ်သည်။
လကမ္ဘာပေါ်ကို ဆင်းသက်နေစဉ်
အဆိုပါယာဉ်တွင် တပ်ဆင်ထားသည့် ဆိုလာပြားများသည် နေရောင်ခြည်စွမ်းအင်ကို ရရှိမည့်အချိန်၌ စက်ပြန်နိုး လာလိမ့်မည်ဟု မျှော်လင့်ရကြောင်း JAXA က ထုတ်ပြန်ခဲ့သည်။
Moon Sniper ဟု အမည်ပေးထားသည့် ထိုလကမ္ဘာ စူးစမ်းလေ့လာရေးယာဉ်သည် လေ့လာရေး လုပ်ငန်းစဉ်များ ကို ပြန်လည်လုပ်ဆောင်နိုင်ရန် ဓာတ်အားစနစ်အား ပြန်ပွင့်စေဖို့ လုပ်ဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ထား ကြောင်းလည်း အာဏာပိုင်များက ပြောကြားခဲ့သည်။
ထို့ပြင် Smart Lander for Investigating Moon (SLIM) ဟု အမည်ပေးထားသည့် စူးစမ်းလေ့လာရေး မစ်ရှင်ထံမှ အချက်အလက် အများအပြားကိုလည်း လက်ခံရရှိခဲ့ပြီးဖြစ်ကြောင်း JAXA က ပြောကြားခဲ့သည်။
လကမ္ဘာဆင်းသက်ရေးယာဉ်ကို တွေ့ရစဉ်
လကမ္ဘာပေါ်သို့ Moon Sniper လေ့လာရေးယာဉ် ဆင်းသက်နိုင်မှုကြောင့် ဂျပန်သည် လကမ္ဘာပေါ်သို့ ညင်သာစွာ ဆင်းသက်နိုင်ခဲ့သည့် ပဉ္စမမြောက်နိုင်ငံအဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။
မည်သို့ပင်ဆိုစေ ဇန်နဝါရီ ၂၀ ရက်က ညသန်းခေါင်ကို ကျော်လွန်ပြီး မိနစ် ၂၀ ခန့်အချိန်တွင် ဆင်းသက်ခဲ့ပြီး နောက် Moon Sniper လေ့လာရေးယာဉ်၏ ဆိုလာဘက်ထရီများသည် ဓာတ်အားထုတ်လုပ်ပေးနိုင်ခြင်း ရှိ/မရှိကို JAXA က အတည်မပြုနိုင်ခဲ့ပေ။
လက်ရှိတွင် ထိုလေ့လာရေးယာဉ်၏ ဆိုလာပြားများသည် အနောက်ဘက်သို့ မျက်နှာမူလျက်ရှိပြီး နေရောင်ခြည် နှင့် ထိတွေ့ချိန်တွင် စွမ်းအင်များ ပြန်လည်ရရှိခဲ့မည်ဆိုပါက ဓာတ်အားစနစ် ပြန်ပွင့်လာလိမ့်မည်ဟု မျှော်လင့် ထားကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
Source: အယ်လ်ဂျာဇီးယား

- By CNI
- Category: နည်းပညာ
- Hits: 1430
CNI International News
တဲလ်အဗစ်၊ ဒီဇင်ဘာ ၂၃
အစ္စရေးနှင့် ဟားမာ့စ်အကြား စစ်ပွဲဖြစ်ပွားနေသည့်တိုင် အစ္စရေး၏ နည်းပညာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ရန် အမေရိကန်စီးပွားရေး လုပ်ငန်းရှင်များက စိတ်ဝင်စားနေသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အမေရိကန်နိုင်ငံ၊ အော်ရီဂွန် (Oregon) ပြည်နယ်၊ ပို့စ်လန်း (Portland) မြို့မှ စွန့်ဦးတီထွင် လုပ်ငန်းရှင် တစ်ဦးဖြစ်သည့် ဂျော့ချ် ဂျူးရစ် (George Djuric) သည် စစ်ပွဲဖြစ်ပွားနေချိန်တွင် အစ္စရေးသို့သွားရောက်ခဲ့ပြီး အစ္စရေးနည်းပညာကဏ္ဍအတွက် ကူညီပေးမည်ဟု ကတိပြုခဲ့သည်။
အမေရိကန်ရှိ Y Ventures ကုမ္ပဏီတွင် နည်းပညာအရာရှိချုပ်ဖြစ်သည့် ဂျူးရစ်သည် ၁၉၉၀ ပြည့်နှစ် အလယ်ပိုင်း ကာလများက ဘော့စနီးယားစစ်ပွဲ ဖြစ်ပွားချိန်အတွင်း ဘော့စနီးယားမှ အမေရိကန်သို့ ဒုက္ခသည်အဖြစ် ရောက်ရှိ လာခဲ့ခြင်း ဖြစ်သည်။
အမေရိကန်သို့ ရောက်ရှိချိန်တွင် သူသည် အသက် ၃ နှစ်အရွယ်သာ ရှိသေးသည်။ ယခုသီတင်းပတ်အတွင်း အစ္စရေးသို့ သွားရောက်ခဲ့သည့် အမေရိကန်နည်းပညာ အလုပ်အမှုဆောင်များနှင့် ရင်းနှီးမြှုပ်နှံသူ ၇၀ ခန့်တွင် ဂျူးရစ်လည်း ပါဝင်ခဲ့သည်။
"အစ္စရေးနဲ့ စည်းလုံးညီညွတ်မှုရှိကြောင်း ပြသဖို့အတွက် ဒီကိုရောက်လာခဲ့တာ ဖြစ်ပါတယ်။ Silicon Valley ပြီးရင် ကမ္ဘာ့ဒုတိယ အကြီးဆုံးဖြစ်တဲ့ နည်းပညာရပ်ဝန်းဖြစ်တဲ့ အစ္စရေးရဲ့ နည်းပညာကဏ္ဍကို ကူညီပေးသွားမှာ ဖြစ်ပါ တယ်" ဟု ဂျူးရစ်က ပြောသည်။
ဟားမာ့စ်အဖွဲ့နှင့် ဖြစ်ပွားနေသည့် စစ်ပွဲကြောင့် အစ္စရေး၏ နည်းပညာကဏ္ဍတွင် ထိခိုက်မှုရှိနိုင်ကြောင်း ရင်းနှီးမြှုပ်နှံသူများနှင့် ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
နည်းပညာကဏ္ဍသည် အစ္စရေး၏ ပို့ကုန် စုစုပေါင်း၏ ထက်ဝက်ကျော်ရှိကာ နိုင်ငံစီးပွားရေး စုစုပေါင်း၏ ငါးပုံ တစ်ပုံနီးပါး ရှိသည်။
စစ်ပွဲဖြစ်ပွားချိန်တွင် နည်းပညာရပ်ဝန်း၌ လုပ်ကိုင်နေသည့် ဝန်ထမ်းများထဲမှ ၁၅ ရာခိုင်နှုန်းသည် စစ်မှုထမ်းခဲ့ ဖူးသူများ ဖြစ်ကြသည်။
ထိုအခြေအနေများ ရှိနေသည့်တိုင် အမေရိကန် ရင်းနှီးမြှုပ်နှံသူများက အစ္စရေး၏ နည်းပညာကဏ္ဍအပေါ် စိတ်ဝင်စားနေကြဆဲ ဖြစ်သည်။
"အစ္စရေးရဲ့ စီးပွားရေး ပြန်လည် နာလန်ထူမှုဟာ ၃ လ၊ ၆ လ၊ ၉ လ ဒါမှမဟုတ် ၁၂ လလည်း ကြာရင်ကြာမြင့် နိုင်ပါတယ်။ ဒါပေမယ့် ဒါက ကျနော်တို့အတွက် ပြဿနာမဟုတ်ပါဘူး။ ကျနော်တို့ဟာ အစ္စရေးအပေါ် အရင်ကတည်းက ယုံကြည်မှုရှိပြီးသားပါ" ဟု အမေရိကန် ရင်းနှီးမြှုပ်နှံသူတစ်ဦးက ပြောကြားခဲ့သည်။
Source: အေပီ

- By cni
- Category: နည်းပညာ
- Hits: 1820
CNI International News
၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၂
ယခင်က Twitter ဟု လူသိများခဲ့သည့် X လူမှုမီဒီယာ အသုံးပြုသူများအနက် Bluemark ရရှိထားသည့် အသုံးပြု သူများသည် ယခုအခါတွင် မိမိတို့၏ selfie ဓာတ်ပုံအပြင် အစိုးရက ထုတ်ပေးထားသည့် မှတ်ပုံတင်ဓာတ်ပုံကို တင်သွင်းရန် လိုအပ်လာလိမ့်မည်ဟု PC မဂ္ဂဇင်း၏ သတင်းတွင် ဖော်ပြခဲ့သည်။
အသုံးပြုသူများ၏ ကိုယ်ရေး အချက်အလက်များကို အစ္စရေးကုမ္ပဏီဖြစ်သည့် AU10TIX software ကုမ္ပဏီက စိစစ်အတည်ပြုမည်ဖြစ်ပြီး ထိုအချက်အလက်များအား ရက်ပေါင်း ၃၀ ကြာ သိမ်းဆည်းထားမည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
AU10TIX software ကို တွေ့ရစဉ်
ဘေးကင်းလုံခြုံရေးနှင့် အကောင့်တုများကို တားဆီးရန် အချက်အလက်များအား စုဆောင်းပြီး အသုံးပြုသူများ၏ ကိုယ်ရေး အချက်အလက်များကို စိစစ်အတည်ပြုသွားမည်ဟု X ကုမ္ပဏီက ပြောကြားခဲ့သည်။
X အသုံးပြုသူ အများစုကမူ ၎င်းတို့၏ အချက်အလက်များကို သိမ်းဆည်းထားမည့် ကုမ္ပဏီ၏ အစီအစဉ်ကို ကျေနပ်မှုမရှိဘဲ X ကုမ္ပဏီဝန်ထမ်းများနှင့် အစ္စရေး ထောက်လှမ်းရေးအဖွဲ့အကြား ဆက်နွှယ်မှုများကို ထောက်ပြ ခဲ့ကြသည်။
ထို့ပြင် အတိတ်ကာလက ကိုယ်ရေး အချက်အလက်များ ချိုးဖောက်ခံခဲ့ရသည့် ဖြစ်စဉ်များနှင့်ပတ်သက်ပြီး X ၏ ဆုံးဖြတ်ချက်ကို သဘောမတူကြောင်း အသုံးပြုသူများက ဖော်ပြခဲ့ကြသည်။
လူမှုကွန်ရက်ကနေ လုံခြုံရေးစိုးရိမ်မှု ရှေ့နေက တင်ပြနေစဉ်
AU10TIX ကုမ္ပဏီသည် ၁၉၈၀ ပြည့်နှစ်နှင့် ၁၉၉၀ ပြည့်နှစ်များအတွင်း လေဆိပ်များနှင့် နယ်စပ်ဂိတ်များတွင် လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ချင်းစီအား အချက်အလက်များနှင့် ကိုက်ညီမှု ရှိ/မရှိ စိစစ်အတည်ပြုသည့် စနစ်များ ကို ဖန်တီးရာတွင် အကူအညီပေးခဲ့သည်။
ထိုကုမ္ပဏီသည် နောက်ပိုင်းတွင် လုပ်ငန်းချဲ့ထွင်လာခဲ့ပြီးနောက် ၂၀၀၂ ခုနှစ်တွင် ဒစ်ဂျစ်တယ် နယ်ပယ်သို့ ဝင်ရောက်လာခဲ့ကာ Uber ၊ PayPal နှင့် Google ကဲ့သို့ နာမည်ကြီး နည်းပညာကုမ္ပဏီများနှင့် လက်တွဲ လုပ်ဆောင်ခဲ့သည်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလက Twitter ကို ဝယ်ယူခဲ့သည့် အီလွန် မာ့စ် (Elon Musk) ကမူ မှတ်ပုံတင် စိစစ် အတည်ပြုသည့် စနစ်ကို ယခင်ကတည်းက လုပ်ဆောင်ခဲ့ပြီး မကြာမီအချိန်အတွင်း လူသိရှင်ကြား ချပြမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: နည်းပညာ
- Hits: 2094
CNI News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၄
ရန်ကုန်မြို့ အပါအဝင် မြန်မာပြည်တွင်း မြို့များနှင့် နယ်များတွင် တပ်ဆင်ထားသည့် အင်တာနက် ဖိုင်ဘာ ကေဘယ်လိုင်းများ မကြာခဏ ပြတ်တောက်ခြင်း၊ မိုဘိုင်းအင်တာနက်ဒေတာ သုံးစွဲခများ ယခင်ကထက် ဈေးနှုန်းကြီးမြင့်ခြင်းနှင့် အင်တာနက်လိုင်း နှေးကွေးမှုများကို ရင်ဆိုင်နေရသည်။
အင်တာနက်ဖိုင်ဘာ ကေဘယ်လိုင်းများ ပြတ်တောက်ချိန်နှင့် အင်တာနက်လိုင်း နှေးကွေးမှုများကြောင့် လုပ်ငန်း များ ဆောင်ရွက်ရာတွင် အဆင်မပြေမှုများ ရှိနေပြီး သက်ဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများသို့ အကြောင်းကြားရာ တွင် လက်ခံဖြေကြားပေးခြင်း မရှိခြင်းနှင့် မိုဘိုင်းဖုန်းများကို ပိတ်ထားမှုများနှင့်သာ ကြုံတွေ့ရသည်ဟု ရန်ကုန် မြို့၊ ကမာရွတ်မြို့နယ်တွင် နေထိုင်သည့် ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်သူ ကိုသိုက်က CNI သတင်းဌာနသို့ ပြော သည်။
၎င်းက “အစ်ကိုတို့ဆို MBT တပ်ထားတယ်။ MBT တပ်ထားတဲ့အခါကျ ၂ ရက် ၃ ရက်လောက် သူတို့ပျက်သွားတဲ့ အခါ မြဝတီက Main cable ကြိုး ပျက်သွားလို့ဆိုပြီး သူတို့က အဲဒီလိုမျိုး ဖြတ်တောက်လိုက်တာပေါ့။ ရက်အစား ပြန်ပေးတာ တော်တော်ရှားတယ် မရှိဘူး။ သူတို့ကို ဖုန်းဆက်တဲ့အခါကျရင်လည်း အော်ပရေတာတွေက မကိုင် တာများတယ်။ အစ်ကိုတို့ဆို သူဋ္ဌေးတွေကို အီးမေးလ်ပို့ရတယ်။ အဲဒီလိုမျိုးပေါ့ ပို့ရတဲ့အခါကျတော့ ဒီဝိုင်ဖိုင်လိုင်း မရှိတော့တဲ့အခါကျရင် အဆင်မပြေဘူး။ အဆင်မပြေမှုက တော်တော်များတယ်ပေါ့။ အရှင်းဆုံးပြောရရင်တော့ သူတို့တွေက ပိုက်ဆံယူထားတဲ့အတွက် တစ်လကို အစ်ကိုတို့ဆီက သူတို့ ၂ သောင်းခွဲ ကောက်တယ်။ အဲဒီ ၂ သောင်းခွဲနဲ့တန်တဲ့ ညီမျှတဲ့ service ပေးမှုတော့ ရှိသင့်တယ်ထင်တယ်။ ဖုန်းဆက်လိုက်တဲ့အခါကိုင်၊ ဘယ်နေရာ မှာ ဘယ်ကြိုးပြတ်တယ်။ ဘယ်နေရာ ဘာဖြစ်တယ်။ သူတို့က အခု တစ်ခုခု ကြိုးပြတ်တာတို့၊ တစ်ခုခု အဆင် မပြေ ဖြစ်တာဆို သူတို့ကို ဖုန်းဆက်ရင် မကိုင်တော့ဘူး။ ဖုန်းကို ပိတ်ထားတာဆိုတော့ အဲဒါကြီးက အဆင်မပြေ ဘူး” ဟု ပြောသည်။
အင်တာနက်သုံးလို့ရမယ့်နေရာ ရှာဖွေသုံးနေသူ တစ်ဦးကိုတွေ့ရစဉ် (GETTY IMAGES)
အင်တာနက်ကို အမှီပြု အလုပ်လုပ်နေကြရသည့် ကုမ္ပဏီလုပ်ငန်းများနှင့် တခြားသော စီးပွားရေး လုပ်ငန်းများ အတွက် ယခုကဲ့သို့ အင်တာနက် ဝန်ဆောင်မှု ကောင်းမွန်မှုမရှိခြင်းကြောင့် လုပ်ငန်းများ လုပ်ကိုင်ရာတွင် အခက် အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။
ထို့နောက် အင်တာနက်လိုင်း ပြတ်တောက်ခြင်း၊ နှေးကွေးခြင်းများကြောင့် အလုပ်လုပ်ရာတွင် အဆင်မပြေဖြစ်ရ ကြောင်း၊ အင်တာနက် Wifi များ ပြတ်တောက်သည့်အခါမှာ အချိန်နှင့်တပြေးညီ လာရောက်ပြုပြင်ပေးခြင်းမရှိ၍ ကိုယ်ပိုင် မိုဘိုင်းဒေတာဖွင့် သုံးစွဲရသည့်အတွက် ကုန်ကျစရိတ်များ ပိုမိုများပြားလာသလို စိတ်အနှောင့်အယှက် များလည်း ဖြစ်ရကြောင်း ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူ ကိုချစ်မင်းထွန်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အင်တာနက်ဝန်ဆောင်မှုက ကျနော်ဆိုရင် အိမ်မှာ Myanmar Net တပ်ထားတာပေါ့နော်။ Myanmar Net တစ်ခါပျက်ပြီဆိုရင် ကျနော် သူတို့ကို လာပြင်ပေးဖို့ service လုပ်ပေးဖို့ သူတို့ကို ပြောတယ်ပေါ့။ ပြောတဲ့အချိန်မှာ ကျနော်ဆိုရင် ၅ ရက်လောက် ကြာသွားတယ်။ ဒါတောင်မရဘူး။ သူတို့ဆီမှာ အသိရှိတဲ့ လူတွေကနေတဆင့် ပြန်ပြီး မနည်းပြောမှာပဲ လာတာပေါ့နော်။ အဲဒါမျိုး ကြုံရတယ်။ အဲဒါက ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ဖြစ်သွားတာ။ ၅ ရက်လောက်ကြုံတယ်။ အဲဒီ ၅ ရက် အတောအတွင်းထဲမှာ ကျနော် မိုဘိုင်းဒေတာ ဖွင့်ပြီး သုံးရတာ။ အဲဒါက Myanmar Net တပ်ထားတဲ့ လစဉ်ကြေးထက်တောင် ပိုမိုများပြားတဲ့ ကုန်ကျငွေတွေ ဖြစ်သွားတာပေါ့။ ဘာလို့ဆို ကျနော် ည ၁၂ နာရီအထိ အလုပ်လုပ်ရတာ ရှိတယ်၊ အွန်လိုင်းကနေ အလုပ်လုပ်ရတာပေါ့နော်။ အဲဒါပြီးရင် ကျနော့်ရုံးမှာဆိုရင် ကျနော်က MBT နဲ့ True Net ကို တပ်ထားတာပေါ့နော်။ True Net ကတော့ သိပ်မပျက်ဘူး။ MBT ကတော့ တစ်လကို ၁၀ ခါလောက် ပျက်တယ်။ ပျက်လိုက်ရင် ဘာပဲ ပြန်ပြောလဲဆိုရင် စက်လေးကို အဖွင့် အပိတ် လုပ်ကြည့်ပါ ဒါပဲလာပြောတယ်၊ ကျန်တာ ဘာမှ မလုပ်ပေးဘူးပေါ့နော်။ အဲဒီအချိန်မှာ အမြဲတမ်းပျက် တော့ စိတ်ညစ်ရတယ်။ လုပ်ငန်းတွေလည်း ကြန့်ကြာတယ်။ အနှောင့်အယှက်တွေလည်း ဖြစ်တယ်” ဟု ပြော သည်။
အင်တာနက် ဖွင့်သုံးနေစဉ်
ထို့ကြောင့် မြန်မာနိုင်ငံတွင် ဝန်ဆောင်မှုပေးနေကြသည့် အင်တာနက် ကုမ္ပဏီများအနေဖြင့် တာဝန်ယူမှု တာဝန်ခံ မှု ရှိရန်လိုအပ်ကြောင်း၊ ကောင်းမွန်သည့် ဝန်ဆောင်မှု မရှိခြင်းကြောင့် လုပ်ငန်းများတွင် ထိခိုက်နစ်နာမှုများ ဖြစ်နေကြောင်း ကိုချစ်မင်းထွန်းက ဆက်ပြောသည်။
၎င်းက “အဓိကက ဝန်ဆောင်မှုကောင်းကောင်း ဖြစ်စေချင်တယ်။ ဈေးနှုန်းချိုသာလို့၊ ဈေးနှုန်းမချိုသာတာထက် သူတို့ဝန်ဆောင်မှု ကောင်းဖို့လိုတယ်။ ဈေးနှုန်းချိုပေးပါဆိုပြီးတော့လည်း ဘယ်သူမှ မတောင်းဆိုထားဘူး။ သူတို့ ဘာသာ သတ်မှတ်တဲ့ဈေးနှုန်းကို လူတွေကကြိုက်လို့ တပ်တာ။ ဝန်ဆောင်မှုကိုလည်း သူတို့ အကောင်းဆုံး လုပ်ပေးရမှာပေါ့။ ကျနော်တို့ဆီမှာ တာဝန်ယူမှု တာဝန်ခံမှု အားနည်းနေတယ်။ စားသုံးသူတွေဘက်က အရမ်း နစ်နာတဲ့ အရာတွေမှာကျတော့ သူတို့က ဘာမှ ပြန်မလုပ်ပေးဘူး။ အဲဒီလိုမျိုး ပျက်တဲ့ရက်တွေဆိုရင် သူတို့က သူတို့သတ်မှတ်ထားတဲ့ နှုန်းထားရဲ့ ပျက်ခထဲက ပြန်လည်း လျှော့ပေးတာ မဟုတ်ဘူး။ ကျနော်တို့က ပျက်တဲ့ အချိန်မှာ သူတို့ service ကောင်တာကို ကျနော်တို့ကို လာပြီးလုပ်ပေးဖို့ တင်တဲ့အခါမှာလည်း စိတ်ညစ်ရတယ်။ လာမလုပ်ပေးလို့လည်း စိတ်မောရတယ်။ ပြီးရင် ကုန်ကျငွေတွေကလည်း ပိုပြီးတက်တယ်ပေါ့နော်။ အဲဒီလိုမျိုး အခြေအနေတွေ ဖြစ်နေတယ်။ ဒါကြောင့် အင်တာနက်ဝိုင်ဖိုင်တွေကို မြန်မာပြည်မှာ သုံးရတာ အဆင်မပြေဘူး။ service ကောင်းကောင်းဖြစ်ဖို့ လိုတယ်။ မဟုတ်ရင် ကျနော်တို့ လုပ်ငန်းတွေကလည်း အရမ်းထိခိုက် နစ်နာတယ် ပေါ့နော်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် Myanmar Net ၊ 5 BB ၊ Hi internet၊ welink ၊ Unilink ၊ Myanmarlink ၊ Yangon Net ၊ Mahar Net ၊ True Net အစရှိသည့် ဖိုင်ဘာလိုင်းများနှင့် wifi များအပြင် MyTel၊ အော်ရီဒူး၊ တယ်လီနော၊ MPT အစရှိတဲ့ wifi အမျိုးမျိုး တပ်ဆင် သုံးစွဲနေကြသည်။
အင်တာနက်ကို လုပ်ငန်းများ ဆောင်ရွက်ခြင်းအတွက် အသုံးပြုသည့်အပြင် ဆေးဝါး၊ အစားအစာနှင့် အသုံး အဆောင်များကို မှာယူခြင်း၊ ငွေသွင်းငွေထုတ်ခြင်း၊ ဈေးရောင်းချခြင်းနှင့် ကုန်သွယ်ရေး လုပ်ငန်းများအတွက် လည်း အသုံးပြုကြသည်။
ထို့နောက် ကျောင်းသူ/ကျောင်းသားများသည်လည်း ပညာရေးနှင့်ပတ်သက်ပြီး အွန်လိုင်းမှတဆင့် လေ့လာသင်ယူ နေကြသည်။