တိုင်ပေ၊ ဩဂုတ် ၇
ထိုင်ဝမ်တွင် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ ထုတ်လုပ်သည့် TSMC ကုမ္ပဏီ၏ ကုန်သွယ်ရေး လျှို့ဝှက်ချက်များကို ခိုးယူသည်ဟု သံသယရှိခံရသော လူ ၆ ဦးကို ဖမ်းဆီးခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
သံသယရှိသူများကို အမျိုးသားလုံခြုံရေး ချိုးဖောက်မှု ရှိ၊မရှိ စုံစမ်းစစ်ဆေးနေကြောင်း ထိုင်ဝမ်အစိုးရ ရှေ့နေများ က ပြောကြားခဲ့သည်။
အမေရိကန်နည်းပညာကုမ္ပဏီဖြစ်သည့် Nvidia(အင်ဗစ်ဒီယား) ကုမ္ပဏီအတွက် ချစ်ပ်ပြားများ ထုတ်လုပ်ပေးနေ သည့် TSMC ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် သံသယရှိသူများတွင် ဝန်ထမ်း ခေါင်းဆောင် ၁ ဦးနှင့် လက်ရှိ ဝန်ထမ်း ၅ ဦး ပါဝင်ကြောင်း ဖော်ပြခဲ့သည်။
၎င်းတို့သည် ကုမ္ပဏီ၏ အဓိက နည်းပညာများကို တရားမဝင် ရယူခဲ့သည်ဟု အာဏာပိုင်များက သံသယ ရှိနေသည်။
TSMC ကုမ္ပဏီကို တွေ့ရစဉ်
ဖမ်းဆီးခံရသူများအနက် ၂ ဦးသည် အာမခံ ရရှိခဲ့ပြီး ၁ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း ထိုင်ဝမ်အစိုးရရှေ့နေချုပ်ရုံး ၏ ပြောရေးဆိုခွင့်ရှိသူ ဂျွန် နီယာ (John Nieh) က ပြောကြားခဲ့သည်။
အစိုးရရှေ့နေများသည် ဇူလိုင် ၂၅ ရက်မှ ဇူလိုင် ၂၈ ရက်ကြား TSMC ကုမ္ပဏီ ဝန်ထမ်းအချို့၏ နေအိမ်များကို ဝင်ရောက်ရှာဖွေခဲ့ပြီး လက်ရှိတွင် အချက်အလက်များသည် ပြင်ပသို့ ပေါက်ကြားမှု ရှိ၊မရှိကို စုံစမ်းစစ်ဆေး နေသည်။
TSMC ကုမ္ပဏီသည် ကမ္ဘာ့ခေတ်အမီဆုံး တစ်ပိုင်းလျှပ်ကူးပစ္စည်းများ ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်ပြီး Nvidia (အင်ဗစ်ဒီယား) AI မှအစ Apple ၏ iPhone processer များကို ရောင်းချပေးနေသည်။
TSMC ကုမ္ပဏီသည် နည်းပညာ ခိုးယူရန် ကြိုးပမ်းသည်ဟု သံသယရှိခံရသည့် ဝန်ထမ်းအချို့ကို အလုပ်မှ ထုတ်ခဲ့ကြောင်း ဩဂုတ် ၅ ရက်တွင် Nikkei Asia မှ ဖော်ပြခဲ့သည်။
Source: South China Morning Post