၂၀၃၀ ပြည့်နှစ်အရောက်တွင် မော်တော်ယာဉ်အသစ်များမှ အခိုးအငွေ့များ ပျမ်းမျှထုတ်လွှတ်မှု ၅၅ ရာခိုင်နှုန်း လျှော့ချရန် ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းများကို တောင်းဆိုလိုကြောင်း ဥရောပကော်မရှင်က ဩဂုတ် ၄ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ ၂၀၃၅ ခုနှစ်တွင် နောက်ထပ် ၁၀၀ ရာခိုင်နှုန်းအထိ အခိုးအငွေ့ထုတ်လွှတ်မှုများ ထိရောက်စွာ လျှော့ချမည်ဖြစ်၍ ထိုနှစ်မှစ၍ မှတ်ပုံတင်ထားသော ကားအသစ်အားလုံး လုံးဝထုတ်လွှတ်မှု မရှိသည့် zero-emission ဖြစ်စေရမည်ဟု ဆိုသည်။

ဓါတ်ပုံ - CNN

၁၉၉၀ ပြည့်နှစ်နှင့် နှိုင်းယှဉ်လျှင် ၂၀၃၀ ပြည့်နှစ်အရောက်တွင် ဥရောပတိုက်၌ ဖန်လုံအိမ်အာနိသင်ရှိသည့် ဓာတ်ငွေ့ထုတ်လွှတ်မှု ၅၅ ရာခိုင်နှုန်းလျှော့ချရန် EU က ရည်မှန်းထားပြီး ၂၀၅၀ ပြည့်နှစ်အရောက်တွင် ဥရောပကို ရာသီဥတုမျှတသော ကမ္ဘာ့ပထမဆုံးတိုက်အဖြစ် ရောက်ရှိစေလိုသည်။

“ရုပ်ကြွင်းလောင်စာဆီ စီးပွားရေးက အကန့်အသတ်နဲ့ ရောက်နေပြီ။ ကျနော်တို့ရဲ့အနာဂတ် မထိခိုက်စေဖို့၊ ဒီကမ္ဘာကို ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဂြိုဟ်ကမ္ဘာဖြစ်စေဖို့ ကောင်းမွန်တဲ့အလုပ် အကိုင်တွေ၊ တိုးတက်မှုတွေကို နောင်လာနောက်သားတွေအတွက် ကျနော်တို့ ထားခဲ့ချင်ပါတယ်” ဟု ဥရောပကော်မရှင် ဥက္ကဋ္ဌ အက်စလက်ဗွန် ဒါလင်းက ကြေညာချက်တစ်စောင်တွင် ပြောကြားထားသည်။

လျှပ်စစ်မော်တော်ယာဉ်များ ပြောင်းလဲရလွယ်ကူစေရန် EU အဖွဲ့ဝင် ၂၇ နိုင်ငံက ယာဉ်သုံးဘက်ထရီ အားသွင်းစနစ်စွမ်းရည်ကို ချဲ့ထွင်ရန် လိုအပ်ကြောင်း ဥရောပကော်မရှင်က ဆက်လက်ပြောကြားသည်။ အားသွင်းနိုင်သည့် ပွိုင့်များကို အဝေးပြေးလမ်းမများပေါ်တွင် ကီလိုမီတာ ၆၀ (၃၇ဒသမ၃ မိုင်) အကွာအဝေး တိုင်းတွင် တပ်ဆင်ပေးမည်ဖြစ်ပြီး ဓာတ်ဆီနှင့်ဒီဇယ်သုံးယာဉ်များ၏ အနိမ့်ဆုံးအခွန်နှုန်းထားကို တိုးမြှင့် ကောက်ခံသွားရန် စီစဉ်ထားသည်။

“ဒါက မော်တော်ယာဉ်လုပ်ငန်းတွေအတွက် အလှည့်အပြောင်းတစ်ခုဖြစ်ပြီး ယာဉ်မောင်းတွေအတွက် သတင်းကောင်းပါ” ဟု သယ်ယူပို့ဆောင်ရေးနှင့်ပတ်ဝန်းကျင်ရေးရာ စည်ရုံးရေးအဖွဲ့၊ အမှုဆောင်ဒါရိုက်တာ ဝီလျံတုဒ်က မှတ်ချက်ချသည်။

ဓါတ်ပုံ - CNN

မော်တော်ယာဉ်ထုတ်လုပ်ရေးစက်မှုလုပ်ငန်းသည် ဥရောပစီးပွားရေးတွင် အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်နေပြီး EU အဖွဲ့ဝင်နိုင်ငံတိုင်း၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှု (GDP) ၏ ၇ ရာခိုင်နှုန်းနှင့် ဒေသတွင်းအလုပ်အကိုင် ၁၄ဒသမ၆ သန်းကို ပံ့ပိုးနေသည်။

ဥရောပ၏အကြီးမားဆုံး ကားထုတ်လုပ်သည့်လုပ်ငန်းဖြစ်သည့် ဗောက်စဝက်ဂွန် (Volkswagen) က ၂၀၃၀ ပြည့်နှစ်အရောက်တွင် zero-emission လျှပ်စစ်ကားများကို ၅၀ ရာခိုင်နှုန်းအထိ ရောင်းချသွားမည်ဖြစ်ကြောင်း၊ ၂၀၄၀ ပြည့်နှစ်တွင် အမေရိကန်နှင့်တရုတ်အပါအဝင် အဓိကဈေးကွက်များကိုသာ ဆက်လက် ရောင်းချသွားမည် ဖြစ်ကြောင်း စီအင်န်အင်န်သတင်းအရ သိရသည်။

Source: CNN

#လျှပ်စစ်ကား

#လျှပ်စစ်မော်တော်ယာဉ်

#ဓာတ်ဆီ

#ဒီဇယ်

#EU

#Europe

#ဥရောပသမဂ္ဂ