CNI News

အယ်ဒီတာ့အာဘော်

မြန်မာနိုင်ငံသည် လက်ရှိအချိန်တွင် တစ်ပူပေါ် နှစ်ပူဆင့်ဆိုသည်ထက် သုံးပူလောက်ဆင့်နေပါသည်။ ဘာကြောင့် နိုင်ငံရေး မတည်ငြိမ်မှုအရ နိုင်ငံသူ/သားများကြား စိတ်ဝမ်းကွဲကာ ရန်-ငါ-စည်း ပြတ်နေကြခြင်းကို ပြန်လည် ပေါင်းစည်းနိုင်ရေး မကြိုးပမ်းနိုင်သေးသည့် အချိန်မှာပဲ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ သည် မြန်မာ နိုင်ငံမှာ တတိယလှိုင်းအနေဖြင့် ဖြစ်ပွားလာ နေကာ နိုင်ငံသူ/သားများ၏ အသက်ကို နုတ်ယူရန် ကြိုးပမ်းနေ ခြင်းကြောင့်လည်း ဝမ်းနည်း ပူဆွေးနေကြရသည်။

ထို့ပြင် နိုင်ငံရေးမတည်ငြိမ်ခြင်းနှင့် ကျန်းမာရေးကပ်ဘေးများကြောင့် စီးပွားရေး ကျပ်တည်းမှုများကိုလည်း နိုင်ငံ သူ/သား များက ခံစားနေကြရသည်။ ထို့ကြောင့် မြန်မာနိုင်ငံသူ/သားများသည် စားဝတ်၊နေထိုင်ရေး အခက်အခဲ များဖြင့် ရင်ဆိုင်နေ ကြရသည်။

မည်သို့ပင်ဆိုစေကာမူ မိမိတို့အနေဖြင့် နိုင်ငံရေး မတည်ငြိမ်မှုများကနေတဆင့် ရန်-ငါ- စည်း ပြတ်၍ မပြန်စည်း နိုင်ဘဲ ဖြစ်နေခြင်းများကို အခန်းကဏ္ဍတစ်ခုအနေဖြင့် ထား၍ လက်ရှိ မိမိတို့ နိုင်ငံမှာ ရင်ဆိုင်ကြုံတွေ့နေရသည့် ကိုဗစ်-၁၉ တတိယလှိုင်းကို အားလုံး ပူးပေါင်းကာ ပြိုင်တူတွန်းကြသင့်သည်။ ပြိုင်တူတွန်းမှ ရွေ့မည်ဆိုသော စကားအတိုင်း တခြား သော အခန်းကဏ္ဍတွင် ရန်-ငါ-စည်း ပြတ်ချင်သလောက် ပြတ်နိုင်ပါသည်။

ကိုဗစ်-၁၉ တတိယလှိုင်းကို ရင်ဆိုင်နေကြရ သော အခြေအနေမှာတော့ ရန်-ငါ-စည်း ပြတ်ခြင်းထက် အားလုံး လူသားချင်း စာနာထောက်ထားမှု အခြေခံကနေ ပူးပေါင်း၍ ပြိုင်တူတွန်းလှန်ကြမည်ဆိုလျှင် နိုင်ငံသားများ၏ ဝမ်းနည်းပူဆွေးကာ ပူပင်သောကများ ဖြစ်နေခြင်းကနေ ကင်းဝေးသွားပါလိမ့်မည်။ ယခုလို တိုက်တွန်းခြင်းကလည်း နိုင်ငံရေးလှည့်ကွက်များ ပါဝင်ခြင်း မရှိဘဲ ရိုးသားခြင်းဖြင့်သာ တိုက်တွန်းခြင်း ဖြစ်ပါသည်။ နစက အနေဖြင့်လည်း နိုင်ငံသူ/သားများ၏ ပူးပေါင်း ပါဝင်မှုကို လက်ကမ်းကြိုဆိုရမည်ဖြစ်သလို ကျန်းမာရေး ဝန်ဆောင်မှု များ ပေးအပ်နေခြင်းကို လိုအပ်သလို ဖြေလျော့ ပေးသင့်သည်။

ဥပမာ- ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများ လိုအပ်နေရာ ဆရာဝန်များကို နိုင်ငံရေးအရ တရားစွဲ ဆိုထားမှုများကနေ ဖြေလျော့ပေးခြင်း၊ အမှုများရုပ်သိမ်းပေးခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း များတွင် ပူးပေါင်း ဆောင်ရွက် ပေးရေး ဆွေးနွေးညှိနှိုင်းခြင်းများ ပြုလုပ်သင့်သည်။

ဆရာဝန်များနှင့် စေတနာ့ဝန်ထမ်းများ၊ အလှူရှင်များသည် ပြီးခဲ့သည့် ပထမလှိုင်း၊ ဒုတိယလှိုင်းများတုန်းကလိုပဲ ယခု ကိုဗစ်-၁၉ တတိယလှိုင်းကို ပူးပေါင်းပါဝင်ပေးကြလျှင် မြန်မာနိုင်ငံတွင် ဖြစ်တည်နေသော ကျန်းမာရေး ကပ်မှသည် စီးပွားရေး ကျဆင်းမှုတို့ကိုပါ ကျော်လွှားနိုင်မည်ဖြစ်သည်။

လက်ရှိတွင်လည်း ဆရာဝန်များ၊ စေတနာ့ဝန်ထမ်းများ၊ အလှူရှင်များသည် မိမိတက်နိုင်သည့်ဘက်ကနေ ဝိုင်းဝန်း ကြိုးပမ်း ၍ ကိုဗစ်-၁၉ တတိယလှိုင်းကို ကာကွယ်ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေကြသည်ကိုလည်း တွေ့ မြင်ရသည့်အတွက် အလွန် အားရနှစ်ထောင်းမိသည်။ ယခုထက် ပိုမိုသော ပူးပေါင်းဆောင်ရွက်မှုများ အား ကောင်းလာမည်ဆိုလျှင် ကိုဗစ်-၁၉ တတိယ လှိုင်းကို မြန်မာနိုင်ငံကျော်လွှားနိုင်မည်ဟု ယုံကြည်ပါသည်။

ထို့ကြောင့် အပြန်အလှန် ယုံကြည် လေးစားခြင်းဖြင့် ပြိုင်တူတွန်း၍ ကိုဗစ် တတိယလှိုင်းကို ကျော်ဖြတ်ရမည်။ ထိုသို့ ပူးပေါင်းဆောင်ရွက်ရာတွင် သတင်းအမှားများ ဖြန့်ဖြူးမှုကို ရှောင်သင့်သလို ပြည်သူများအနေဖြင့်လည်း သတင်း အချက်အလက်များ ရယူသည့်အခါ သတင်းအမှား/အမှန်ကို သေချာစိစစ်ပြီးမှ ယုံသင့် မယုံသင့်ကို ကောက်ချက်ချခြင်း ဖြင့်လည်း ပူးပေါင်း ပါဝင်နိုင်ပါသည်။

အလားတူ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကလည်း သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ ပြည်သူ လူထုကို အဖြစ်အမှန်တိုင်း တင်ဆက်ပေးခြင်းဖြင့် ကိုဗစ် တတိယလှိုင်းကို ထိန်းချုပ်ရေး ကြိုးပမ်းသင့် သလို အောက်ခြေမှ အခက်အခဲများကို နစက အဖွဲ့ဝင်များကလည်း သတင်းအချက်အလက်အမှန်ရရှိရေး ကြိုး ပမ်း၍ ကိုဗစ်တတိယလှိုင်း ထိန်းချုပ်နိုင်ရေး လုပ်ငန်းများကို သေချာ ချမှတ် အကောင်အထည်ဖော်ခြင်းဖြင့် ပြိုင်တူ တွန်းရမည်။ ဆေးနှင့်ဆေးပစ္စည်း များ ဈေးမြှင့် ရောင်းချနေသူများကိုလည်း ကုန်စည်အရေးပေါ် ဥပဒေဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူ များက ထိရောက်စွာ အရေးယူခြင်းဖြင့် တားဆီးပေးရမည်။

ထို့နောက် ဆေးနှင့် ဆေးပစ္စည်း အပါအဝင် စားသောက် ကုန်များ ရောင်း/ဝယ်ရေး လုပ်ကြသူများအနေဖြင့်လည်း ပြည်သူ လူထု ဝမ်းနည်း ပူဆွေးနေခြင်း အချိန်ကို ကျော်ဖြတ် နေရသည့် ကာလအတွင်း ပစ္စည်းဈေးနှုန်း များ အဆမတန် ဈေးမြှင့် ရောင်းချခြင်းဖြင့် စီးပွားရှာခြင်းကို ရှောင်ကျဉ်၍ ကိုဗစ်-၁၉ တတိယလှိုင်းကို ကာကွယ် ထိန်းချုပ်နိုင်ရေး ပူးပေါင်း ပါဝင် ပေးရန် လေးစားစွာဖြင့် တောင်းဆို တိုက်တွန်းအပ်ပါသည်။

မည်သို့ပင်ဆိုစေကာမူ မြန်မာနိုင်ငံသူ/သားများ ကိုဗစ်-၁၉ တတိယလှိုင်းကို ပြိုင်တူတွန်း၍ တိုက်ဖျက်ကြနိုင်ပါစေ၊ မြန်မာ စကားပုံအတိုင်း “မချစ်သောလည်း အောင့်ကာနမ်း”ဆိုသလို နိုင်ငံရေးနှင့် ကျန်းမာရေး ကပ်ဘေးကို သီးခြားထား၍ ကိုဗစ်-၁၉ တတိယလှိုင်းကို တိုက်ဖျက်ရေးအတွက် ပြိုင်တူတွန်းကြရန် လေးစားစွာဖြင့် တိုက်တွန်းအပ်ပါသည်။