CNI News
၂၀၂၂ ခုနှစ်၊ မတ်လ ၁၁
မြန်မာနိုင်ငံသားတစ်ဦး သေဆုံးစေသည့် ထိုင်းရွှေဆိုင် ဓားပြတိုက်မှုတွင် ဆိုင်ရှင်မှသေနတ်ဖြင့် ပစ်ခဲ့ကြောင်း ဝန်ခံ သည့်အတွက် ယခင်အမှုဖွင့်ထားသည့် လူသေဆုံးမှုအစား လူသတ်မှုဖြင့် ပြောင်းလဲအမှုဖွင့်လိုက်ကြောင်း အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့မှ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။
ကိုသားကြီးက “သူကတော့ သူ့သေနတ်နဲ့ ပစ်လိုက်တာ မှန်ကန်ကြောင်းပေါ့။ သူကိုယ်တိုင် သေချာချိန်ပြီး ပစ် လိုက်တာမှန်ကန်ကြောင်းပေါ့။ အဲဒါကိုတော့ သူဝန်ခံသွားပြီ။ သူသေနတ်နဲ့ပစ်တဲ့အချိန်မှာ သူ့ရဲ့သမီးနဲ့ ရွှေဆိုင် ထဲမှာ ဝန်ထမ်းနှစ်ယောက်လို့ပြောတာက သူ့သမီးနဲ့ သူ့အမျိုးသမီးပဲ။ သူတို့ကလည်း အော်ပြီးတော့ တားတယ် လေ။ သူကရွှေဝယ်သူဖြစ်တယ်ပေါ့။ ဓားပြမဟုတ်ဘူးဆိုတာကို တားတဲ့အချိန်မှာ မမှီလိုက်ဘူးပေါ့။ သူပစ်လိုက် ပြီပေါ့။ အဲဒီလိုပစ်လိုက်တယ်ဆိုတာကို ဝန်ခံပေမယ့် သူတမင်တကာပစ်သတ်တာမဟုတ်ဘူးဆိုတဲ့ အမှုတွဲထဲမှာ တော့ သူငြင်းထားတယ်။ သူတမင်တကာ ပစ်ခြင်း မပစ်ခြင်းဆိုတာက သူ့ရွှေဆိုင်ထဲမှာရှိတဲ့ CCTV မှတ်တမ်းနဲ့ အတူ သူ့အမျိုးသမီးရဲ့ထွက်ဆိုချက်၊ သမီးရဲ့ထွက်ဆိုချက်တွေနဲ့ တရားရုံးကအဆုံးအဖြတ်ကို ကျနော်တို့က စောင့်ရမှာပေါ့” ဟု ပြောသည်။
လက်ရှိတွင် ထိုင်းရွှေဆိုင်ပိုင်ရှင်အား အာမခံဖြင့်ထားရှိပြီး တစ်ရက်လျှင် သုံးကြိမ်ခန့် ၎င်းရှိနေကြောင်း သတင်းပို့ လက်မှတ်ထိုးခြင်းများလုပ်ဆောင်ရကြောင်း သိရသည်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ နေ့က ထိုင်း- မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့ရှိ “ကလုန်ထေ့စီဖုတ်ဖာ့” ရွှေဆိုင် တွင် ရွှေသွားဝယ်သည့် မြန်မာနိုင်ငံသား ဇနီးမောင်နှံနှစ်ဦးကို ရွှေဆိုင်ပိုင်ရှင် ထိုင်းအမျိုးသားမှ ဓါးပြဟု စွပ်စွဲကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
အသတ်ခံခဲ့ရသည့် မြန်မာအမျိုးသား၏ ဇနီးဖြစ်သူအား ထိုင်းရဲမှ စစ်ဆေးမေးမြန်းနေစဉ်
ထိုရွှေဆိုင်ပိုင်ရှင်၏ ပစ်ခတ်လိုက်မှုကြောင့် မြန်မာအမျိုးသား၏ ဘယ်ဘက်ရင်ဘတ်သို့ ကျည်ဆန်ထိမှန်ကာ ပွဲချင်းပြီး သေဆုံးသွားခဲ့သည်ဟု ဆရာဝန်များ၏ပြောကြားချက်အရ သိရပြီး ၎င်းမှာ နှလုံးကွဲသေဆုံးခဲ့သည်ဟု အတည်ပြုခဲ့သည်။
ကိုသားကြီးက “လက်ရှိအခြေအနေတော့ ဒီ သေဆုံးသွားတဲ့ မြန်မာအမျိုးသားရဲ့နှလုံးကွဲသွားတဲ့ ရင်ဘတ်ထဲမှာ ရတဲ့ ကျည်ဆံကို ချင်းမိုင်ပို့ပြီးတော့မှ စစ်ဆေးနေတယ်။ အားလုံးက ဒီ ရွှေဆိုင်ပိုင်ရှင်က မြန်မာအမျိုးသားကို ပစ်သတ်တာသိပေမယ့် ဥပေဒအကြောင်းအရကတော့ ဟိုဘက်က ကျွမ်းကျင်ပညာရှင်တွေရဲ့ မှတ်ချက်ပေးမှုနဲ့ အတူ ကျနော်တို့က ပူးပေါင်းပြီးတော့ တရားရုံးတင်မှာပေါ့။ သူသတ်တာက သတ်တယ်လို့ဝန်ခံလိုက်ရင် တရားရုံး က အမှုလျှော့ပေါ့ပေးနိုင်တယ်ဆိုရင်တောင်မှ သေဆုံးသွားတဲ့ မြန်မာအမျိုးသားဘက်က မိသားစုတွေကို ထိရောက်တဲ့အကူအညီပေ့ါ ဥပဒေခံစားခွင့်အတိုင်း နစ်နာကြေးပေးဖို့ ဆောင်ရွက်ရမှာပေါ့” ဟု ပြောသည်။
သေဆုံးသူတွင် ၎င်း၏ မိဘများအပြင် ဇနီးဖြစ်သူ၊ အသက် ၆ နှစ်အရွယ်နှင့် နှစ်နှစ်အရွယ် ကလေးနှစ်ဦး ကျန်ရှိ ခဲ့ကြောင်း သိရသည်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့ကဖြစ်ပွားခဲ့သည့် အဆိုပါ ဖြစ်စဉ်မှာ မြန်မာဇနီးမောင်နှံ နှစ်ဦးသည် သားဖြစ်သူအတွက် ရွှေဆွဲကြိုးဝယ်ယူနေစဉ် အမည် မသိလူ သုံးဦးက သေနတ်များ ကိုင်ဆောင်၍ ရွှေဆိုင် တံခါးပေါက်ကို တွန်းဖွင့်ကာ ဆိုင်အတွင်းသို့ ဝင်ရောက်လာသဖြင့် ၎င်းတို့ ဇနီးမောင်နှံသည် အနီးရှိ ရွှေဆိုင် ကောင်တာနောက်တွင် ဝင်ပုန်းခဲ့ကြောင်း သိရသည်။
ထိုဓားပြသုံးဦးသည် ရွှေဆိုင်ရှိ ရွှေထည်ပစ္စည်းများအား အတင်းယူဆောင်သွားပြီး ရွှေဆိုင်ရှေ့တွင် အသင့်ရပ် ထားသည့်ကားဖြင့် မောင်းနှင်ထွက်ပြေးသွားကာ မကြာခင်တွင် ဆိုင်ရှင် သူဌေး ရောက်ရှိလာပြီး ကောင်တာ နောက်တွင် ပုန်းနေသည့် ၎င်းတို့ ဇနီးမောင်နှံအား တွေ့မြင်ချိန် ခင်ပွန်းဖြစ်သူကို ဓါးပြအထင်ဖြင့် ၎င်း ကိုင်ဆောင် လာသော သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။
လက်ရှိအချိန်ထိ ထို ဓားပြသုံးဦးအား မဖမ်းမိသေးကြောင်းလည်း သိရသည်။