CNI International News

စင်ကာပူ၊ နိုဝင်ဘာ ၂၁

စင်ကာပူနိုင်ငံတွင် ဦးနှောက်ဒဏ်ရာဖြင့် အိမ်အကူကို သေဆုံးသည်အထိ ညှင်းပန်းနှိပ်စက်ခဲ့သည့် အမျိုးသမီး တစ်ဦး၏မိခင်က နိုဝင်ဘာ ၂၁ ရက်တွင် အပြစ်ရှိကြောင်း ဝန်ခံထွက်ဆိုခဲ့သည်ဟု စင်ကာပူအခြေစိုက် Channel News Asia မီဒီယာက ရေးသားဖော်ပြသည်။

၎င်းသည် လူအသေအပျောက်ရှိအောင် မတရား ပြုမူဆက်ဆံခဲ့ခြင်း၌ ပါဝင်ပတ်သက်သည့် စွဲချက်များစွာဖြင့် အပြစ်ရှိကြောင်း ဝန်ခံထွက်ဆိုခဲ့ခြင်း ဖြစ်သည်။

အသက် ၂၄ နှစ်ရှိ မြန်မာနိုင်ငံသူ မစ္စ Piang Ngaih Don သည် လည်ပင်းတွင် ပြင်းထန်သော ဒဏ်ရာများ ရရှိ အောင် ၁၄ လကြာ ကြိမ်ဖန်များစွာ ညှင်းပန်းနှိပ်စက် ခံခဲ့ရသဖြင့်  သေဆုံးသွားခဲ့သည်။

စင်ကာပူရဲတပ်ဖွဲ့ကိုတွေ့ရစဉ်

၎င်းသည် ၂၄ ကီလိုဂရမ် အလေးချိန်ရှိသည့် အရာဝတ္ထုဖြင့် ရိုက်နှက်ခံရခြင်း၊ မသေဆုံးမီ ရက်ပိုင်း၌ ညဘက် ပြတင်းပေါက်သံပန်း၌ ကြိုးဖြင့် တုပ်နှောင်ခံရခြင်း၊ အမှိုက်ပုံးထဲမှ စွန့်ပစ် အစားအသောက်များ မြည်းစမ်းကြည့် စေခြင်းတို့ ခံစားခဲ့ရသည်။

နိုဝင်ဘာ ၂၁ ရက်တွင် အသက် ၆၄ နှစ်အရွယ်ရှိ ပရီမာအက်စ်နာရာနာစေမီ (Prema S Naraynasamy) ဆိုသူ အမျိုးသမီးကြီးက အိမ်အကူတစ်ဦးအပေါ် စိတ်ဒဏ်ရာရ၍ နာကျင်စေခဲ့မှု စွဲချက် ၄၈ ချက်အတွက် အပြစ်ရှိ ကြောင်း ဝန်ခံခဲ့သည်။

၎င်း၏ မတော်မတရား ပြုမှုများအနက် အသက် ၂၄ နှစ်ရှိ အိမ်အကူကို ရေဖြင့်လောင်းခြင်း (သို့မဟုတ်) ပက်ဖျန်း ခြင်း၊ ခြေထောက်ဖြင့် ကန်ခြင်း၊ လက်သီးဖြင့် ထိုးခြင်း၊ ပါးရိုက်ခြင်း၊ လည်ပင်းကို ဖမ်းကိုင်၍ ဆံပင် ဆောင့်ဆွဲ လျက် ဦးခေါင်းကို အပြင်းအထန် နာကျင်စေခြင်းတို့ ပါဝင်သည်။

ထို့အပြင် ၎င်းသည် အိမ်အကူကို မျက်နှာသုတ်ပဝါဖြင့် မျက်နှာစည်းနှောင်ခြင်း၊ ထမင်းဟင်းခတ်သည့် ယောက်မ နှင့် ဆပ်ပြာပုလင်းတို့ဖြင့် ရိုက်နှက်ခြင်းတို့ ပြုမူခဲ့ပြီး အိမ်အကူ အပေါ့အပါး သွားလာနေစဉ် စောင့်ကြည့်နေခဲ့ သည်။

စင်ကာပူနိုင်ငံ ခရီးသွားများနဲ့နိုင်ငံသားများကိုတွေ့ရစဉ်

ပရီမာသည် ၎င်း၏ကိုယ်ပိုင် တိုက်ခန်းရှိသော်လည်း ရက်သတ္တတစ်ပတ်လျှင် ၃ ကြိမ်ခန့် သမီးဖြစ်သူ တိုက်ခန်းသို့ လာရောက် နေထိုင်လေ့ ရှိခဲ့သည်။

သူမ လာရောက် နေထိုင်တိုင်း အိမ်အကူနှင့် တစ်ခန်းတည်း အိပ်စက်တတ်သည်။

အိမ်ကူကို ပြတင်းပေါက်သံပန်းတွင် ကြိုးဖြင့် တုပ်၍ ရုပ်ပိုင်းဆိုင်ရာအရ ကိုယ်ထိလက်ရောက် စော်ကားမှု ကျူးလွန်ခဲ့ကြောင်း ပရီမာက ဖြောင့်ချက်ပေး၍ ဝန်ခံခဲ့သည်။

သူမသည် သမီးဖြစ်သူ၏ အိမ်အကူအပေါ် ကိုယ်ထိလက်ရောက် စော်ကားမှုကိုလည်း သိရှိကြောင်း၊ သမီးနှင့်အတူ သော်လည်းကောင်း၊ ၎င်း၏စိတ်ဆန္ဒအရလည်းကောင်း အကြိမ်ကြိမ် စော်ကားမှု ကျူးလွန်ခဲ့ကြောင်း ဆက်လက် ဝန်ခံခဲ့သည်။

နောက်ပိုင်းတွင် အိမ်အကူ အမျိုးသမီးသည် ခြေထောက်များ ဖောယောင်လာပြီး ကိုယ်အလေးအချိန် အလွန်အမင်း ကျဆင်းလာခြင်း၊ အိမ်အကူ၏ လက်မောင်းတွင် မီးလောင်ဒဏ်ရာများနှင့် ခန္ဓာကိုယ်ပေါ် ပွန်းမဲ့ဒဏ်ရာများ ရှိနေ ခြင်းကို ပရီမာက သတိပြုမိခဲ့သည်။

စင်ကာပူနိုင်ငံ အဆောက်အအုံကိုတွေ့ရစဉ်

ရုံးတော်သို့ အထောက်အထား ပြသသည့် ဗွီဒီယိုဖိုင် တစ်ဖိုင်တွင် အိမ်သာသုံးနေစဉ်အတွင်း အိမ်အကူ အမျိုးသမီး ၏ ဦးခေါင်းကို ပရီမာက အကြိမ်ကြိမ် ရိုက်နှက်ခဲ့ကြောင်း တွေ့ရှိရသည်။

အဆိုပါ အမှုကို ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက် ညပိုင်းမှ ဇူလိုင် ၂၆ ရက်အထိ အိမ်အကူအမျိုးသမီး သေဆုံးမှု အဖြစ် စင်ကာပူတရားရုံးတစ်ရုံးက လက်ခံစစ်ဆေးခဲ့သည်။

နောက်ပိုင်းတွင် အဆိုပါကျူးလွန်သူ သားအမိ နှစ်ယောက်စလုံးကို သက်ဆိုင်ရာက ဖမ်းဆီးခဲ့သည်။

ပရီမာ၏ သမီးဖြစ်သူ ဂိုင်ယာသီရိသည် ၂၀၂၁ ခုနှစ်တွင် ယင်းအမှုကို ကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက် ခဲ့သဖြင့် ထောင်ဒဏ် အနှစ် ၃၀ အထိ ချမှတ်ခံခဲ့ရသည်။

ပရီမာကိုတော့ အထက်တရားရုံးက အမှုအဆင့် လျှော့ချခဲ့သဖြင့် သူမ၏ တရားခွင် ကြားနာသည်အထိ ထပ်မံ ရွှေ့ဆိုင်းခဲ့သည်။ ၎င်းကို လက်ရှိစွဲချက်များဖြင့် ၄၉ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးရန် တရားရုံးက ဆုံးဖြတ်ခဲ့သည်။

Source: Channel News Asia