- By CNI
- Category: နည်းပညာ
- Hits: 1484
CNI International News
တိုကျို၊ ဇန်နဝါရီ ၂၃
ဂျပန်နိုင်ငံ၏ လကမ္ဘာဆင်းသက်ရေးယာဉ်သည် ဇန်နဝါရီ ၂၀ ရက်က လကမ္ဘာပေါ်သို့ သမိုင်းဝင် ဆင်သက်နိုင်ခဲ့ ပြီးနောက် ယာဉ်၏ဓာတ်အားစနစ် ပြန်လည်ရရှိနိုင်ရန် မျှော်လင့်ထားကြောင်း ဂျပန်လေကြောင်းနှင့် အာကာသ လေ့လာရေး အေဂျင်စီ (JAXA) က ပြောကြားခဲ့ကြောင်း အယ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
လကမ္ဘာဆင်းသက်ရေးယာဉ်သည် လပေါ်သို့ ဆင်းသက်ခဲ့ပြီးနောက် ၃ နာရီအကြာတွင် ထိုယာဉ်၏ ဓာတ်အား စနစ်ကို အဝေးထိန်းစနစ်ဖြင့် ပိတ်ခဲ့ခြင်းဖြစ်ကြောင်း JAXA က ဇန်နဝါရီ ၂၂ ရက်တွင် ပြောကြားခဲ့သည်။
ယာဉ်၏ ဓာတ်အားစနစ်ကို အနားပေးရန် ထိုဓာတ်အားစနစ်ကို ပိတ်ခဲ့ခြင်းဖြစ်သည်။
လကမ္ဘာပေါ်ကို ဆင်းသက်နေစဉ်
အဆိုပါယာဉ်တွင် တပ်ဆင်ထားသည့် ဆိုလာပြားများသည် နေရောင်ခြည်စွမ်းအင်ကို ရရှိမည့်အချိန်၌ စက်ပြန်နိုး လာလိမ့်မည်ဟု မျှော်လင့်ရကြောင်း JAXA က ထုတ်ပြန်ခဲ့သည်။
Moon Sniper ဟု အမည်ပေးထားသည့် ထိုလကမ္ဘာ စူးစမ်းလေ့လာရေးယာဉ်သည် လေ့လာရေး လုပ်ငန်းစဉ်များ ကို ပြန်လည်လုပ်ဆောင်နိုင်ရန် ဓာတ်အားစနစ်အား ပြန်ပွင့်စေဖို့ လုပ်ဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ထား ကြောင်းလည်း အာဏာပိုင်များက ပြောကြားခဲ့သည်။
ထို့ပြင် Smart Lander for Investigating Moon (SLIM) ဟု အမည်ပေးထားသည့် စူးစမ်းလေ့လာရေး မစ်ရှင်ထံမှ အချက်အလက် အများအပြားကိုလည်း လက်ခံရရှိခဲ့ပြီးဖြစ်ကြောင်း JAXA က ပြောကြားခဲ့သည်။
လကမ္ဘာဆင်းသက်ရေးယာဉ်ကို တွေ့ရစဉ်
လကမ္ဘာပေါ်သို့ Moon Sniper လေ့လာရေးယာဉ် ဆင်းသက်နိုင်မှုကြောင့် ဂျပန်သည် လကမ္ဘာပေါ်သို့ ညင်သာစွာ ဆင်းသက်နိုင်ခဲ့သည့် ပဉ္စမမြောက်နိုင်ငံအဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။
မည်သို့ပင်ဆိုစေ ဇန်နဝါရီ ၂၀ ရက်က ညသန်းခေါင်ကို ကျော်လွန်ပြီး မိနစ် ၂၀ ခန့်အချိန်တွင် ဆင်းသက်ခဲ့ပြီး နောက် Moon Sniper လေ့လာရေးယာဉ်၏ ဆိုလာဘက်ထရီများသည် ဓာတ်အားထုတ်လုပ်ပေးနိုင်ခြင်း ရှိ/မရှိကို JAXA က အတည်မပြုနိုင်ခဲ့ပေ။
လက်ရှိတွင် ထိုလေ့လာရေးယာဉ်၏ ဆိုလာပြားများသည် အနောက်ဘက်သို့ မျက်နှာမူလျက်ရှိပြီး နေရောင်ခြည် နှင့် ထိတွေ့ချိန်တွင် စွမ်းအင်များ ပြန်လည်ရရှိခဲ့မည်ဆိုပါက ဓာတ်အားစနစ် ပြန်ပွင့်လာလိမ့်မည်ဟု မျှော်လင့် ထားကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
Source: အယ်လ်ဂျာဇီးယား

- By CNI
- Category: နည်းပညာ
- Hits: 1532
CNI International News
တဲလ်အဗစ်၊ ဒီဇင်ဘာ ၂၃
အစ္စရေးနှင့် ဟားမာ့စ်အကြား စစ်ပွဲဖြစ်ပွားနေသည့်တိုင် အစ္စရေး၏ နည်းပညာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ရန် အမေရိကန်စီးပွားရေး လုပ်ငန်းရှင်များက စိတ်ဝင်စားနေသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အမေရိကန်နိုင်ငံ၊ အော်ရီဂွန် (Oregon) ပြည်နယ်၊ ပို့စ်လန်း (Portland) မြို့မှ စွန့်ဦးတီထွင် လုပ်ငန်းရှင် တစ်ဦးဖြစ်သည့် ဂျော့ချ် ဂျူးရစ် (George Djuric) သည် စစ်ပွဲဖြစ်ပွားနေချိန်တွင် အစ္စရေးသို့သွားရောက်ခဲ့ပြီး အစ္စရေးနည်းပညာကဏ္ဍအတွက် ကူညီပေးမည်ဟု ကတိပြုခဲ့သည်။
အမေရိကန်ရှိ Y Ventures ကုမ္ပဏီတွင် နည်းပညာအရာရှိချုပ်ဖြစ်သည့် ဂျူးရစ်သည် ၁၉၉၀ ပြည့်နှစ် အလယ်ပိုင်း ကာလများက ဘော့စနီးယားစစ်ပွဲ ဖြစ်ပွားချိန်အတွင်း ဘော့စနီးယားမှ အမေရိကန်သို့ ဒုက္ခသည်အဖြစ် ရောက်ရှိ လာခဲ့ခြင်း ဖြစ်သည်။
အမေရိကန်သို့ ရောက်ရှိချိန်တွင် သူသည် အသက် ၃ နှစ်အရွယ်သာ ရှိသေးသည်။ ယခုသီတင်းပတ်အတွင်း အစ္စရေးသို့ သွားရောက်ခဲ့သည့် အမေရိကန်နည်းပညာ အလုပ်အမှုဆောင်များနှင့် ရင်းနှီးမြှုပ်နှံသူ ၇၀ ခန့်တွင် ဂျူးရစ်လည်း ပါဝင်ခဲ့သည်။
"အစ္စရေးနဲ့ စည်းလုံးညီညွတ်မှုရှိကြောင်း ပြသဖို့အတွက် ဒီကိုရောက်လာခဲ့တာ ဖြစ်ပါတယ်။ Silicon Valley ပြီးရင် ကမ္ဘာ့ဒုတိယ အကြီးဆုံးဖြစ်တဲ့ နည်းပညာရပ်ဝန်းဖြစ်တဲ့ အစ္စရေးရဲ့ နည်းပညာကဏ္ဍကို ကူညီပေးသွားမှာ ဖြစ်ပါ တယ်" ဟု ဂျူးရစ်က ပြောသည်။
ဟားမာ့စ်အဖွဲ့နှင့် ဖြစ်ပွားနေသည့် စစ်ပွဲကြောင့် အစ္စရေး၏ နည်းပညာကဏ္ဍတွင် ထိခိုက်မှုရှိနိုင်ကြောင်း ရင်းနှီးမြှုပ်နှံသူများနှင့် ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
နည်းပညာကဏ္ဍသည် အစ္စရေး၏ ပို့ကုန် စုစုပေါင်း၏ ထက်ဝက်ကျော်ရှိကာ နိုင်ငံစီးပွားရေး စုစုပေါင်း၏ ငါးပုံ တစ်ပုံနီးပါး ရှိသည်။
စစ်ပွဲဖြစ်ပွားချိန်တွင် နည်းပညာရပ်ဝန်း၌ လုပ်ကိုင်နေသည့် ဝန်ထမ်းများထဲမှ ၁၅ ရာခိုင်နှုန်းသည် စစ်မှုထမ်းခဲ့ ဖူးသူများ ဖြစ်ကြသည်။
ထိုအခြေအနေများ ရှိနေသည့်တိုင် အမေရိကန် ရင်းနှီးမြှုပ်နှံသူများက အစ္စရေး၏ နည်းပညာကဏ္ဍအပေါ် စိတ်ဝင်စားနေကြဆဲ ဖြစ်သည်။
"အစ္စရေးရဲ့ စီးပွားရေး ပြန်လည် နာလန်ထူမှုဟာ ၃ လ၊ ၆ လ၊ ၉ လ ဒါမှမဟုတ် ၁၂ လလည်း ကြာရင်ကြာမြင့် နိုင်ပါတယ်။ ဒါပေမယ့် ဒါက ကျနော်တို့အတွက် ပြဿနာမဟုတ်ပါဘူး။ ကျနော်တို့ဟာ အစ္စရေးအပေါ် အရင်ကတည်းက ယုံကြည်မှုရှိပြီးသားပါ" ဟု အမေရိကန် ရင်းနှီးမြှုပ်နှံသူတစ်ဦးက ပြောကြားခဲ့သည်။
Source: အေပီ

- By cni
- Category: နည်းပညာ
- Hits: 1905
CNI International News
၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၂
ယခင်က Twitter ဟု လူသိများခဲ့သည့် X လူမှုမီဒီယာ အသုံးပြုသူများအနက် Bluemark ရရှိထားသည့် အသုံးပြု သူများသည် ယခုအခါတွင် မိမိတို့၏ selfie ဓာတ်ပုံအပြင် အစိုးရက ထုတ်ပေးထားသည့် မှတ်ပုံတင်ဓာတ်ပုံကို တင်သွင်းရန် လိုအပ်လာလိမ့်မည်ဟု PC မဂ္ဂဇင်း၏ သတင်းတွင် ဖော်ပြခဲ့သည်။
အသုံးပြုသူများ၏ ကိုယ်ရေး အချက်အလက်များကို အစ္စရေးကုမ္ပဏီဖြစ်သည့် AU10TIX software ကုမ္ပဏီက စိစစ်အတည်ပြုမည်ဖြစ်ပြီး ထိုအချက်အလက်များအား ရက်ပေါင်း ၃၀ ကြာ သိမ်းဆည်းထားမည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
AU10TIX software ကို တွေ့ရစဉ်
ဘေးကင်းလုံခြုံရေးနှင့် အကောင့်တုများကို တားဆီးရန် အချက်အလက်များအား စုဆောင်းပြီး အသုံးပြုသူများ၏ ကိုယ်ရေး အချက်အလက်များကို စိစစ်အတည်ပြုသွားမည်ဟု X ကုမ္ပဏီက ပြောကြားခဲ့သည်။
X အသုံးပြုသူ အများစုကမူ ၎င်းတို့၏ အချက်အလက်များကို သိမ်းဆည်းထားမည့် ကုမ္ပဏီ၏ အစီအစဉ်ကို ကျေနပ်မှုမရှိဘဲ X ကုမ္ပဏီဝန်ထမ်းများနှင့် အစ္စရေး ထောက်လှမ်းရေးအဖွဲ့အကြား ဆက်နွှယ်မှုများကို ထောက်ပြ ခဲ့ကြသည်။
ထို့ပြင် အတိတ်ကာလက ကိုယ်ရေး အချက်အလက်များ ချိုးဖောက်ခံခဲ့ရသည့် ဖြစ်စဉ်များနှင့်ပတ်သက်ပြီး X ၏ ဆုံးဖြတ်ချက်ကို သဘောမတူကြောင်း အသုံးပြုသူများက ဖော်ပြခဲ့ကြသည်။
လူမှုကွန်ရက်ကနေ လုံခြုံရေးစိုးရိမ်မှု ရှေ့နေက တင်ပြနေစဉ်
AU10TIX ကုမ္ပဏီသည် ၁၉၈၀ ပြည့်နှစ်နှင့် ၁၉၉၀ ပြည့်နှစ်များအတွင်း လေဆိပ်များနှင့် နယ်စပ်ဂိတ်များတွင် လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ချင်းစီအား အချက်အလက်များနှင့် ကိုက်ညီမှု ရှိ/မရှိ စိစစ်အတည်ပြုသည့် စနစ်များ ကို ဖန်တီးရာတွင် အကူအညီပေးခဲ့သည်။
ထိုကုမ္ပဏီသည် နောက်ပိုင်းတွင် လုပ်ငန်းချဲ့ထွင်လာခဲ့ပြီးနောက် ၂၀၀၂ ခုနှစ်တွင် ဒစ်ဂျစ်တယ် နယ်ပယ်သို့ ဝင်ရောက်လာခဲ့ကာ Uber ၊ PayPal နှင့် Google ကဲ့သို့ နာမည်ကြီး နည်းပညာကုမ္ပဏီများနှင့် လက်တွဲ လုပ်ဆောင်ခဲ့သည်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလက Twitter ကို ဝယ်ယူခဲ့သည့် အီလွန် မာ့စ် (Elon Musk) ကမူ မှတ်ပုံတင် စိစစ် အတည်ပြုသည့် စနစ်ကို ယခင်ကတည်းက လုပ်ဆောင်ခဲ့ပြီး မကြာမီအချိန်အတွင်း လူသိရှင်ကြား ချပြမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: နည်းပညာ
- Hits: 2210
CNI News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၄
ရန်ကုန်မြို့ အပါအဝင် မြန်မာပြည်တွင်း မြို့များနှင့် နယ်များတွင် တပ်ဆင်ထားသည့် အင်တာနက် ဖိုင်ဘာ ကေဘယ်လိုင်းများ မကြာခဏ ပြတ်တောက်ခြင်း၊ မိုဘိုင်းအင်တာနက်ဒေတာ သုံးစွဲခများ ယခင်ကထက် ဈေးနှုန်းကြီးမြင့်ခြင်းနှင့် အင်တာနက်လိုင်း နှေးကွေးမှုများကို ရင်ဆိုင်နေရသည်။
အင်တာနက်ဖိုင်ဘာ ကေဘယ်လိုင်းများ ပြတ်တောက်ချိန်နှင့် အင်တာနက်လိုင်း နှေးကွေးမှုများကြောင့် လုပ်ငန်း များ ဆောင်ရွက်ရာတွင် အဆင်မပြေမှုများ ရှိနေပြီး သက်ဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများသို့ အကြောင်းကြားရာ တွင် လက်ခံဖြေကြားပေးခြင်း မရှိခြင်းနှင့် မိုဘိုင်းဖုန်းများကို ပိတ်ထားမှုများနှင့်သာ ကြုံတွေ့ရသည်ဟု ရန်ကုန် မြို့၊ ကမာရွတ်မြို့နယ်တွင် နေထိုင်သည့် ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်သူ ကိုသိုက်က CNI သတင်းဌာနသို့ ပြော သည်။
၎င်းက “အစ်ကိုတို့ဆို MBT တပ်ထားတယ်။ MBT တပ်ထားတဲ့အခါကျ ၂ ရက် ၃ ရက်လောက် သူတို့ပျက်သွားတဲ့ အခါ မြဝတီက Main cable ကြိုး ပျက်သွားလို့ဆိုပြီး သူတို့က အဲဒီလိုမျိုး ဖြတ်တောက်လိုက်တာပေါ့။ ရက်အစား ပြန်ပေးတာ တော်တော်ရှားတယ် မရှိဘူး။ သူတို့ကို ဖုန်းဆက်တဲ့အခါကျရင်လည်း အော်ပရေတာတွေက မကိုင် တာများတယ်။ အစ်ကိုတို့ဆို သူဋ္ဌေးတွေကို အီးမေးလ်ပို့ရတယ်။ အဲဒီလိုမျိုးပေါ့ ပို့ရတဲ့အခါကျတော့ ဒီဝိုင်ဖိုင်လိုင်း မရှိတော့တဲ့အခါကျရင် အဆင်မပြေဘူး။ အဆင်မပြေမှုက တော်တော်များတယ်ပေါ့။ အရှင်းဆုံးပြောရရင်တော့ သူတို့တွေက ပိုက်ဆံယူထားတဲ့အတွက် တစ်လကို အစ်ကိုတို့ဆီက သူတို့ ၂ သောင်းခွဲ ကောက်တယ်။ အဲဒီ ၂ သောင်းခွဲနဲ့တန်တဲ့ ညီမျှတဲ့ service ပေးမှုတော့ ရှိသင့်တယ်ထင်တယ်။ ဖုန်းဆက်လိုက်တဲ့အခါကိုင်၊ ဘယ်နေရာ မှာ ဘယ်ကြိုးပြတ်တယ်။ ဘယ်နေရာ ဘာဖြစ်တယ်။ သူတို့က အခု တစ်ခုခု ကြိုးပြတ်တာတို့၊ တစ်ခုခု အဆင် မပြေ ဖြစ်တာဆို သူတို့ကို ဖုန်းဆက်ရင် မကိုင်တော့ဘူး။ ဖုန်းကို ပိတ်ထားတာဆိုတော့ အဲဒါကြီးက အဆင်မပြေ ဘူး” ဟု ပြောသည်။
အင်တာနက်သုံးလို့ရမယ့်နေရာ ရှာဖွေသုံးနေသူ တစ်ဦးကိုတွေ့ရစဉ် (GETTY IMAGES)
အင်တာနက်ကို အမှီပြု အလုပ်လုပ်နေကြရသည့် ကုမ္ပဏီလုပ်ငန်းများနှင့် တခြားသော စီးပွားရေး လုပ်ငန်းများ အတွက် ယခုကဲ့သို့ အင်တာနက် ဝန်ဆောင်မှု ကောင်းမွန်မှုမရှိခြင်းကြောင့် လုပ်ငန်းများ လုပ်ကိုင်ရာတွင် အခက် အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။
ထို့နောက် အင်တာနက်လိုင်း ပြတ်တောက်ခြင်း၊ နှေးကွေးခြင်းများကြောင့် အလုပ်လုပ်ရာတွင် အဆင်မပြေဖြစ်ရ ကြောင်း၊ အင်တာနက် Wifi များ ပြတ်တောက်သည့်အခါမှာ အချိန်နှင့်တပြေးညီ လာရောက်ပြုပြင်ပေးခြင်းမရှိ၍ ကိုယ်ပိုင် မိုဘိုင်းဒေတာဖွင့် သုံးစွဲရသည့်အတွက် ကုန်ကျစရိတ်များ ပိုမိုများပြားလာသလို စိတ်အနှောင့်အယှက် များလည်း ဖြစ်ရကြောင်း ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူ ကိုချစ်မင်းထွန်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အင်တာနက်ဝန်ဆောင်မှုက ကျနော်ဆိုရင် အိမ်မှာ Myanmar Net တပ်ထားတာပေါ့နော်။ Myanmar Net တစ်ခါပျက်ပြီဆိုရင် ကျနော် သူတို့ကို လာပြင်ပေးဖို့ service လုပ်ပေးဖို့ သူတို့ကို ပြောတယ်ပေါ့။ ပြောတဲ့အချိန်မှာ ကျနော်ဆိုရင် ၅ ရက်လောက် ကြာသွားတယ်။ ဒါတောင်မရဘူး။ သူတို့ဆီမှာ အသိရှိတဲ့ လူတွေကနေတဆင့် ပြန်ပြီး မနည်းပြောမှာပဲ လာတာပေါ့နော်။ အဲဒါမျိုး ကြုံရတယ်။ အဲဒါက ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ဖြစ်သွားတာ။ ၅ ရက်လောက်ကြုံတယ်။ အဲဒီ ၅ ရက် အတောအတွင်းထဲမှာ ကျနော် မိုဘိုင်းဒေတာ ဖွင့်ပြီး သုံးရတာ။ အဲဒါက Myanmar Net တပ်ထားတဲ့ လစဉ်ကြေးထက်တောင် ပိုမိုများပြားတဲ့ ကုန်ကျငွေတွေ ဖြစ်သွားတာပေါ့။ ဘာလို့ဆို ကျနော် ည ၁၂ နာရီအထိ အလုပ်လုပ်ရတာ ရှိတယ်၊ အွန်လိုင်းကနေ အလုပ်လုပ်ရတာပေါ့နော်။ အဲဒါပြီးရင် ကျနော့်ရုံးမှာဆိုရင် ကျနော်က MBT နဲ့ True Net ကို တပ်ထားတာပေါ့နော်။ True Net ကတော့ သိပ်မပျက်ဘူး။ MBT ကတော့ တစ်လကို ၁၀ ခါလောက် ပျက်တယ်။ ပျက်လိုက်ရင် ဘာပဲ ပြန်ပြောလဲဆိုရင် စက်လေးကို အဖွင့် အပိတ် လုပ်ကြည့်ပါ ဒါပဲလာပြောတယ်၊ ကျန်တာ ဘာမှ မလုပ်ပေးဘူးပေါ့နော်။ အဲဒီအချိန်မှာ အမြဲတမ်းပျက် တော့ စိတ်ညစ်ရတယ်။ လုပ်ငန်းတွေလည်း ကြန့်ကြာတယ်။ အနှောင့်အယှက်တွေလည်း ဖြစ်တယ်” ဟု ပြော သည်။
အင်တာနက် ဖွင့်သုံးနေစဉ်
ထို့ကြောင့် မြန်မာနိုင်ငံတွင် ဝန်ဆောင်မှုပေးနေကြသည့် အင်တာနက် ကုမ္ပဏီများအနေဖြင့် တာဝန်ယူမှု တာဝန်ခံ မှု ရှိရန်လိုအပ်ကြောင်း၊ ကောင်းမွန်သည့် ဝန်ဆောင်မှု မရှိခြင်းကြောင့် လုပ်ငန်းများတွင် ထိခိုက်နစ်နာမှုများ ဖြစ်နေကြောင်း ကိုချစ်မင်းထွန်းက ဆက်ပြောသည်။
၎င်းက “အဓိကက ဝန်ဆောင်မှုကောင်းကောင်း ဖြစ်စေချင်တယ်။ ဈေးနှုန်းချိုသာလို့၊ ဈေးနှုန်းမချိုသာတာထက် သူတို့ဝန်ဆောင်မှု ကောင်းဖို့လိုတယ်။ ဈေးနှုန်းချိုပေးပါဆိုပြီးတော့လည်း ဘယ်သူမှ မတောင်းဆိုထားဘူး။ သူတို့ ဘာသာ သတ်မှတ်တဲ့ဈေးနှုန်းကို လူတွေကကြိုက်လို့ တပ်တာ။ ဝန်ဆောင်မှုကိုလည်း သူတို့ အကောင်းဆုံး လုပ်ပေးရမှာပေါ့။ ကျနော်တို့ဆီမှာ တာဝန်ယူမှု တာဝန်ခံမှု အားနည်းနေတယ်။ စားသုံးသူတွေဘက်က အရမ်း နစ်နာတဲ့ အရာတွေမှာကျတော့ သူတို့က ဘာမှ ပြန်မလုပ်ပေးဘူး။ အဲဒီလိုမျိုး ပျက်တဲ့ရက်တွေဆိုရင် သူတို့က သူတို့သတ်မှတ်ထားတဲ့ နှုန်းထားရဲ့ ပျက်ခထဲက ပြန်လည်း လျှော့ပေးတာ မဟုတ်ဘူး။ ကျနော်တို့က ပျက်တဲ့ အချိန်မှာ သူတို့ service ကောင်တာကို ကျနော်တို့ကို လာပြီးလုပ်ပေးဖို့ တင်တဲ့အခါမှာလည်း စိတ်ညစ်ရတယ်။ လာမလုပ်ပေးလို့လည်း စိတ်မောရတယ်။ ပြီးရင် ကုန်ကျငွေတွေကလည်း ပိုပြီးတက်တယ်ပေါ့နော်။ အဲဒီလိုမျိုး အခြေအနေတွေ ဖြစ်နေတယ်။ ဒါကြောင့် အင်တာနက်ဝိုင်ဖိုင်တွေကို မြန်မာပြည်မှာ သုံးရတာ အဆင်မပြေဘူး။ service ကောင်းကောင်းဖြစ်ဖို့ လိုတယ်။ မဟုတ်ရင် ကျနော်တို့ လုပ်ငန်းတွေကလည်း အရမ်းထိခိုက် နစ်နာတယ် ပေါ့နော်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် Myanmar Net ၊ 5 BB ၊ Hi internet၊ welink ၊ Unilink ၊ Myanmarlink ၊ Yangon Net ၊ Mahar Net ၊ True Net အစရှိသည့် ဖိုင်ဘာလိုင်းများနှင့် wifi များအပြင် MyTel၊ အော်ရီဒူး၊ တယ်လီနော၊ MPT အစရှိတဲ့ wifi အမျိုးမျိုး တပ်ဆင် သုံးစွဲနေကြသည်။
အင်တာနက်ကို လုပ်ငန်းများ ဆောင်ရွက်ခြင်းအတွက် အသုံးပြုသည့်အပြင် ဆေးဝါး၊ အစားအစာနှင့် အသုံး အဆောင်များကို မှာယူခြင်း၊ ငွေသွင်းငွေထုတ်ခြင်း၊ ဈေးရောင်းချခြင်းနှင့် ကုန်သွယ်ရေး လုပ်ငန်းများအတွက် လည်း အသုံးပြုကြသည်။
ထို့နောက် ကျောင်းသူ/ကျောင်းသားများသည်လည်း ပညာရေးနှင့်ပတ်သက်ပြီး အွန်လိုင်းမှတဆင့် လေ့လာသင်ယူ နေကြသည်။
- By CNI
- Category: နည်းပညာ
- Hits: 2955
CNI International News
ဆစ်ဒနီ၊ဖေဖော်ဝါရီ ၂
သီတင်းပတ် တစ်ပတ်နီးပါးကြာ ရှာဖွေခဲ့ပြီးနောက် သြစတြေးလျ အာဏာပိုင်များသည် အကြွေစေ့ထက် သေး သော ရေဒီယိုသတ္တိကြွ အတောင့်တစ်ခုကို ရှာတွေ့ခဲ့ပြီဟု CNA သတင်းတွင် ဖော်ပြထားသည်။
ကျယ်ပြန့်သော ကုန်းခေါင်ခေါင် ဒေသတွင် ရှာဖွေမှုကို လူ ၁၀၀ နီးပါး အသုံးပြုပြီး အဝေးပြေးလမ်း ၁၄၀၀ ကီလိုမီတာ တလျှောက် ရှာဖွေခဲ့ရခြင်းဟု အနောက်သြစတြေးလျ ပြည်နယ်(Western Australia) မှ အရာရှိ များက ပြောသည်။
Caesium-137 အတောင့်သည် လက်လွဲသယ်ယူနေစဉ် တစ်နာရီ ၇၀ ကီလိုမီတာဖြင့် သွားနေသော ယာဉ်ပေါ်မှ လွန်ခဲ့သော နှစ်ပတ်က ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းကို ရောင်ခြည်ထွက်မှုကို ရှာဖွေသည့် အထူး ကိရိယာများ အသုံးပြုကာ ရှာဖွေခဲ့ရသည်။
ထိုပစ္စည်းကို လူနေဧရိယာများနှင့် ဝေးလံသီခေါင်သည့် ဧရိယာတစ်ခုရှိ လမ်းဘေး နှစ်မီတာတွင် ရှာတွေ့ခဲ့သည်။
ပျောက်ဆုံးခဲ့သော ရေဒီယိုသတ္တိကြွပစ္စည်းသည် ဝေးလံသော ကင်ဘာလေ (Kimberley) ဒေသရှိ ရီယိုတီနို Rio Tinto ကုမ္ပဏီ၏ ဂွီဒိုင်-ဒါရီ (Gudai- Darri) သတ္တုမိုင်းမှ သံရိုင်းကြောများ၏ သိပ်သည်းဆကို တိုင်းတာရန် သုံး သော တိုင်းတာရေး ပစ္စည်းတစ်ခု၏ အစိတ်အပိုင်း ဖြစ်သည်။
ရေဒီယိုသတ္တိကြွပစ္စည်းကို ရှာဖွေနေကြစဉ်(Reuters)
ထိုကိရိယာကို ပြည်နယ်၏ မြို့တော် ပတ်သ် (Perth)မြို့ ဆင်ခြေဖုံးရှိ စက်ရုံတစ်ခုသို့ သယ်ဆောင်လာခြင်း ဖြစ်သည်။
ပြည်နယ်အစိုးရဘက်မှသာ တောင်းခံလာမည်ဆိုလျှင် ရှာဖွေမှုအတွက် ကုန်ကျစရိတ်များကို ကုမ္ပဏီဘက်မှ ပေးရန် ဆန္ဒရှိသည်ဟု ရီယိုတီနို ကုမ္ပဏီက ပြောသည်။
ရေဒီယိုသတ္တိကြွပစ္စည်း ပျောက်ဆုံးမှုကြောင့် စိုးရိမ်မှုများ ဖြစ်ရခြင်းအတွက် တောင်းပန်ကြောင်းလည်း ကုမ္ပဏီ က ထုတ်ပြန်သည်။
ဓာတ်ရောင်ခြည် လောင်မှု သို့မဟုတ် ရောင်ခြည်ကြောင့်ဖြစ်သည့် အဖျားဝေဒနာများ ရှိနိုင်သောကြောင့် အဆိုပါ အတောင့်ကို တွေ့ရှိလျှင် ယင်းနှင့် ငါးမီတာ အကွာတွင်နေရန် တာဝန်ရှိသူများက ထုတ်ပြန်ခဲ့ရသည်။
သို့သော် ယာဉ်ဖြင့် ဖြတ်သန်းမိခဲ့လျှင် ဓာတ်ရောင်ခြည်သင့်မှုမှာ ဓာတ်မှန်ရိုက်ခြင်းတွင် ကြုံတွေ့ရသလောက်ပင် နည်းပါးသည်ဟု ယူဆရသည်။ တွေ့ရှိခဲ့သော ရေဒီယိုသတ္တိကြွပစ္စည်း၏ အမှတ်စဉ်ကို တာဝန်ရှိသူများက စစ်ဆေး နေစဉ် ယင်းကိုတွေ့ရှိရာ မီတာ ၂၀ ပတ်လည်ကို ပိတ်ထားသည်။
ထိုပစ္စည်းကို ခဲဗူးတစ်ခုအတွင်း ထည့်သွင်းကာ ပြည်နယ်တွင်းရှိ သတ္တုမိုင်းတစ်ခုတွင် တစ်ညထားပြီး ကြာသပတေးနေ့တွင် မြို့တော်ဆီ သယ်ဆောင်သွားရန် စီစဉ်ထားသည်။
ငွေဖြင့် ပြုလုပ်ထားသော ရေဒီယိုသတ္တုကြွ အတောင့်သည် ခြောက်မီလီမီတာ အချင်းရှိပြီး ရှစ်မီလီမီတာ ရှည်ကာ တစ်နာရီအတွင်း ဓာတ်မှန်ရိုက်မှု ၁၀ ကြိမ်နှင့်ညီမျှသော ဓာတ်ရောင်ခြည်ကို ထုတ်လွှင့်နိုင်သည်။
ထိုပစ္စည်းကို သယ်ဆောင်စဉ် ကားပေါ်မှ ရုတ်တရက် ပြုတ်ကျသွားခဲ့သည်ဟု အာဏာပိုင်များက ယူဆထားသည်။
ထို့ကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှု တစ်စုံတစ်ရာ မရှိနိုင်ဟုလည်း ပြောသည်။
Source: CNA
- By CNI
- Category: နည်းပညာ
- Hits: 2663
CNI International News
ပိုခါရာ၊ ဇန်နဝါရီ ၁၆
နီပေါနိုင်ငံတွင် တနင်္ဂနွေနေ့၌ လေယာဉ်ပျက်ကျမှုတစ်ခု ဖြစ်ပွားခဲ့ကာ ၆၈ ဦး သေဆုံးပြီး ၄ ဦး ပျောက်ဆုံးနေဆဲ ဖြစ်သည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။
အပန်းဖြေမြို့ဖြစ်သော ပိုခါရာမြို့တွင် အသစ်ဖွင့်လှစ်ထားသော လေဆိပ်သို့ ဆင်းသက်စဉ် ပျက်ကျခဲ့ခြင်းဖြစ်ပြီး လေယာဉ်ပေါ်တွင်လူ ၇၄ ဦး ပါဝင်ကြောင်း၊ လေယာဉ်သည် ချောက်ထဲသို့ ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း နီပေါအရပ် ဘက် လေကြောင်း ထိန်းချုပ်ရေးက ပြောသည်။
ယင်းသည် ဆယ်စုနှစ်သုံးခုအတွင်း နီပေါတွင် လူသေဆုံးမှု အများဆုံး လေယာဉ်ပျက်ကျမှု ဖြစ်ရပ်လည်း ဖြစ်သည်။
လေယာဉ်ပျက်ကျမှုမှ သေဆုံးသူများအား ရှာဖွေနေမှုကို တနင်္ဂနွေနေ့ မှောင်ချိန်တွင် ရပ်နားလိုက်ပြီး တနင်္လာနေ့ တွင် ဆက်လက် ရှာဖွေသွားမည်ဟု တာဝန်ရှိသူများက ပြောသည်။
နီပေါလေယာဉ်ပျက်ကျမှု အလောင်းများ သယ်ထုတ်နေစဉ်(AP)
အခင်းဖြစ်ရာတွင် မီးလောင်နေဆဲ ဖြစ်ပြီး မီးခိုးများ ထွက်ပေါ်နေမှုကြောင့် ရှာဖွေရေး လုပ်ငန်းများတွင် အခက်အခဲ များ ရှိနေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။ လက်ရှိအချိန်အထိ လေယာဉ်ပျက်ကျရသည့် အကြောင်းအရင်း ကို မသိရသေးပေ။
စတင် ဆင်းသက်ချိန်တွင် လေယာဉ်သည် အထိန်းအချုပ်မဲ့နေခဲ့ကာ နောက်ဆုံးတွင် ချောက်တွင်းသို့ ပျက်ကျသွား ခဲ့သည်ဟု မျက်မြင် တွေ့ခဲ့သူတစ်ဦးက ပြောသည်။ လေယာဉ်ပျက်ကျမှု မဖြစ်ပွားခင် မနက် ၁၀ နာရီ ၅၀ မိနစ် တွင် ဆီတီဂျော့ (Seti Gorge) အနီးမှာ နောက်ဆုံး အဆက်အသွယ် ရရှိခဲ့သည်ဟု လေကြောင်း အာဏာပိုင်များက ပြောသည်။
ပျက်ကျခဲ့သော လေယာဉ်သည် အင်ဂျင်နှစ်လုံးတပ် ATR-72 အမျိုးအစားဖြစ်ကာ ထိုလေယာဉ်ကို ကိုနီပေါ၏ ယေတီ (Yeti) လေကြောင်းလိုင်းမှ တာဝန်ယူ ဆောင်ရွက်နေခြင်း ဖြစ်သည်။
ပျက်ကျသည့် လေယာဉ်ပေါ်ပါလာသော ခရီးသည်တစ်ဦး ငိုကြွေးနေစဉ်(AP)
လေယာဉ်သည် မြို့တော်ခေတ္တမန္ဒူ (Kathmandu) မှ ပိုခါရာသို့ ၂၇ မိနစ်ကြာ ခရီးစဉ်ကို ပျံသန်းနေစဉ်အတွင်း ပျက်ကျခဲ့ခြင်းဖြစ်ကာ လေယာဉ်ပေါ်တွင် နိုင်ငံခြားသား ၁၅ ဦး အပါအဝင် ခရီးသည် ၆၈ ဦးနှင့် အမှုထမ်း ၄ ဦး ပါဝင်သည်ဟု အရပ်ဘက် လေကြောင်းအာဏာပိုင်အဖွဲ့က ထုတ်ပြန်သည်။
နိုင်ငံခြားသားများတွင် အိန္ဒိယ ၅ ဦး၊ ရုရှား ၄ ဦး၊ တောင်ကိုရီးယား ၂ ဦးနှင့် အိုင်ယာလန်၊ သြစတြေးလျ၊ အာဂျင် တီးနားနှင့် ပြင်သစ်တို့မှ ပါဝင်ကာ လက်ရှိအချိန်အထိ အသက်ရှင် ကျန်ရစ်သူတစ်ဦးကိုမှ ရှာမတွေ့သေးပေ။
အပျက်အစီးများ အောက်ခြေတွင် အလောင်းများ ရှိနေနိုင်သည်ဟု အာဏာပိုင်များက ယူဆထားကာ မီးခိုးများ ထွက်နေသော လေယာဉ်အပိုင်းအစများနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေသော နီပေါကယ်ဆယ်ရေး သမားများ၊ စစ်သားများကိုလည်း လူမှုကွန်ယက်ပေါ်တွင် ထွက်ပေါ်လာသည့် ဗွီဒီယိုများတွင် တွေ့မြင်ရသည်။
Source: AP

- By CNI
- Category: နည်းပညာ
- Hits: 2414
CNI International News
ဘန်ကောက်၊ဇန်နဝါရီ ၁၃
လူမှုကွန်ယက် အကောင့်များကို ဟက်မှုဖြင့် စင်္ကာပူနိုင်ငံမှ ထွက်ပြေးလာသော စင်္ကာပူနိုင်ငံသား ဟက်ကာတစ်ဦး ကို ဘန်ကောက်မြို့တွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးလိုက်သည်ဟု ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထား သည်။
အသက် ၃၂ နှစ်အရွယ် အွန်ဂျန်ချန်န်(Ong Jian Zhen) ဆိုသူကို ထိုင်းရဲတပ်ဖွဲ့က ကြာသပတေးနေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ဟွေကွမ်(Huai Kawang) ခရိုင်တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
၎င်းနှင့်အတူ အသက် ၂၈ နှစ်အရွယ် ထိုင်းအမျိုးသမီး အနန်ယာလတ် ချူယန်ဂျိုင်း (Ananyalak Chuenjai) ဆို သူကိုလည်း ၎င်းတို့ တိုက်ခန်းအတွင်း ခရစ္စတယ်မက်သာဖက်တမင်း တစ်ထုပ်၊ ကတ်တမင်း နှစ်ထုပ်နှင့် Erimin 5 ဟုခေါ်သော မူးယစ်ဆေးတစ်ထုပ်တို့ တွေ့ရှိခဲ့ခြင်းကြောင့် ဖမ်းဆီးခဲ့သည်။
ထို့နောက် အီလက်ထရွမ်းနစ် ချိန်စက်တစ်ခုနှင့် ဘဏ်အကောင့် နှစ်ခုတို့ကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။
အွန်ဂျန်ချန်သည် ပတ်စပို့စ် အတု အသုံးပြုခြင်းကြောင့် ထိုင်းတရားရုံးတစ်ခုက ဝရမ်းထုတ် ခံထားရသူ တစ်ဦး ဖြစ်သည်ဟု ထိုင်းရဲအရာရှိ ဖာဒွန်ချန်ဒွန်း (Phadol Chandorn)က ပြောသည်။
စင်္ကာပူဟက်ကာကို ဖမ်းဆီးရာမှာ မူးယစ်ဆေးများလည်းတွေ့ရစဉ်(GETTY IMAGES)
အွန်ဂျန်ချန်သည် အွန်လိုင်းမှ ပစ္စည်းများကို ဝယ်ယူရန် တခြားသူများ၏ အကောင့်များအား ဟက်ခဲ့သူဖြစ်သည်။ ၎င်းကြောင့် လူများစွာ ထိခိုက်နစ်နာခဲ့သဖြင့် စင်္ကာပူရဲတပ်ဖွဲ့မှ ချန်(အွန်ဂျန်ချန်)ကို ဖမ်းဆီးပေးရန် ထိုင်းဘက်သို့ ဆက်သွယ်ခဲ့သည်ဟု ဖာဒွန်က ပြောသည်။
အောက်တိုဘာ ၂၆ ရက်တွင် စင်္ကာပူနိုင်ငံသားတစ်ဦးကို ပတ်စပို့စ် အတူဖြင့် နိုင်ငံတွင်း ဝင်ရောက်ခဲ့မှုအတွက် လူဝင်မှုရဲက ဖမ်းဆီးခဲ့ကြောင်း၊ သို့သော် ၎င်းကို အာမခံဖြင့် ယာယီလွှတ်ပေးခဲ့စဉ် ထွက်ပြေးသွားခဲ့ကြောင်း ဖာဒွန်က ပြောသည်။
ထို့ကြောင့် ထိုင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ခဲ့ရာ ၎င်းပုန်းခိုရာ နေရာကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
၎င်းကို ခြေရာခံ၍ ထိုင်းအမျိုးသမီးနှင့်အတူ အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။ ထုတ်ပြန်ထားသော ဝရမ်းအရ အွန်ဂျန်ချန် အား ကနဦး ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ကို တရားမဝင် မူးယစ်ဆေးဝါး လက်ဝယ် ပိုင်ဆိုင်မှုဖြင့် တရားစွဲဆိုထားကာ တခြားသော ဥပဒေရေးရာများ ဆောင်ရွက်ရန် ဆွတ်သီဆန်ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးခဲ့သည်ဟု သိရသည်။
Source: ဘန်ကောက်ပို့စ်

- By CNI News
- Category: နည်းပညာ
- Hits: 2865
CNI News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၉
ရန်ကုန်မြို့၌ Nuclear Technology Information Center တည်ထောင်ဖွင့်လှစ်ရန် ရုရှားနိုင်ငံပိုင် အဏုမြူစွမ်း အင် ကော်ပိုရေးရှင်း (ROSATOM)နှင့် မြန်မာနိုင်ငံ၏ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြသည်။
နစက၏ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်က ရုရှားနိုင်ငံ၊ Sanit Petersburg ရှိ Nuclear Technology Information Center သို့ သွားရောက် လေ့လာပြီးနောက် အထက်ပါအတိုင်း သဘောတူ လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။
သို့သော် မည်သည့် အချိန်ကာလတွင် တည်ထောင်ဖွင့်လှစ်သွားမည်ဆိုသော အခြေအနေကိုတော့ နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြမထားပေ။