CNI News
၂၀၂၆ ခုနှစ်၊ ဧပြီ ၇
မြန်မာနိုင်ငံတွင် ၂၀၂၅ အထွေထွေရွေးကောက်ပွဲပြီးနောက် အစိုးရသစ် အပြောင်းအလဲ မလုပ်ခင်မှာပဲ ရွေးကောက် တင်မြှောက်ခြင်းခံရသော သမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စ မာကျားက ပထမဆုံး လာရောက် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
တရုတ်သံအမတ်ကြီး မစ္စမာကျားသည် ၂၀၂၆ ခုနှစ်၊ ဧပြီ ၆ ရက်က နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ ရွေးကောက်တင်မြှောက်ခြင်းခံရသော သမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်ကို လာရောက် တွေ့ဆုံခဲ့သည်။
အဆိုပါ တွေ့ဆုံမှုမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ၂၀၂၆ ခုနှစ်၊ ဧပြီ ၃ ရက်က ပြည်ထောင်စုလွှတ်တော်က နေ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်လိုက်ပြီးနောက် အစိုးရသစ် အဖွဲ့အစည်းကို ဧပြီ ၁၀ ရက်မှာ စတင် ပြောင်းလဲမှု မတိုင်ခင် ပြည်ပနိုင်ငံအနေဖြင့် ပထမဆုံး လာရောက်တွေ့ဆုံမှုဖြစ်သည်။
ထိုသို့ တွေ့ဆုံစဉ် ရွေးကောက်တင်မြှောက်ခြင်းခံရသော သမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မိမိအား နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ကြောင်း ကြေညာပြီးနောက်ပိုင်း ပြည်ပနိုင်ငံသံတမန်များအနက် ပထမဆုံး လာရောက် တွေ့ဆုံသည့် သံအမတ်ကြီးဖြစ်သည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ အလားတူ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သမ္မတကြီး မစ္စတာ ရှီကျင့်ဖျင် အနေဖြင့် မိမိကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင် မြှောက်ပြီး နာရီပိုင်းအတွင်း ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့မှုအပေါ်တွင်လည်း အထူးပင် ကျေးဇူးတင်ရှိ ပါကြောင်း ပြောသည်။

ထို့နောက် အိမ်နီးနားချင်း မိတ်ဆွေကောင်း နိုင်ငံတစ်ခုအနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုအပေါ် ထောက်ခံမှု ပြသခြင်းပင် ဖြစ်သည့်အတွက် ကျေးဇူးတင်ရှိကြောင်း ၎င်းက ပြောသည်။
အဆွေတော်အား နိုင်ငံတော်သမ္မတကြီးအဖြစ် ရွေးချယ် တင်မြှောက်ခြင်းခံရမှုအပေါ် မိမိအနေဖြင့် ဝမ်းမြောက် ဂုဏ်ယူပါကြောင်း၊ အဆွေတော် အနေဖြင့် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ဆက်ဆံရေး ကောင်းမွန်အောင် ဆောင်ရွက်ခဲ့မှုများအပေါ်တွင်လည်း ကျေးဇူတင်ရှိပါကြောင်း၊ အဆွေတော်၏ စွမ်းဆောင်မှုများအောက်တွင် မြန်မာနိုင်ငံအနေဖြင့် တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခုဖြစ်လာမည်ဟု ယုံကြည်ပါကြောင်း နှင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ ယခုထက် ပိုမို တိုးတက်လာမည်ဟု ယုံကြည်ပါကြောင်း တရုတ်သံအမတ်ကြီး မစ္စမာကျားက ပြောသည်။

ထို့နောက် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး၊ လုံခြုံရေးနှင့် ကဏ္ဍ ပေါင်းစုံတွင် ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်ရေး ဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေး ချမ်းရေးနှင့် ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ကုန်စည်ကူးသန်းရောင်းဝယ်မှုများ ပြန် လည် ဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်အထိ အပိုင်း ၃ ပိုင်း ခွဲခြား၍ ကျင်းပခဲ့ပြီးနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)နှင့် မြန်မာ့ တပ်မတော်တို့ အပေးအယူလုပ်ကာ လွှတ်တော် အပါအဝင် ပြည်ထောင်စုအစိုးရအဖွဲ့၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့များကို ဖွဲ့စည်းလျက်ရှိနေသည်။
ထို့နောက် ၂၀၂၆ ခုနှစ်၊ ဧပြီ ၁၀ ရက်နေ့ နောက်ပိုင်းမှာ အစိုးရသစ်တစ်ရပ် ပေါ်ပေါက်လာမည်ဖြစ်သည်။
