အဆိုပါ ထုတ်ပြန်ချက်တွင် နစကဥက္ကဋ္ဌသည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့တွင် ကျရောက်သည့် တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးခြင်း ၆ နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ် ပြုသော အားဖြင့် ငြိမ်းချမ်းရေးကို ရှေးရှုကာ နိုင်ငံတော်အတွင်း တရားရုံးအသီးသီးတွင် တရားစွဲဆိုထားဆဲ ဖြစ်သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ အဖွဲ့ဝင်များနှင့် ဆက်စပ်ပါဝင်သူ ၁၁၄ ဦးတို့အား အမှုမှ ပိတ်သိမ်းရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၄၁၉)အရ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်ဟု ဖော်ပြထားသည်။

TNLA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်းအိုက်ကျော်က "ဒီဟာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့လူ ပါမပါတော့ မသိရသေးဘူး။ သေချာပြန်စိစစ်ပြီးမှ ပြောနိုင်မယ်။ဘယ်သူတွေလည်းဆိုတာ ကျနော်တို့လည်း မသိရသေးဘူး၊ သူတို့လွတ်တာ။  ဒီဟာနဲ့ ပတ်သက်ပြီးတော့ တချို့ဟာတွေတော့ သူတို့က ကျနော်တို့ အဖွဲ့ဝင်မဟုတ်ဘဲနဲ့ မတရားစွပ်စွဲပြီးတော့ ဖမ်းဆီးထောင်ချထားတာတွေလည်းရှိတယ်။ တချို့ဟာတွေတော့ ကျနော်တို့ တပ်သားတွေ ဖမ်းမိတာတွေတော့ ရှိတာပေါ့။ အဲထဲမှာ ဘယ်သူတွေပါလဲ ကျနော်လည်း မသိဘူး။ ဘယ်သူဖြစ်ဖြစ်ပေါ့ တချို့ဟာတွေတော့ မဟုတ်ဘဲနဲ့ ဖမ်းဆီးထောင်ချတာတွေတော့ ရှိတယ်။ ဘယ်လိုပြောပြော သူတို့ရဲ့ လက်နက်သဖွယ်ဘဲ ပြည်သူလူထုကို ဖမ်းဆီး ခြိမ်းခြောက်ထောင်ချတာ နေ့စဉ်လိုပဲ ဖမ်းဆီးတာရှိတယ်။ ဒီလွတ်မြောက်တဲ့ လူတွေအတွက်တော့ ဝမ်းသာစရာကြီးပါ"ဟု CNI သတင်းဌာနသို့ ပြောသည်။

နစကမှ အမှုပိတ်သိမ်းပေးလိုက်သည့် အဖွဲ့များမှာ ရက္ခိုင့်တပ်တော်(AA)မှ ၆၁ ဦး၊ ကချင် လွတ်လပ်ရေးတပ်မတော်(KIA)မှ ၂၃ ဦး၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)မှ ၁ ဦး၊ မြန်မာနိုင်ငံအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)မှ ၁ ဦး၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)မှ ၁၂ ဦး၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)မှ ၅ ဦး၊ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)မှ ၁၁ ဦး စုစုပေါင်း ၁၁၄ ဦးတို့ဖြစ်သည်။

KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူ “ ဟုတ်ကဲ့ပါ အဲတာနဲ့ပတ်သက်လို့ ကျနော့်ကို KIO ဗဟိုက ဘာမှညွန်ကြား တာမရှိသေးဘူးဗျ။ ဘာလို့ဆို အဲတာက ကျနော်တို့ KIO ဝန်ထမ်းတွေ ဟုတ်သလား မဟုတ်ဘူးလားပေါ့။ နောက်ပြီးတော့ ဘယ်တပ်ဖွဲ့က ဖြစ်တာလဲပေါ့နော်။ အခုလောလောဆယ် ကျနော်တို့သတင်းဌာနကို ဘာမှ ညွန်ကြားတာမရှိသေးဘူး”ဟု CNI သတင်းဌာနသို့ ပြောသည်။

အဆိုပါ အမှုများ ရုပ်သိမ်းပေးခြင်းသည် လုပ်ရိုးလုပ်စဉ်ကဲ့သို့ အခြေအနေမျိုးဖြစ်ပြီး သိပ်ထူးခြားသည့် လုပ်ရပ်ဟု မမြင် ကြောင်း ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။