CNI New 

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၀ 

မြန်မာနိုင်ငံအတွင်းရှိ ရန်ကုန်-မန္တလေး အပါအဝင် မြို့ကြီးများတွင် မီးပွိုင့်စနစ် ၂ မျိုးဖြစ်နေခြင်းကြောင့် မော်တော် ယာဉ်မောင်းသူများအတွက် အခက်အခဲများဖြစ်နေသလို အောက်ခြေ၌ စည်းကမ်းချိုးဖောက်သူဟုဆိုကာ ငွေကြေး တောင်းခံရမှုများ ကြုံတွေ့နေကြရသည်။

မြန်မာနိုင်ငံတွင် မီးပွိုင့်စနစ်ကို ကျင့်သုံးရာမှာ စနစ်တစ်မျိုးတည်းသာ ဖြစ်သင့်ကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ(NDF)မှ ဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဓိက,ကတော့ မီးပွိုင့်စနစ်က ဘယ်ဟာပဲလုပ်လုပ်ပါ၊ တစ်မျိုးတည်း တိတိကျကျ သေသေချာချာ အစဥ်တစိုက်ပေါ့နော် ဘယ်မီးပွိုင့်မှာမဆို ဤသို့ဤနယ် လုပ်ဆိုတဲ့ဟာမျိုး ဖြစ်ဖို့လိုအပ်တာပေါ့။ ဒီမီးပွိုင့်မှာက ဂဏန်းတွေနဲ့ပြပြီး ဟိုမီးပွိုင့်က ဂဏန်းနဲ့ မပြလို့ဆိုတဲ့ ဟာမျိုးကျရင် လိုက်နာရတဲ့လူက မီးပွိုင့်စနစ်မှာ တချို့ဟာ တွေဆိုရင် အကွေ့အတွက်ကို အဝါပေးတယ် နောက်တစ်နေရာရောက်ရင် အဝါသည် ကွေ့လို့မရဘူးဆိုတဲ့ဟာ ဖြစ်ပြန်ရော၊ အဲလိုမျိုးပေါ့နော်။ (အ)ကွေ့ကြောကို မီးစိမ်းပြမှသာသွားရတဲ့ မီးပွိုင့်ရှိသလို (အ)ကွေ့ကြောကို အဲလို အကွေ့အတွက် မီးပွိုင့် သီးသန့်မရှိပဲနဲ့ အဲလိုကြည့်ထွက်ရတဲ့ဟာမျိုးလည်း ရှိတတ်တယ်။ လူတွေက လိုက်နာတဲ့ အခါမှာ ဘယ်ဟာသည် ဘာဆိုတာ တိတိကျကျ ဖြစ်မှာပေါ့နော်။ ဘယ်ဟာပဲဖြစ်ဖြစ်ပါ လူထုက အဲဟာတစ်ခုကို သတ်သတ်မှတ်မှတ် နားလည်ပြီးတော့မှ သေသေချာချာ တစ်ပြေးညီ လိုက်နာကျင့်သုံးသွားရင် အဆင်ပြေတာပေါ့ နော်။ မီးပွိုင့်နဲ့ မှတ်တိုင်နဲ့ဆိုတဲ့ဟာ မျိုးတွေပေါ့”ဟု ပြောသည်။

ယာဉ်ထိန်းရဲများကို တွေ့ရစဉ်

လက်ရှိ ရန်ကုန်နှင့် မန္တလေး အပါအဝင် မြို့ကြီးများတွင် ဝါ-စိမ်း-နီ အရောင်လိုက် အချိန်းအပြောင်းစနစ်ဖြင့် မီးပွိုင့် ကို ကျင့်သုံးနေသလို ဝါ-စိမ်း-နီ အရောင်လိုက် ဂဏန်း(နံပါတ်)ဖြင့် အချိန်းအပြောင်းစနစ်ဖြင့် မီးပွိုင့်အား ကျင့်သုံးမှု များလည်း ရှိနေသည်။

ထိုသို့ မီးပွိုင့်စနစ်ကို စနစ် ၂ မျိုးဖြင့် ကျင့်သုံးခြင်းက မော်တော်ယာဉ် မောင်းနှင်သူများနှင့် လမ်းဖြတ်ကူးသူများ အတွက် အခက်အခဲကြုံတွေ့နေရသလို ယာဉ်ထိန်းရဲများက မီးပွိုင့်ကို လိုသလို သုံး၍ မော်တော်ယာဉ်များ မီးဝါ- မီးနီ ဖြတ်မောင်းသည်ဟုဆို ငွေကြေးတောင်းခံမှုများ ပြုလုပ်လာနေသည်။

ဦးထက်အောင်ကျော်က “အခုဆိုရင် တအား ရုပ်ပျက်နေတဲ့ ဟာလည်းရှိတယ်။ တက္ကသိုလ် ရိပ်သာလမ်းပေါ်မှာ ရှိတယ်။ တက္ကသိုလ်ရိပ်သာလမ်းကနေ အင်းယားလမ်းကိုကူးမဲ့ မီးပွိုင့်၊ အဲမှာသူက မီးပွိုင့် ပြီးတာနဲ့ လူတွေဟာ ကားမှတ်တိုင် ဖြတ်တယ်။ ထိပ်နားလေးမှာ မော်တော်ပီကယ်က အဲမှာ စောင့်ပြီးတော့ စောင့်ဖမ်းတာပေါ့နော်။ ဝန်ထမ်းတွေဘက်က ပိုက်ဆံမလောက်လို့ပဲ ငွေရှာနေကြသလားလို့ပဲ ထင်မိတော့တယ်။ ပြီးရင် မော်တော်ပီကယ် တွေကလည်း ပေါ်ပေါ်ထင်ထင် စောင့်ဆိုင်းပြီးတော့မှ ဥပဒေအ‌ရေးကို တည့်မတ်အောင် ကြပ်မှတ် နေတယ်ဆိုတာမျိုး မဟုတ်ဘဲနဲ့ လူထုက အမှားဖြစ်အောင် စောင့်ပြီး အဲအမှားပေါ်မှာ သက်သက်လာပြီး ငွေရှာတဲ့ သဘောဖြစ်နေတာ စည်းမျည်းစည်းကမ်းကို လူထုအားလုံး လိုက်နာရန် တာဝန်ရှိပြီး။ အဲဒီဟာကို Law & informant ဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ ဟာမျိုးတွေ သေသေချာချာ လုပ်မှရမယ်ပေါ့”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် မီးပွိုင့်စနစ်ကို ဝါ-စိမ်း-နီ အရောင်လိုက် ဂဏန်း(နံပါတ်)ဖြင့် အချိန်းအပြောင်း လုပ်သည့်စနစ်ကို ကျင့်သုံးသင့်ကြောင်း၊ ထိုစနစ်ကို ကျင့်သုံးပါက မီးပွိုင့်အလွတ် ဖြတ်ကျော်မောင်းနှင်မှုကနေ ပေါ်ပေါက်လာမည့် ယာဉ်မတော်တဆမှုများကို လျှော့ချနိုင်သလို စည်းကမ်းဖောက်ဖျက်မှုများကိုလည်း အရေးယူနိုင်မည်ဖြစ်ကြောင်း မော်တော်ယာဉ်မောင်းနှင်သူများက ထောက်ပြကြသည်။

 ဝါ-စိမ်း-နီ အရောင်လိုက် ဂဏန်း(နံပါတ်)ဖြင့် အချိန်းအပြောင်းလုပ်သော မီးပွိုင့်စနစ်ကို တွေ့ရစဉ်

အလားတူ ဝါ-စိမ်း-နီ အရောင်လိုက် အချိန်းအပြောင်း လုပ်သည့်စနစ်ကို ကျင့်သုံးပါက ယာဉ်မတော်တဆမှုများ ဖြစ်နိုင်သလို ယာဉ်ထိန်းရဲများက မီးပွိုင့်စနစ်ကို လိုသလို အသုံးပြု၍ မော်တော်ယာဉ်မောင်းနှင်သူများထံမှ ငွေ ညစ်မှုများ လုပ်ဆောင်နေခြင်းကိုလည်း တားဆီးနိုင်မည်ဖြစ်ကြောင်း မော်တော်ယာဉ်မောင်းနှင်သူများက ထောက်ပြကြသည်။

မြန်မာနိုင်ငံ၏ မီးပွိုင့်စနစ်တွင် နံပါတ်ဖြင့် ဝါ-စိမ်း-နီ မီးပွိုင့်ဆိုလျှင် နံပါတ်စနစ်ဖြင့်သာ သွားသင့်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “နံပါတ်နဲ့က ချိန်လို့ရတယ်လေ၊ သဘောက ဘယ်လောက် ကျန်သေးလည်း အချိန်နီတော့မယ်ဆိုရင် ဝါတော့မယ်ဆိုရင် အရှိန်လျှော့လို့ရတာပေါ့။ နံပါတ်မရှိတဲ့ အခါကြတော့ ဒါဘယ်လို ပြောမလဲ၊ ဘယ်လိုခေါ်မလဲ ဥပမာ ဆက်စိမ်းမယ်ထင်ပြီး ဖြတ်လိုက်ပြီးတော့မှ အလယ်ခေါင် ရောက်တော့မှ ဝါတာတို့၊ နီတာတို့ ဖြစ်လာရင် ဒါပြဿနာတွေ ရှိတာပေါ့။ ဥပဒေအရလည်း အဝါဖြတ်ရင်ဖမ်းလို့ စီးလို့ရတာပေါ့။ ကောင်းတာကတော့ နံပါတ် စနစ်နဲ့ သွားသင့်တာပေါ့လေ။တချို့ မီးပွိုင့်တွေရှိတယ်လေ၊ control လုပ်လို့ရတဲ့ မီးပွိုင့်တွေရှိတာပေါ့။ ရဲက မီးပွိုင့်ကို သူတို့က switch on, switch off လုပ်လို့ရတာပဲလေ မြေနီကုန်းတို့ ဘာတို့ဆိုတာ အဲလိုလုပ်လို့ရတာပဲ လေ။ သဘောက ဥပဒေရဲ့ သဘောတရားက ဘာလဲ။ အခါကြတော့ မလိုက်နာရင် အရေးယူရတာပေါ့။ လိုက်နာ နိုင်အောင်လည်း ဥပဒေက အရင်လုပ်ပေးထားရတာကို လိုက်နာနိုင်အောင် မလုပ်ပေးထားပဲနဲ့ ဖမ်းတာကြတော့။ ဒါပြဿနာ အနည်းနဲ့အများ ညှိနှိုင်းမှုလိုတာပေါ့။ အခုက ပြဿနာက ဘာလဲဆိုတော့ ဒါမော်တော်ပီကယ်တင် မဟုတ်ပါဘူး။ အားလုံးဖြစ်နေတဲ့ကိစ္စက အခြေအမြစ် ပြဿနာပြောရမယ်ဆိုရင် မက်လုံးစနစ်က တစ်မျိုးကြီး ဖြစ်နေတာပေါ့။ လောက်ငဖူလုံတဲ့ လစာရှိရင်တော့ တချို့ဟာတွေက အများကြီး လျော့သွားမှာပေါ့။ ပြဿနာက ဘာလဲဆိုတော့ ဘယ်လိုခေါ်မလဲ အားလုံးသိနေတဲ့ တချို့ ဇာတ်လမ်းတွေ ရှိတာပဲလေ။ ဆိုတော့ ဖြစ်လာတယ်ဆို တာကလည်း အဓိက,က မလောက်င မဖူလုံတာကနေ စတာပေါ့။ အဲတော့ ဒီဥစ္စာက လူမှုစီးပွားရေးစနစ်နဲ့ဆိုင်တာ လူမှုစီးပွားရေး ပြဿနာတွေ ဖြေရှင်းပေးနိုင်မှပဲ ကျန်တဲ့ဆင့်ပွား ပြဿနာတွေက ပြီးသွားမှာပေါ့”ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးများတွင် ဖြစ်ပေါ်နေသော မီးပွိုင့်စနစ် ၂ မျိုး ဖြစ်နေခြင်းနှင့် အောက်ခြေတွင် ယာဉ်ထိန်းရဲများက မီးပွိုင့်စနစ်၏ အားနည်းချက်ကနေ ငွေကြေးတောင်းခံနေခြင်းများကို မည်သို့ ကိုင်တွယ် ဖြေရှင်းသွားရန် ရှိပါသလဲဆိုသည်ကို နစကထံ CNI သတင်းဌာနက မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြား ခြင်းမရှိသေးပေ။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း ယာဉ်တိုက်မှုပေါင်း (၄၃၃)ကြိမ်ဖြစ်ပွားခဲ့ရာ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက အကြိမ် ရေအနည်းငယ် မြင့်တက်လာကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

ယာဉ်တိုက်မှုများကြောင့် သေဆုံးသူဦးရေမှာ ၂၃၆ ဦးရှိခဲ့ပြီး ဒဏ်ရာရရှိသူဦးရေမှာ ၅၆၄ ဦး ရှိခဲ့ကြောင်း အဆိုပါ ဝန်ကြီးဌာနက ဆိုသည်။