CNI International News

ဝါရှင်တန်၊ ဧပြီ ၉

ဂျပန်ဝန်ကြီးချုပ်၊ ဖူမီယို ကီရှီဒါ (Fumio Kishida) နှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) တို့သည် ယခုသီတင်းပတ်ကုန်တွင် အစည်းအဝေးလုပ်၍ ကာကွယ်ရေးကဏ္ဍကိုသာမက နည်းပညာပူးပေါင်း ဆောင်ရွက် ရေးကိုပါ ဦးစားပေး ဆွေးနွေးကြမည်ဟု Japan Times မှ ဖော်ပြခဲ့သည်။

ခေါင်းဆောင်နှစ်ဦးသည် တရုတ်ကို အာရုံစိုက်ပြီး နှစ်နိုင်ငံအကြား တစ်ပိုင်းလျှပ်ကူးပစ္စည်း (semiconductor) များနှင့် AI နည်းပညာ အပါအဝင် ခေတ်မီနည်းပညာများနှင့်ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ကြေညာဖွယ်ရှိနေသည်။

ကီရှီဒါသည် ဧပြီ ၁၀ ရက်တွင် အမေရိကန်နိုင်ငံ၊ ဝါရှင်တန် (Washington) မြို့တော်သို့ သွားရောက်မည်ဖြစ်ပြီး ဘိုင်ဒန်နှင့် ကာကွယ်ရေး၊ လုံခြုံရေး၊ စီးပွားရေး စသည့်နယ်ပယ်များတွင် သဘောတူညီချက် အသစ်များကို ကြေညာမည်ဖြစ်သည်။

 အမေရိကန်နဲ့ ဂျပန် နည်းပညာကိုတွေ့ရစဉ်

ထို့နောက် နှစ်နိုင်ငံအကြား အရှိန်အဟုန် မြင့်တက်နေသည့် ဆက်ဆံရေးများကို ထိန်းသိမ်းသွားမည်ဖြစ်သည်။

ထို့ပြင် ချစ်ပ်ပြားထုတ်လုပ်မှု၊ AI နည်းပညာနှင့် အခြား နည်းပညာမြင့်ကဏ္ဍများတွင် ၎င်းတို့၏ ရပ်တည်ချက်ကို မြှင့်တင်ရန် ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်ဆက်ဆံရေးကို လုပ်ဆောင်မည်ဖြစ်ပြီး အခြား စိတ်သဘောထားခြင်း တူညီသည့် နိုင်ငံများနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်ရန် ခေါင်းဆောင်နှစ်ဦးက ကတိပြုထားသည်။

ကီရှီဒါက သူ့ခရီးစဉ်သည် စိန်ခေါ်မှုပေါင်းစုံကို ဖြေရှင်းနေသည့် နိုင်ငံတကာ အသိုင်းအဝိုင်းအတွင်း ဂျပန်နှင့် အမေရိကန်ကို ဦးဆောင်သည့်နေရာမှ ပါဝင်သော မိတ်ဖက်နိုင်ငံများ ဖြစ်သည့်အကြောင်း ပြသရာရောက်စေလိမ့် မည်ဟု မျှော်လင့်ထားကြောင်း ဝါရှင်တန်သို့ မသွားရောက်မီ ဧပြီ ၈ ရက်က တိုကျို (Tokyo) မြို့တော်တွင် မိန့်ခွန်းပြောကြားခဲ့ချိန်၌ ပြောကြားခဲ့သည်။

ဘိုင်ဒန်နှင့် ကီရှီဒါသည် တစ်ပိုင်းလျှပ်ကူး ပစ္စည်းများ၊ ဘက္ကထရီများ သိုလှောင်ရေးနှင့် Permanent Magnets ဆိုသည့် သံလိုက် အမျိုးအစားများကဲ့သို့ မဟာဗျူဟာမြောက် ကုန်စည်များအတွက် ထောက်ပံ့ငွေ စည်းမျဉ်း စည်းကမ်းများနှင့်ပတ်သက်ပြီး သဘောတူညီချက်တစ်ခုကို အစည်းအဝေး အပြီးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ထုတ်ပြန်သွားမည်ဟု Nikkei daily မှ ဖော်ပြခဲ့သည်။ 

 ဘိုင်ဒန်နဲ့ ကီရှီဒါကို တွေ့ရစဉ်

ဂျပန်သည် တစ်ချိန်က နေ့စဉ်သုံးပစ္စည်းများနှင့် လက်နက်များအတွက် မရှိမဖြစ် ထည့်သွင်းအသုံးပြုရသည့်် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ ထုတ်လုပ်သော ရှေ့ပြေးနိုင်ငံတစ်ခု ဖြစ်သော်လည်း ထိုင်ဝမ်နှင့် တရုတ် အပါအဝင် အခြားနိုင်ငံများက တစ်ပိုင်းလျှပ်ကူးပစ္စည်းများကို ပိုမိုကျယ်ပြန့်စွာ ထုတ်လုပ်လာသည့် အချိန်မှစပြီး ဂျပန်၏ အဆင့်သည် လျော့ကျလာခဲ့သည်။

ပြီးခဲ့သည့်နှစ် မေလကလည်း ဘိုင်ဒန်နှင့် ကီရှီဒါတို့သည် ဂျပန်နိုင်ငံ၊ ဟီရိုရှီးမား (Hiroshima) မြို့တွင် ပြုလုပ်ခဲ့သည့် စက်မှုထိပ်သီး ၇ နိုင်ငံ (G-7) အစည်းအဝေးတွင် သီးသန့်တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်ရန် သဘောတူခဲ့ကြသည်။

Source: Japan Times