အယ်ဒီတာ့ အာဘော်
၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၂
မြန်မာနိုင်ငံတွင် လူမျိုးပေါင်းစုံ နေထိုင်ကြတဲ့အတွက် အရောင်အသွေးစုံလင်လှပါတယ်။ ဒါကြောင့်လည်း မတူညီတဲ့ ဘာသာစကားတွေ၊ ရိုးရာယဉ်ကျေးမှုတွေ၊ ရေမြေတောတောင်တွေဟာလည်း တစ်ဒေသနဲ့တစ်ဒေသ မတူညီတဲ့အတွက် အလွန်လှပတဲ့ တိုင်းပြည်လို့ဆိုရမှာပါ။
သို့ပေမယ့်လည်း မြန်မာနိုင်ငံတွင် နိုင်ငံရေးစနစ်အရ ရှုပ်ထွေးမှုများရှိသလို လက်နက်ကိုင် ပဋိပက္ခများဟာလည်း နှစ်ပေါင်း ၇၀ ကျော်ကြာလာသည့်တိုင်အောင် ယနေ့ထိ မရပ်တန့်နိုင်သေးတဲ့အတွက် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျလာခဲ့ပါတယ်။
ဒီလိုဖွံ့ဖြိုးမှု နိမ့်ကျလာတာနဲ့ တပြိုင်တည်းမှာပဲ နိုင်ငံသူနိုင်ငံသားများဟာ နေ့စဉ်နဲ့အမျှ ရုန်းကန် လှုပ်ရှား နေကြရပြီး အဆင်မပြေမှုများ၏ နောက်ဆက်တွဲဖြစ်တဲ့ ရန်လိုမှုတွေ ပိုမိုများပြားလာတာကို တွေ့လာရပါတယ်။ ရန်လိုမှုတွေ များလာတာနဲ့တပြိုင်တည်းမှာပဲ အမှားကိုထောက်ပြရင်တောင်မှ အမှန်တရားဟာ နားခါးစရာလို ဖြစ်လာတော့တာပါ။
အခုလက်ရှိ အနေအထားကို သေချာလေ့လာကြည့်မယ်ဆိုရင် မြန်မာနိုင်ငံက လူ့အဖွဲ့အစည်းရဲ့ စိတ်ဓာတ်များဟာ ယိုယွင်းပျက်စီးလာနေပြီလို့ ဆိုရပါမယ်။
ဒီလိုလူ့အဖွဲ့အစည်း ယိုယွင်းပျက်ဆီးလာတာကလည်း သူ့ဘက် ကိုယ့်ဘက်၊ ငါနဲ့မတူ ငါ့ရန်သူ ဆိုပြီး သတ်မှတ်မှု တွေကြောင့်လို့ ဆိုရမှာဖြစ်သလို နောက်တစ်ခုက အမှားကိုထောက်ပြ အမှန်ကိုချပြသူ အလွန်ရှားပါးလာတာ ကလည်း အကြောင်းအရာ တစ်ခုအနေနဲ့ ဖြစ်တည်လာနေခြင်းလည်း ဖြစ်ပါတယ်။
ဒါကြောင့် မိမိနေထိုင်တဲ့ ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေလဲ၊ မိမိနေထိုင်တဲ့ နိုင်ငံမှာ ဘာတွေဖြစ်နေလဲ မြင် အောင် ကြည့်ရပါမယ်၊ မြင်အောင် ကြည့်ပြီးရင်လည်း အမှား၊ အမှန်ကို ဝေဖန်ဆန်းစစ်ပြီး ဆုံးဖြတ်နိုင်ဖို့ လို အပ်ပါမယ်။
မဟုတ်ရင်တော့ လူတကာရဲ့ ဝါဒဖြန့်ချိရေး အောက်မှာပဲ ပိတ်မိနေမှာဖြစ်သလို ကိုယ်မြင်နေတဲ့အရာနဲ့ လက်တွေ့ ဖြစ်တည်နေတဲ့အမှန်တရားတို့ဟာ လွဲချော်နေဦးမှာ ဖြစ်ပါတယ်။
ဉပမာဆိုရရင် ထိုင်းနိုင်ငံမှာ နိုင်ငံရေးစနစ်အရ သဘောထား ကွဲလွဲမှုများနဲ့ သူ့ဘက် ကိုယ့်ဘက် ဖြစ်လာကြပြီး နောက် ရှပ်နီ-ရှပ်ဝါဆိုတဲ့ လူ့အဖွဲ့အစည်းကြီး နှစ်ခုကွဲခဲ့ပါတယ်။ ဒီ့နောက်မှာတော့ သဘောထားတစ်ခုခု ကွဲလွဲပြီဆိုတာနဲ့ တိုင်းပြည်အဓိကရုဏ်း ဖြစ်အောင် ဖန်တီးဖို့ လွယ်ကူသွားစေခဲ့ပါတယ်။
အခု မြန်မာနိုင်ငံမှာလည်း စတင်ကြုံတွေ့နေရပြီလို့ ဆိုရပါမယ်။ဖေဖော်ဝါရီ ၁ ရက်မှာ တပ်မတော်က နိုင်ငံတော် အာဏာကို ရယူလိုက်ပြီးနောက်မှာ နိုင်ငံရေးရှုပ်ထွေးမှုတွေဖြစ် လာခဲ့ပါတယ်။ဒီလိုရှုပ်ထွေးလာတဲ့ နိုင်ငံရေးစနစ် ကြီးထဲမှာ မြန်မာ့လူ့အဖွဲ့အစည်းကြီးဟာလည်း တဖြေးဖြေးနဲ့ ပျက်စီးယိုယွင်းလာတဲ့ အနေအခြေကို ရောက်လာနေတာ တွေ့နေရပါတယ်။
ဒါတွေကို အချိန်မှီ မထိန်းနိုင်ခဲ့ရင် မြန်မာနိုင်ငံမှာ အနီ-အစိမ်း-အဝါ-အပြာ အကွဲအပြဲ၊ တောင်တန်း-ပြည်မ အကွဲ အပြဲ၊ အရပ်ဘက်-စစ်ဘက် အကွဲအပြဲ၊ နိုင်ငံရေးပါတီနဲ့ ပြည်သူ လူထု အကွဲအပြဲ၊ ဘာသာရေးအဖွဲ့အစည်းနဲ့ လူထု အကွဲအပြဲ၊ ပြည်သူလူထုအချင်းချင်း အကွဲအပြဲ စတာတွေ ဖြစ်လာပါလိမ့်မယ်။
ဒါကြောင့် နိုင်ငံရေးစနစ်အပေါ်မှာ မတူညီဘဲ သဘောထားကွဲလွဲမှုတွေကနေ လူ့အဖွဲ့အစည်းတစ်ခုလုံး ပျက်စီးယိုယွင်းသွားမယ့် အခြေအနေထိ မရောက်သွားအောင် ထိန်းသိမ်းဖို့ မြန်မာနိုင်ငံသား အားလုံးမှာ တာဝန်ရှိပါတယ်။
ဒီလို ထိန်းသိမ်းဖို့ကလည်း အမှားကို ထောက်ပြရဲသူနဲ့ အမှန်ကို ချပြရဲသူတွေ ရှိဖို့လိုအပ်ပါတယ်။ အခု လက်ရှိ မှာတော့ ဒီလူတန်းစားနှစ်ရပ်ဟာ မြန်မာနိုင်ငံမှာ အင်မတန် နည်းပါးနေသေးတယ်လို့ ဆိုရပါမယ်။
ဒီမိုကရေစီနိုင်ငံကို ထူထောင်ချင်ရင် ဒီမိုကရေစီစံနှုန်းတွေဖြစ်တဲ့ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်၊ လွတ် လပ်စွာ ရေးသားထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ ပြောဆိုဆွေးနွေးခွင့် စတဲ့ လွတ်လပ်ခွင့်တွေနဲ့ မတူညီတဲ့ သဘော ထားတွေ၊ ထုတ်ဖော်ပြောဆိုချက်တွေကို လက်ခံရပါမယ်။ အဲဒီလိုမဟုတ်ဘဲ ဟန့်တား တိုက်ခိုက်နေမယ်ဆိုရင် အဲဒီလူတွေဟာ ဒီမိုကရေစီ အရေခြုံသမားများသာပဲဖြစ်ပြီး ထိုသို့သော လူမျိုးတွေသာ မြန်မာနိုင်ငံမှာ ကြီးစိုးနေမှာဖြစ်ပါတယ်။ တကယ့် ဒီမိုကရေစီ နိုင်ငံသားတွေကတော့ တိမ်မြှုပ်ပျောက်ကွယ် သွားရပါလိမ့်မယ်။
ဒီမိုကရေစီနိုင်ငံကို ထူထောင်မယ်လို့ အားလုံးက ကြွေးကြော်နေပေမယ့် အမှန်ပြောပြီး အမှားကို ထောက်ပြ လာရင် ထိုသူကို ရန်သူလို ဆက်ဆံနေတဲ့နိုင်ငံကို ထူထောင်မှန်းမသိ ထူထောင်မိနေတာကိုလည်း သတိချပ်ဖို့ လိုအပ်ပါမယ်။ ဒါ့အပြင် အမှန်ပြောပြီး အမှားကို ထောက်ပြရင် ဖမ်းဆီးခံရခြင်း(သို့မဟုတ်)သတ်ဖြတ်ခံရခြင်း တွေကို ရင်ဆိုင်ကြုံတွေ့နေရတဲ့နိုင်ငံကို ထူထောင်မိနေတာကိုလည်း သတိချပ်ဖို့ လိုအပ်ပါမယ်။
ပုံ-Freepik
အဲဒီလိုမဟုတ်ဘဲ ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင်တော့ ဒီမိုကရေစီနိုင်ငံကို ထူထောင်နိုင်မှာ မဟုတ်သလို ဖက်ဒရယ်ပြည်ထောင်စုကိုလည်း ထူထောင်နိုင်မှာ မဟုတ်ပါဘူး။
ဥပမာတစ်ခုကိုပြောရရင် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်က CNI သတင်းဌာနနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD)ဥက္ကဋ္ဌ စိုင်းညွန့်လွင်တို့၏ အင်တာဗျူးမှာ “နိုင်ငံရေးပဋိပက္ခတွေကို ဘေးခဏချထားပြီး လူသား တွေဆီသွားပါ”လို့ ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ တတိယလှိုင်းဖြစ်ပွားမှု ပြင်းထန်ပြီး လူသေဆုံးမှု အင်မတန် မြင့်တက်နေတာမို့ လူ့အသက်တွေ ကယ်တင်ဖို့ရန်အတွက် နိုင်ငံရေးအရ အဆင်မပြေပေမယ့် ဒါတွေကို ခဏထားပြီး အရင်ဆုံး လူ့အသက်တွေကို ကယ်တင်ဖို့သင့်တယ်လို့ တိုက်တွန်းခဲ့တာပါ။
ဒီ့အပေါ် ပြစ်တင်ဝေဖန်တိုက်ခိုက်သံများ တော်တော်လေးကို ညံစီခဲ့ပါတော့တယ်။
မြန်မာနိုင်ငံမှာ ဖြစ်သင့် ဖြစ်ထိုက်တာနဲ့ သိသင့် သိထိုက်တဲ့ အကြောင်းအရာများကို ချပြသူတွေ၊ အမှားကို ထောက်ပြသူတွေရဲ့ ဆွေးနွေးချက်တွေဟာ လူအများအတွက် နားခါးစေခဲ့ပြီး လူအများအကြိုက်ပြောနေသူတွေ ကတော့ တိုင်းပြည်ရဲ့ ကယ်တင်ရှင်များအနေနဲ့ ချီးမွန်းခံနေရပါတယ်။
ဒါကြောင့် အမှန်တရားအတွက် လစ်လျူရှုပြီး နေရမှာလား၊ လူအများအကြိုက် လိုက်ပြောရမှာလား၊ တိုင်းပြည် ကောင်းဖို့ ပြည်သူလူထု မနစ်နာဖို့ ပြောရမှာလား သေချာပြန်ဆန်း စစ်နေရပါပြီ။အမှန်တရားကို ပြောသူတွေ မရှိ တော့ရင် အမှန်တရားက ပျောက်ကွယ်ပြီး ဝါဒဖြန့်ချိရေးတို့ လွှမ်းမိုးအားကောင်းလာပါလိမ့်မယ်။
ဒါကြောင့် မြန်မာနိုင်ငံတွင် အမှားကိုထောက်ပြမယ့် နိုင်ငံရေးသမားများ၊ တတ်သိပညာရှင်များ၊ နိုင်ငံသားကောင်း သမီးပျိုများ တကယ်ကို လိုအပ်နေပါတယ်။
တောင်အာဖရိကတွင် လူဖြူ-လူမည်း ခွဲခြားမှုမရှိရေးနဲ့ ဒီမိုကရေစီနိုင်ငံအဖြစ် ပြောင်းလဲနိုင်ရေးတို့အတွက် နယ်လ်ဆင်မင်ဒဲလားနဲ့ ဒီကလပ်တို့ ကြိုးပမ်းခဲ့တာတွေကို လေ့လာကြည့်ရင် မြန်မာနိုင်ငံမှာလည်း ဒီလို ခေါင်းဆောင်မျိုးတွေ လိုအပ်နေတာကို တွေ့ရပါတယ်။
ပုံ-နယ်လ်ဆင်မင်ဒဲလားကိုတွေ့ရစဉ်(AFP)
နယ်လ်ဆင်မင်ဒဲလားက “လှပတဲ့ ဒီမြေပေါ်မှာ လူတစ်ဦးက လူတစ်ဦးကို ဖိနှိပ်ခြင်းမျိုး နောင်ဘယ်တော့မှ မကြုံ ကြရပါစေနဲ့။ တောင်အာဖရိက ပြည်သူများရဲ့ ဒီကြီးကျယ်တဲ့ အောင်ပွဲကို ဘယ်တော့မှ ဂုဏ်ရောင်မှေးမှိန် မသွား ပါစေနဲ့။ လွတ်လပ်ခြင်းများသာ ထာဝရကြီးစိုးပါစေ”လို့ ပြောခဲ့ပါတယ်။
အခု မြန်မာနိုင်ငံကို အုပ်ချုပ်လိုတဲ့ ခေါင်းဆောင်တွေဟာ တိုင်းပြည်ကောင်းစားရေး လုပ်နေပါတယ်ဆိုပေမယ့် လည်း နောက်မှာ တစ်ဖက်နဲ့တစ်ဖက် အပြုတ်တိုက်ရေးကိုသာ ကြိုးပမ်းရင်း တိုင်းပြည်နဲ့ ပြည်သူလူထု နစ်သ ထက် နစ်အောင် လုပ်မိနေတယ်ဆိုတာကို သတိချပ်ဖို့ လိုအပ်ပါတယ်။
စာရေးသူ နိဂုံးချုပ်အနေနဲ့ တိုက်တွန်းလိုတာကတော့ မြန်မာနိုင်ငံနဲ့ ပြည်သူလူထု ကောင်းစားရေး၊ ဖွံ့ဖြိုးတိုး တက်ရေးအတွက် သက်ဆိုင်ရာ လူပုဂ္ဂိုလ်တွေဟာ မာန်မာနတွေကို ရှေ့တန်းမတင်ဘဲ တွေ့ဆုံဆွေးနွေး အဖြေရှာ ကြဖို့ လေးလေးနက်နက် တိုက်တွန်းလိုပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံက လူ့အဖွဲ့အစည်းရဲ့ စိတ်ဓာတ်တွေ ယိုယွင်းပျက်စီးမသွားအောင် မြန်မာနိုင်ငံသားများ အနေနဲ့အမှားကို ထောက်ပြရဲသူဖြစ်ပါစေ၊ အမှန်ကို ချပြရဲသူများဖြစ်ပါစေ။ နိုင်ငံတော်ကလည်း အမှားကို ထောက်ပြသူ၊ အမှန်ကိုချပြရဲသူတွေကို လိုအပ်နေပါတယ်။
၁၈၆၁-၆၅ ခုနှစ်က အမေရိကန်ပြည်ထောင်စုတွင် တောင်ပိုင်း-မြောက်ပိုင်း တွဲရေးခွဲရေးကနေ အမျိုးသား ညီညွတ်ရေး ပျက်ပြားပြီး ပြည်တွင်းစစ်ဖြစ်တဲ့အခါမှာ အမျိုးသားညီညွတ်ရေး ပြန်လည် တည်ဆောက် နိုင်ဖို့ အတွက် တောင်ပိုင်းပြည်နယ်က ဆီနိတ်တာ အမတ်ဖြစ်ခဲ့တဲ့ ဆမ်ဟောက်စတန်က ခွဲထွက်ရေးကို အားမပေးဘဲ အတွဲယှဉ်တွဲနေထိုင်ရေးနဲ့ပတ်သက်ပြီး သူရဲ့ယုံကြည်ချက်နဲ့ မျှော်တွေးချက်ကို အောက်ပါအတိုင်း ပြောခဲ့ပါတယ်။
“ကျွနှ်ပ်တို့ရဲ့ နောင်လာနောင်သားများဟာ ငြိမ်းချမ်းရေး၊ ညီညွတ်ပြီး စည်ပင်ဝပြောရေးနဲ့ ပြည့်စုံတဲ့လောကမှာ နေကြပါစေ၊ ညီညွတ်ရေးပျက်ပြားပြီး အချင်းချင်းထိုးခုတ်တိုက်ခိုက်ရမယ့်လောကကို မရောက်ကြပါစေနဲ့၊ သူတို့ ချမ်းသာစွာနေရေးအတွက် ကျွန်ုပ်တို့မှာ တာဝန်ရှိပါတယ်"လို့ ဆိုခဲ့ပါတယ်။
ဒါကြောင့် တောင်ပိုင်းသားများက အဲဒီအမတ်နဲ့မိသားစုများကို သစ္စာဖောက်၊ အမျိုးရုပ်၊ အကျိုးမျှော်ဝါဒီသမား၊ အာဏာရှင်ကို အားပေးသူလို့ ပြောခဲ့ကြသလို သူနဲ့သူ့မိသားစုကို လူ့အဖွဲ့အစည်းကနေ ဖယ်ကျဉ် လိုက်ပါတယ်။ ဒါပေမယ့် ခွဲထွက်ရေးလမ်းစဉ် မအောင်မြင်ဘဲ အမေရိကန်ပြည်ထောင်စုဟာ အခုလို ကြီးကျယ်တဲ့ နိုင်ငံတစ်နိုင်ငံ အဖြစ် တည်ရှိလာတဲ့အခါမှာတော့ ထိုသူရဲ့ ရပ်တည်ချက်နဲ့ မျှော်တွေးချက်ကို ကျေးဇူးတင်ခဲ့ကြပါတော့တယ်။ ဆမ်ဟောက်စတန်ကတော့ သူယုံကြည်ရာကို ရဲရဲဝံ့ဝံ့နဲ့ တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။