CNI News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃

ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် မိမိတို့၏အချက်အလက်များ အသုံးပြု၍ ဖွင့်ထားသော ဘဏ်အကောင့်များအား အခြားသူထံ ရောင်းချခြင်းများ မပြုလုပ်ရန်နှင့် အထူးသတိထားရန် ထိုင်းရှိ အလုပ်သမား အရေးဆောင်ရွက်သူများက CNI သတင်းဌာနသို့ ပြောသည်။

မိမိတို့၏ ဘဏ်အ‌ကောင့်အား အခြားသူမှ ဝယ်ယူရန် ကမ်းလှမ်းသည့်အခါတွင် ရောင်းချလိုက်ပါက ထို အလုပ်သမားတစ်ယောက်၏ သတ်မှတ်လုပ်ခလစာထက် ပိုမို၍ ငွေအဝင်၊ အထွက် များပြားနေသည်ကို တွေ့ရှိ ရလျှင် ဖမ်းဆီးခေါ်ယူကာ စစ်ဆေး‌မေးမြန်းခြင်း ခံရနိုင်ကြောင်း ထိုင်းရှိ အလုပ်သမားအရေး ဆောင်ရွက်သူများက CNI သတင်းဌာနသို့ ပြောသည်။

အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက “အဓိကကတော့ ဒီအလုပ်သမားရဲ့ ဘဏ် အကောင့်ကို လုပ်ငန်းရှင်တွေက ငွေမည်းအဖြစ် အသုံးချပြီးတော့မှ ငွေ အပြောင်းအလွှဲလုပ်တာမျိုး မလုပ်ရင် တော့ ပြဿနာမရှိဘူး။ ကိုယ့်ရဲ့ ဘဏ်အကောင့်ကို တခြားလုပ်ငန်းရှင်ကနေ သုံးပြီးတော့မှ ငွေ အပြောင်းအလွှဲ လုပ်တဲ့နေရာမှာ ငွေဖြူ၊ ငွေမည်းတွေ ပါလာနိုင်တယ်ဆိုရင်တော့ ဥပဒေက ပေးတဲ့အပြစ်ကို ခံရမယ်။ ဒီ ဘဏ် အကောင့်ဖွင့်ထားတဲ့ အလုပ်သမားက ဘဏ်ပိတ်ခြင်းခံရသလို ခေါ်ယူစစ်ဆေးခြင်းတွေ ခံရမှာပေါ့။ တကယ်တမ်း ကျရင် ဥပဒေက ဘယ်သူ့ကိုမှ နားမလည်ဘူးဆိုတာကို ကျနော်တို့မြန်မာတွေသိထားဖို့ လိုအပ်တယ်။ ပတ်စပို့ ကိုပါ black list လုပ်နိုင်တယ်။ တကယ်လို့ အဲဒီ ဘဏ်အကောင့်ထဲမှာ ငွေမည်းဝင်လာမယ်၊ သတ်မှတ်ထားတဲ့ နှုန်းထားထက် ငွေ amount ပိုမို ဝင်လာမယ်ဆိုရင် အဲဒီအလုပ်သမားဟာ ပတ်စပို့ကိုပါ black list လုပ်ခြင်း ခံရမယ်။ ကိုယ်ရောင်းလိုက်တဲ့အကောင့်မှာ ကိုယ့်နာမည်ရှိနေမှာပဲ။ ပြီးတော့ အင်မတန်ပဲ အန္တရာယ်ကြီးတယ် ငွေမည်းဝင်လာရင်” ဟု ပြောသည်။

ထိုင်းငွေကြေး

ထိုင်းနိုင်ငံမှ ချမှတ်ထားသည့် ဥပဒေများအရ ယခုကဲ့သို့ မိမိ၏ဘဏ်အကောင့်အား အခြားသူသို့ ရောင်းချခြင်းအား ခွင့်မပြုထားသော်လည်း နားလည်မှုအရ အချင်းချင်း အရောင်းအဝယ် ပြုလုပ်နေကြခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် ၎င်းတို့၏ ဘဏ်အကောင့်အား ရောင်းချရာတွင် ဘတ်ငွေ ၁၅၀၀ မှ စတင်ကာ တစ်သောင်းဝန်းကျင် နှစ်သောင်းခန့်အထိ ဈေးရရှိကြောင်းလည်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ထိုသို့ ဘဏ်အကောင့်ရောင်းချလိုက်သည့် မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးသည် ၎င်း၏ ဘဏ်အကောင့်မှ ငွေအဝင်၊ အထွက် ပမာဏများပြားကာ ငွေလွှဲပြောင်းမှုများ မြန်ဆန်သည့်အတွက် ဖမ်းဆီး ထိန်းသိမ်းခံထားရသည်။

FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက “အထူးသဖြင့်ဆိုရင်တော့ သုံးသိန်း(ဘတ်ငွေ)နဲ့ အထက်ဆိုရင်တော့ လိုက်ပြီ။ တစ်သိန်းဆိုရင်တောင်မှပဲ ဒီလူရဲ့ အချက်အလက်ကို လှမ်းပြီးတော့ တောင်းလို့ရတယ်။ အကုန်လုံး ဘဏ်တွေမှာ စာရင်းရှိပြီးသားပဲ။ အဲဒီတော့ ဒီဘဏ်တွေနဲ့ အာဏာပိုင်တွေနဲ့က အာဏာပိုင်တွေက လှမ်းစစ်တာနဲ့ ဒီအချက်အလက်ကို ဘဏ်တွေက မပေးလို့ မရဘူး ပေးရတယ်။ တကယ့်တကယ်ကတော့ အကောင့်ဆိုတာ ရောင်းခွင့်မရှိဘူး။ ရောင်းလို့လည်း မရဘူး။ သူ့အကောင့်နဲ့သူ ဖွင့်ထားတာ။ ကိုယ့်မောင်နှမချင်း ဒါမှမဟုတ်ရင် သူငယ်ချင်းအချင်းချင်းဆိုရင် အကောင့် ဖွင့်ပေးထားပြီးတော့ သူ့ကိုပေးထားတယ်ပေါ့။ ဒါပေမယ့် အဲဒီမှာ ပြဿနာတက်ပြီဆိုရင် အကောင့်ဖွင့်ထားတဲ့ သူက ပြဿနာတက်ပြီ။ ဘာလို့ဆို ကိုယ့်နာမည်ကြီးနဲ့ဖြစ်နေတာ။ ကိုယ့်ရဲ့ အထောက်အထားတွေနဲ့လေ”ဟု ပြောသည်။

 ပြီးခဲ့သည့် ဒီဇင်ဘာလ ၉ ရက်နေ့က အလုပ်အကိုင်များမရရှိသည့်အတွက် အလုပ်သမားများ ဆန္ဒပြနေကြစဉ်

ရွှေ့ပြောင်းလုပ်သားတစ်ဦးအနေဖြင့် ဘဏ်အကောင့်ဖွင့်ရာတွင် တရားဝင် အထောက်အထားစာရွက်စာတမ်းများ ရှိမှသာ ဖွင့်လှစ်ရန် လွယ်ကူသည်။

ထို့ကြောင့် အထောက်အထားမရှိသည့် မိမိ၏ ဆွေမျိုးမိတ်ဆွေများအတွက် ဖွင့်ပေးမည်ဆိုပါက ပြဿနာ မရှိသော်လည်း ထိုသူမှ သတ်မှတ်ငွေပမာဏထက် အလွှဲအပြောင်းများပြားနေပါက ပြဿနာရှိကြောင်း ထိုင်းရှိ အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောသည်။

မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် မိမိကိုယ်ပိုင် ဘဏ်အကောင့်အား နှစ်ခုထက်ပို၍ အများအပြား မဖွင့်ကြရန်နှင့် အခြားသူများသို့ မိမိဘဏ်အကောင့်အား အသုံးပြုခိုင်းမည်ဆိုပါကလည်း အထူးသတိထားကြရန် ၎င်းတို့က အကြံပြုသည်။