CNI News
၂၀၂၂ ခုနှစ်၊ မတ် ၁၂
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက မတ်လ ၁၂ မှ ၁၈ ရက်နေ့အထိ အချိန်အပိုင်းခြားဖြင့်သာ လျှပ်စစ်မီးဖြန့်ဖြူး ပေးသွားမည်ဖြစ်သည့်အတွက် အဆိုပါရက်များတွင် ဖုန်းလိုင်းများ ဆက်သွယ်ရေးအခက်အခဲရှိနိုင်ကြောင်း ဆက်သွယ်ရေး အော်ပရေတာများမှ အသိပေးစာများ ပေးပို့သည်ဟု သိရသည်။
တယ်လီနော(မြန်မာ)မှ “နေရာအချို့တွင် လျှပ်စစ်ဓါတ်အားပေးလွှတ်မှုကို မတ်လ ၁၂ ရက် မှ ၁၈ ရက်အထိ အချိန်ပိုင်း လျှော့ချသွားမည်ကို တာဝန်ရှိသူများမှ အသိပေးထားသည်နှင့်အညီ ဖြစ်လာနိုင်သည့် ဆိုးကျိုး သက်ရောက်မှုများကို တယ်လီနော မြန်မာအနေဖြင့် အတတ်နိုင်ဆုံး လျှော့ချလုပ်ဆောင်သွားမည်။ ထိုကာလတွင်း ယာယီခဏ ဆက်သွယ်ရေး အခက်အခဲများ ရှိနိုင်သောကြောင့် အဆင်မပြေမှုများအတွက် နားလည်ပေးပါရန် မေတ္တာရပ်ခံပါသည်” ဟု သုံးစွဲသူထံသို့ ပေးပို့သည်ကို တွေ့ရသည်။
ရွှေကမ်းလွန်စီမံကိန်းတွင် ထပ်မံတူးဖော်တွေ့ရှိသော တွင်းသစ်(၂)တွင်းမှ သဘာဝ ဓာတ်ငွေ့များအား လက်ရှိ ပိုက်လိုင်းအတွင်းသို့ ထည့်သွင်းပို့လွှတ်နိုင်ရန်အတွက် ရေအောက်ပိုက်လိုင်း ဆက်သွယ်ခြင်းလုပ်ငန်းများ လုပ်ဆောင်မည်ဖြစ်သည့်အတွက် အဆိုပါရက်များတွင် လျှပ်စစ်မီးဖြန့်ဖြူးပေးဝေမှုကို အချိန်ပိုင်းလျှော့ချ သွားမှာဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့သည်။