
- By CNI
- Category: နိုင်ငံရေး
- Hits: 1148
CNI News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၄
ဒီမိုကရေစီလမ်းစဉ်ဖြင့် သွားလိုက်သည့်အချိန် မြန်မာပြည်မှာ လက်နက်ကိုင်လမ်းစဉ် ပိုမိုများပြားလာကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
အမျိုးသားလုံခြုံရေးအရ ကြည့်မည်ဆိုပါက ဒီမိုကရေစီခေတ်တွင် လက်နက်ကိုင်များမှ ငြိမ်းချမ်းရေး၊ လူ့အခွင့် အရေး စသည့် အရေးကိစ္စများဖြင့် သူတို့၏ အခွင့်အလမ်းများကို လုပ်ဆောင်နေကြောင်း ၎င်းက ပြောသည်။
ဦးသိန်းထွန်းဦးက “ပြောရရင်တော့ ကောင်းတော့ မကောင်းဘူးပေါ့နော်၊ ဒီမိုကရေစီ တည်ဆောက်ရေး လမ်းစဉ် ဆိုပြီး သွားလိုက်တဲ့ အချိန်ကြမှပဲ မြန်မာပြည်မှာ လက်နက်ကိုင်လမ်းစဉ်က ပေါလာလိုက်တာ မိုးဦးကျ မှိုပေါက် တာမှ နည်းနည်း နည်းချင်နည်းနေဦးမယ်၊ အရမ်းများတဲ့ အတွက်ကြောင့် အဲဒီလက်နက်ကိုင်တွေက ဘယ်ဦးတည် ချက်နဲ့ သူတို့ သွားနေကြတာလဲ၊ ပြောရရင်တော့ သီအိုရီအရတော့ နန့်စတိတ်အက်တာတွေပါ၊ သူတို့မှာ ဘာဖြစ် လဲဆိုတော့ နိုင်ငံရေးဆိုင်ရာ ဦးတည်ချက်တွေ ရှိတယ်၊ နိုင်ငံရေးဆိုင်ရာ ဦးတည်ချက်တွေ မရရအောင် လုပ်မယ်ဆို ရင်တော့ အဲဒါတွေကို ပြန်လည် ဖြေရှင်းရင်းနဲ့ စစ်ရေးက နောက်က ကျွဲကူးရေပါ ဆိုသလို နောက်က လိုက်လာမှာ ပဲ” ဟု CNI သတင်းဌာနသို့ ပြောသည်။
NUG လက်အောက်ရှိ PDF များကိုတွေ့ရစဉ်
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းခွင့်မရ၍ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြခြင်းဖြစ် ကြောင်း ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။
ခွန်မြင့်ထွန်းက “ကျနော်တို့ တိုင်းပြည်မှာ ဒီတော်လှန်ရေးတွေ ပေါ်ပေါက်လာရတာကတော့ ဒီမိုကရေစီ မိုးမှောင် ကျသွားလို့ ဖြစ်ပါတယ်၊ ကျနော်တို့ တိုင်းပြည်မှာ ဒီမိုကရေစီတွေ မိုးမှောင်ကျခဲ့တယ်၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းခွင့် မရခဲ့လို့ လူထုအပေါ်မှာ ဖိစီးနှိပ်စက်တယ်၊ အဲဒီအခါမှာ လူထုက မိမိကိုယ်ကို မိမိ ခုခံ ကာကွယ်ရတယ်၊ ဒီနေ့ နွေဦးတော်လှန်ရေး ဖြစ်စဉ်က အဲဒါပါ၊ ဒီမိုကရေစီ မိုးမှောင်ကျသွားတယ်၊ ပါးစပ်နဲ့ ပြောလို့ ရှင်းလို့ မရတော့ဘူး။ ရှင်းလို့မရတဲ့အပြင် လူထုကို ပြည်သူကို ရန်သူလို့ သတ်မှတ်ပြီး သတ်ဖြတ်နှိပ်စက်တဲ့ အချိန် မှာ ပြည်သူလူထုက ပေါ်ပြူလေးရှင်း ပရိုတက်ရှင်းပေါ့၊ လူထုက ပြန်ပြီးတော့ ခုခံတွန်းလှန်ရတာပေါ့၊ ဒီနေ့ ကျနော် တို့ တိုင်းပြည်မှာ ဖြစ်နေတဲ့ တော်လှန်ရေးရဲ့ အခြေခံက အဲဒါပါ။ ဒါကြောင့် အရင်းခံ အကြောင်းအရင်းက ဒီစစ် အာဏာရှင်စနစ်နဲ့ ဒီစစ်အာဏာရှင်စနစ်ကို ပြင်းပြင်းထန်ထန် ကိုင်တွယ်ကျင့်သုံးနေတဲ့ စစ်အာဏာရှင်တွေကြောင့် ဖြစ်ပါတယ်၊ ဒါကတော့ အခြေခံ အကြောင်းအရင်းပါ” ဟု ပြောသည်။
တပ်မတော်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေသည့် လက်နက်ကိုင်အဖွဲ့များကိုတွေ့ရစဉ်
မြန်မာပြည်မှာ လက်နက်ကိုင် အဖွဲ့အစည်း များပြားလာခြင်းမှာ ဒီမိုကရေစီ အခွင့်အရေး မခံစား၍သောကြောင့် ဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
ဦးသန်းစိုးနိုင်က “ဒီမိုကရေစီခေတ်မှာကတော့ လက်နက်ကိုင်တွေ ပိုများတယ်ဆိုတာက ကျနော်တို့က ဒီမိုကရေစီ အခွင့်အရေး မခံစားရလို့ပါ၊ ပြီးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် လက်ထက်က အဲဒီအဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းတဲ့ ဆောင်ရွက်မှုတွေ ရှိခဲ့ပါတယ်၊ ဒါပေမဲ့ စစ်အာဏာသိမ်းပြီးတဲ့အခါမှာ အဲဒီအင်အားစုတွေ ပိုပြီးတော့ တိုးပွားများပြားလာတာ ဖြစ်ပါတယ်၊ စစ်ကောင်စီရဲ့ မတရား အာဏာသိမ်းမှုအောက်မှာ ပေါ်ပေါက်လာတဲ့ PDF ဆို တာ သိန်းနဲ့ချီပြီးတော့ ရှိသွားပြီ၊ အဖွဲ့အစည်းတွေလည်း ရာနဲ့ချီပြီး ရှိသွားပြီ၊ အဲဒီအဖွဲ့အစည်းတွေက အရင်တုန်း က ဖက်ဒရယ်အခွင့်အရေးအတွက် တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားအဖွဲ့အစည်းနဲ့ ပေါင်းစပ်မိတဲ့အခါ ပိုပြီးတော့ များပြားလာတာ ဖြစ်ပါတယ်” ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ပြောင်းလဲခဲ့သည့် နိုင်ငံရေး အခင်းအကျင်း ကြောင့် လက်နက်ကိုင် အဖွဲ့အစည်းများသည် နိုင်ငံအနှံ့ ရာနှင်ချီ ပေါ်ပေါက်ခဲ့သည်။
- By CNI
- Category: ရုရှား-ယူကရိန်းအရေး
- Hits: 799
CNI International News
ကိယတ်ဗ်၊ ဇန်နဝါရီ ၁၄
ပြင်းပြင်းထန်ထန် တိုက်ခိုက်နေရသော ဆားတူးဖော်ရေးမြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီဟု ရုရှားဘက်က သောကြာနေ့ တွင် ကြေညာခဲ့ကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။
ယင်းက ယူကရိန်းစစ်ပွဲအတွင်း ဆုံးရှုံးမှုများနေသော ရုရှားတို့အတွက် ကြုံတောင့်ကြုံခဲ အောင်ပွဲတစ်ခုလည်း ဖြစ်သည်။ သို့သော် ဆိုလီဒါ (Soledar) မြို့တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲဟု ယူကရိန်းဘက်က ပြောသည်။
ဆိုလီဒါနှင့် အနီးအနားရှိ ဘတ်မုမြို့ တိုက်ပွဲများသည် ယူကရိန်းအရှေ့ပိုင်းဒေသ တစ်ခုလုံးကို သိမ်းပိုက်ရန် အရေးပါသော တိုက်ပွဲများ အဖြစ်သာမက ယူကရိန်းရှိ အကောင်းဆုံး တပ်ဖွဲ့များ အားလျော့ကာ တန်ပြန် ထိုးစစ်များ မလုပ်ဆောင်နိုင်ရန် အဓိကကျသည့် တိုက်ပွဲများအဖြစ် ရုရှားဘက်က သတ်မှတ်ထားသည်။
သို့သော် ယူကရိန်းဘက်က အရှေ့ပိုင်းမှ ခြေကုပ်ဒေသများကို စွမ်းစွမ်းတမံ ခုခံနေခြင်းက ရုရှားတပ်ဖွဲ့များကို ပိတ်မိနေစေရန် အထောက်အကူ ဖြစ်စေသည်ဟု ပြောသည်။
ဆိုလီဒါမြို့ကို ရုရှားတပ်က ပစ်ခတ်နေစဉ် (AP)
ယူကရိန်းစစ်ပွဲ စတင်ချိန်ကတည်းက ရုရှားသည် ဒွန်းနက်စ်(Donetsk)နှင့် လူဟန့်ခ်(Luhansk) ပြည်နယ်များ ပါဝင်သော ဒွန်းဘတ်စ် (Donbas) ဒေသကို အပြည့်အဝ ထိန်းချုပ်နိုင်ရန် ဦးစားပေးခဲ့သည်။
အဆိုပါ ပြည်နယ်များသည် ၂၀၁၄ ခွဲထွက်ရေး ပုန်ကန်မှုကို ထောက်ခံသည့် နယ်မြေများ ဖြစ်သည်။ သို့သော် လက်ရှိအချိန်တွင် ရုရှားသည် လူဟန့်ခ်ပြည်နယ် အများစုကို သိမ်းပိုက်ထားနိုင်သော်လည်း ဒွန်းနက်စ် ပြည်နယ် တစ်ဝက်ခန့်သည် ယူကရိန်း၏ ထိန်းချုပ်မှု အောက်တွင်သာ ရှိနေသေးသည်။
ဆိုလီဒါမြို့သိမ်း တိုက်ပွဲနှင့်ပတ်သက်၍ သတင်းအမျိုးမျိုး ပေါ်ထွက်လျက်ရှိပြီး မည်သည့်ဘက်က ထုတ်ပြန် ချက်က မှန်ကန်သည်ကို သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ယူကရိန်းတပ်မှူး စကားပြောနေစဉ် (AP)
ဆိုလီဒါမြို့သည် ဇန်နဝါရီ ၁၂ ရက်နေ့ ညနေပိုင်းတွင် လွတ်မြောက်သွားခဲ့ပြီဟု ရုရှားကာကွယ်ရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောခဲ့သည်။
အဆိုပါ ဒွန်းညက်စ်ဒေသသည် ထိုးစစ်ဆင်မှုများကို ဆက်လက် ပြုလုပ်နိုင်ရန် အရေးပါသည်ဟု ဆိုသည်။ ဆိုလီဒါ မြို့ကို ထိန်းချုပ်နိုင်ခဲ့ခြင်းကြောင့် ရုရှားတပ်ဖွဲ့များသည် ဘတ်မု(Bakhmut)မြို့ရှိ ယူကရိန်းတပ်ဖွဲ့များအတွက် ထောက်ပံ့ရေး လမ်းကြောင်းများကို ဖြတ်တောက်နိုင်ကာ ယင်းရှိ ယူကရိန်းတပ်ဖွဲ့များအား ပိတ်ဆို့၊ ဝန်းရံနိုင်လိမ့် မည်ဟုလည်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ဝါရှင်တန်ရှိ စစ်ပွဲများကို စောင့်ကြည့်လေ့လာရေး အဖွဲ့တစ်ခုကလည်း ဆိုလီဒါမြို့ကို ရုရှားတို့ ရရှိခဲ့သော်လည်း ယင်းက ရုရှားအတွက် ကြီးကြီးမားမား အကျိုးသက်ရောက်မှုရှိရန် ရာခိုင်နှုန်း နည်းပါးသည်ဟု သုံးသပ်သည်။
Source: AP
- By CNI
- Category: ရုရှား-ယူကရိန်းအရေး
- Hits: 708
CNI International News
မော်စကို၊ဇန်နဝါရီ ၁၄
နိုင်ငံနှင့် စစ်တပ်ကိုဝေဖန်နေသည့် ပြည်ပရောက်ရုရှားနိုင်ငံသားများ၏ ပိုင်ဆိုင်မှုများကို နိုင်ငံပိုင်အဖြစ် သိမ်းယူ သင့်ကြောင်း ရုရှားလွှတ်တော်ဥက္ကဋ္ဌ ဗာချယ်ဆပ်ဗ် ဗိုလိုဒင် (Vyachlesav Volodin) က ပြောကြောင်း BBC သတင်းတွင်ဖော်ပြသည်။
ရုရှားသမ္မတပူတင်၏ ကာလရှည်မဟာမိတ်တစ်ဦးဖြစ်သော ဗိုလိုဒင်က ရုရှားနိုင်ငံ၊နိုင်ငံသား၊ စစ်သား သို့မဟုတ် အရာရှိများကိုစော်ကားသူများနှင့် ဗီလိန်များကို ပေါ်ပေါ်ထင်ထင်ထောက်ခံသူအားလုံးကို အရေးယူရန် ပြောဆို ခဲ့ခြင်းဖြစ်သည်။
ယူကရိန်းကိုစစ်ပွဲစတင်ခဲ့ခြင်းကြောင့် ရုရှားနိုင်ငံသားထောင်ပေါင်းများစွာသည် နိုင်ငံတွင်းမှ ထွက်ပြေးခဲ့ကြသည်။ အများစုမှာ စစ်မှုထမ်းရန် ခိုင်းစေခံရခြင်းမှရှောင်လွှဲရန်ဖြစ်သည်။ ပြည်ပရောက် ထင်ရှားသူများက ရုရှားအစိုးရ၏ စစ်ပွဲနှင့်ပတ်သက်၍ ဝေဖန်ပြစ်တင်မှုများအပေါ် ပူတင်ကို ထောက်ခံသူများအကြား စိတ်ဆိုးဒေါသထွက်မှုများ ရှိနေချိန်တွင် ဗိုလိုဒင်က ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
ယူကရိန်းနိုင်ငံရှိ မီးလောင်ပျက်ဆီးနေသည့် အဆောက်အဦတစ်ခု(ဓါတ်ပုံ-ယူကရိန်းတိုင်းမ်)
ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလက ယူကရိန်းဘက်သို့ ကျူးကျော်စစ် စတင်ပြီး ရက်အနည်းငယ်အကြာတွင် ရုရှားနိုင်ငံ၌ လက်နက်ကိုင်တပ်ဖွဲ့များကို ဝေဖန်ခြင်း (သို့မဟုတ်) ယူကရိန်းစစ်ပွဲနှင့်ပတ်သက်၍ သတင်း အမှားများ ထုတ်ပြန်ခြင်းသည် ရာဇဝတ်မှုမြောက်သည်ဆိုသော ဥပေဒတစ်ရပ်ကို အတည်ပြုခဲ့သည်။
ယင်းကြောင့် ထင်ရှားသော အတိုက်အခံများအပါအဝင် အစိုးရနှင့် သဘောထားကွဲလွဲသူများစွာသည် စစ်ပွဲကို ဆန့်ကျင်ခြင်းအတွက် ဖမ်းဆီးထောင်ချမှုများနှင့် ရင်ဆိုင်နေရသည်။ ပူတင်၏ အမာခံထောက်ခံသူတစ်ဦးဖြစ်သော သမ္မတဟောင်း ဒီမီထရီ မတ်ဗီဒတ်ဗ် (Dmitry Medvedev) က အဖနိုင်ငံတော်ကြီးကို ပျက်စီးစေလိုသော သစ္စာဖောက်များအတွက် စစ်ပွဲကာလအတွင်း အထူးဥပဒေများ ရှိခဲ့သည်ဟု ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြောခဲ့သည်။ ၎င်းသည် ရုရှားလုံခြုံရေးကောင်စီဝင်လည်းဖြစ်သည်။
စစ်ဒဏ်ခံလိုက်ရသည့် ယူကရိန်းရှိ နယ်မြေတစ်ခုမြင်ကွင်း
သမ္မတဟောင်းမတိုင်ခင် ရုရှားသရုပ်ဆောင် တစ်ဦးဖြစ်သော အာသာ စမိုယာနီနော့ဗ်( Artur Smolyaninov) က သူ့အနေဖြင့် စစ်ပွဲအတွင်း ပါဝင်ခွင့်ရလျှင်ယူကရိန်းဘက်မှဝင်တိုက်ပေးချင်သည်ဟု ပြောခဲ့သည်။ အဆိုပါ ပြော စကားကြောင့် စမိုယာနီနော့ဗ်ကို နိုင်ငံတော်မှရိုက်ကူးသောဇာတ်ကားများတွင် ပါဝင်ခွင့်ပိတ်ပင်ရန် ရုရှားအမတ် များက တောင်းဆိုခဲ့ကာ အဆိုပါ ပြောစကားအတွက် စုံစမ်းစစ်ဆေးရေးကော်မတီက ရာဇဝတ်မှုဖြင့် အမှုဖွင့်ခဲ့ သည်။
ထို့အပြင် ဒူဘိုင်းနှစ်သစ်ကူးဖျော်ဖြေပွဲ၌ ယူကရိန်းနိုင်ငံသားများအတွက် ဆုတောင်းပေးခဲ့သော ရုရှား အဆိုတော် ဗယ်လာရီ မီလတ်ဇီ(Valery Meladze)ကိုလည်း နိုင်ငံသားအဖြစ်မှဖယ်ရှားရန် တောင်းဆိုခဲ့ကြသည်။ ဗိုလိုဒင်သည် ရုရှားအောက်လွှတ်တော် ဥက္ကဋ္ဌဖြစ်ကာ တိုင်ပြည်ကိုစော်ကားသည့်ပြောစကားများကို တုန့်ပြန်ရေး သတ်မှတ် ချက်များသည် ထိရောက်မှုမရှိကြောင်း၊ ထိုသို့စော်ကားပြောဆိုသူများကို အကြမ်းဖက်မှုအဖြစ် သတ်မှတ်ကာ အရေးယူသင့်သည်ဟု သူ၏ တယ်လီဂရမ်တွင် ရေးသားခဲ့သည်။ နိုင်ငံပိုင်သိမ်းရန် ၎င်း၏ တောင်းဆိုမှုကိုလည်း ရုရှားဆီနိတ်တာတစ်ဦးဖြစ်သူ အန်ဒရီ ကလစ်ရှက်စ် (Andrei Klishas) ကလည်း ထောက်ခံခဲ့သည်။
Source:BBC
- By CNI
- Category: နိုင်ငံရေး
- Hits: 793
CNI International News
ဆရီနာဂါ၊ ဇန်နဝါရီ ၁၃
စစ်သွေးကြွတစ်ဦး၏ တိုက်ခိုက်မှုကြောင့် အရပ်သား ၇ ဦး သေဆုံးခဲ့ရပြီးနောက် အိန္ဒိယအစိုးရသည် ဂျမ်မူး (Jammu) နှင့် ကတ်ရှ်မီးယား(Kashmir) ဒေသတို့တွင် ရွာစောင့်တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ ပါဝင်သော ကွန်ယက်တစ်ခုကို ပြန်လည် အသက်သွင်းခဲ့သည်ဟု ရဲအရာရှိတစ်ဦးက ပြောကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
တပ်ဖွဲ့ဝင်တချို့ကို အော်တိုရိုင်ဖယ်များ တပ်ဆင်ပေးထားသည်ဟုလည်း သိရသည်။
အိန္ဒိယအစိုးရသည် ကတ်ရှ်မီးယား ဒေသတွင် ကာလရှည်ကြာ လက်နက်ကိုင် ပုန်ကန်မှုနှင့် ရင်ဆိုင်နေရပြီး အကြမ်းဖက်သမားများကို ပါကစ္စတန်ဘက်က ထောက်ပံ့နေသည်ဟု စွပ်စွဲထားသော်လည်း ပါကစ္စတန်ဘက်က ငြင်းဆို ထားသည်။
ကတ်ရှ်မီးယားတွင် မူဆလင်အများစုရှိပြီး ဂျမ်မူးတွင် ဟိန္ဒူအများစု နေထိုင်ကာ အိန္ဒိယနှင့်ပါကစ္စတန်တို့က အစိတ်အပိုင်းများအလိုက် ထိန်းချုပ်ထားသည်။
အိန္ဒိယ ကတ်မီးရှ်ယားမှာ အိန္ဒိယစစ်တပ်ကို တွေ့ရစဉ်(GETTY IMAGES)
ဂျမ်မူး၏ ရာဂျိုရီ(Rajouri) ခရိုင်ရှိ ဝေးလံခေါင်သီသော ကျေးရွာတစ်ခုမှ ဟိန္ဒူအသိုက်အဝန်းတွင် စစ်သွေးကြွ တစ်ဦး၏ တိုက်ခိုက်မှုကြောင့် ဒေသခံ ၇ ဦး သေဆုံးခဲ့ပြီးနောက် အာဏာပိုင်များသည် ကွယ်ပျောက်လုနီးပါး ဖြစ်နေသော အဖွဲ့ဝင် ၂၆၀၀၀ နီးပါးရှိ ကျေးရွာကာကွယ်ရေးတပ်ဖွဲ့ (VDGs) ကို ပြန်လည် ဖွဲ့စည်းခဲ့သည်။
ရှိထားပြီးသော ကျေးရွာကာကွယ်ရေးတပ်ဖွဲ့(VDGs)များကို ပြန်လည် စုစည်းဖွဲ့စည်းခဲ့သည်ဟု ဒေသခံ ရဲအရာရှိ ချုပ် ဟာဆိဘ်မက်ဟယ် (Haseeb Mughal) က ပြောသည်။
နှစ်ပေါင်းများစွာ တည်ငြိမ်ခဲ့သော်လည်း ယခုအသစ်တဖန် တိုက်ခိုက်မှုများ ပြန်လည် ပေါ်ပေါက်လာခဲ့ကြောင်း၊ ထို့ကြောင့် ယခုလို တိုက်ခိုက်မှုများကို တားဆီးရန် ဒေသခံများအား စုစည်းကာ သင်တန်းပေးမှုများ လုပ်ဆောင်နေကြောင်း၊ တချို့ကို အော်တိုရိုင်ဖယ်များ ထောက်ပံ့ပေးထားကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားခဲ့ သည်။
ရာဂျိုရီခရိုင်အတွင်း တိုက်ခိုက်မှုသည် ကတ်ရှ်မီးယား တောင်ကြားဒေသ၌ စစ်တပ်အင်အား များပြားနေမှုကြောင့် စစ်သွေးကြွများက ဂျမ်မူးသို့ ပြောင်းလဲတိုက်ခိုက်ရန် မျက်စိကျလာသည့် အရိပ်အယောင် ဖြစ်ကြောင်း အမည် မဖော်လိုသည့် အိန္ဒိယအရာရှိတစ်ဦးက ပြောသည်။
အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီကိုတွေ့ရစဉ် (GETTY IMAGES)
၂၀၁၉ ခုနှစ်တွင် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီက ဂျမ်မူးနှင့်ကတ်ရှ်မီးယားတို့ကို ဖက်ဒရယ်အုပ်ချုပ်ရေးဆိုင်ရာ နယ်မြေများအဖြစ် ပြန်လည် ဖွဲ့စည်းခဲ့သည်။ ဖွံ့ဖြိုးတိုးတက်မှုများကို မြှင့်တင်ရန်၊ သွေးထွက်သံယို ပုန်ကန်မှုများ ကို လျှော့ချရန် ရည်ရွယ်ခြင်း ဖြစ်သည်။
VDGs များကို အစိုးရဘက်မှ လစာအဖြစ် တစ်လလျှင် ရူပီး ၄၀၀၀ ထောက်ပံ့သွားမည်လည်း ဖြစ်သည်။ ထိုသို့ လက်နက်တပ်ဆင်ခြင်း၊ လေ့ကျင့်ပေးခြင်းတို့ကို ဒေသခံ VDGs များက ကြိုဆိုကြသော်လည်း ထိုအဖွဲ့တွင် ရာဇဝတ်မှု ကျူးလွန်သူများ ပါဝင်နေခြင်းကြောင့် အစိုးရ၏လုပ်ရပ်ကို ဒေသတွင်း နိုင်ငံရေးသမားတချို့က ဝေဖန်ထားကြသည်။
Source: Reuters
- By CNI
- Category: Watch TV
- Hits: 411
- By CNI
- Category: Watch TV
- Hits: 462
- By CNI
- Category: Watch TV
- Hits: 479
- By CNI
- Category: Watch TV
- Hits: 370

- By CNI
- Category: နိုင်ငံရေး
- Hits: 632
CNI International News
လီမာ၊ ဇန်နဝါရီ ၁၂
ပီရူးနိုင်ငံ ပူနို(Puno) ပြည်နယ်တွင် ကင်းလှည့်နေသော ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ဆန္ဒပြသူများက အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့သည်ဟု တာဝန်ရှိသူများက အင်္ဂါနေ့တွင်ပြောကြားသည်ဟု AP သတင်းတွင်ဖော်ပြသည်။
ယင်းကြောင့် သမ္မတ ပီဒရို ကတ်စတီလို (Pedro Castillo)ကို ဖြုတ်ချခြင်းကြောင့်ပေါ်ပေါက်လာသော ဆန္ဒပြပွဲ များအတွင်း သေဆုံးသူအရေအတွက်သည် ၄၇ ဦးအထိရှိလာပြီလည်းဖြစ်သည်။
အသက် ၂၉ နှစ်အရွယ် ဟိုဆေးလူးဝစ္စဆွန်ကိုကွစ်စပီ(Jose Luis Soncco Quispe) သည် ၎င်း၏လုပ်ဖော် ကိုင်ဖက်တစ်ဦးနှင့်အတူ တနင်္လာနေ့ညတွင် ဂျူလီယာကာ(Juliaca) မြို့၌ ကင်းလှည့်ခဲ့ကြပြီး ၎င်းတို့ကို လူရမ်းကားတစ်စုက တိုက်ခိုက်ခဲ့ကာ ကားကိုပါ မီးရှို့ခဲ့သည်ဟု ပီးရူးရဲတပ်ဖွဲ့အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဆွန်ကို၏လုပ်ဖော်ကိုင်ဖက်ဖြစ်သူမှာ ရော်နယ် ဗီလက်ဆန်တီ (Ronald Villasante) ဆိုသူဖြစ်ပြီး ၎င်းတို့ကို ဆန္ဒပြသူ ၃၅၀ ခန့်က ဖမ်းဆီးထိန်းသိမ်းကာ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သည်ဟု အဆိုပါ အစီရင်ခံစာတွင် ပါဝင်သည်။ ဗီလက်ဆန်တီသည် ရိုက်နှက်ခံရမှုများကြောင့် ဦးခေါင်းတွင် ဒဏ်ရာများစွာရရှိခဲ့ပြီး လီမာမြို့ရှိ ဆေးရုံတစ်ခုသို့တင်ခဲ့ရကြောင်း၊ ၎င်းသည် လုပ်ဖော်ကိုင်ဖက်ဖြစ်သူ ဆွန်ကို သေဆုံးခြင်းကိုလည်း မသိရှိကြောင်း အစီရင်ခံစာတွင် ရေးသားထားသည်။
ဆူပူအုံကြွမှုအတွင်း သေဆုံးခဲ့ရသည့် သူငယ်ချင်းတစ်ဦး၏ ခေါင်းတလားကို ဖက်ပြီး ငိုနေသည့် အမျိုးသမီး တစ်ဦး(ဓါတ်ပုံ-အေပီ)
ပီရူးဝန်ကြီးချုပ် အယ်လ်ဘာတို အော်တာရိုလာ (Alberto Otarola) ကလည်း ဆွန်ကိုသေဆုံးမှုကို အတည်ပြု ပေးခဲ့ကာ ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို ဆန္ဒပြသူများက တိုက်ခိုက်ခဲ့သည်ဟု လွှတ်တော်အစီအစဉ်တစ်ခုတွင် ပြောခဲ့ သည်။ အခင်းဖြစ်ရာသို့ ရဲများရောက်ရှိချိန်တွင် ရဲတစ်ဦးကို ကြိုးတုပ်ရိုက်နှက်ထားကြောင်း၊ ဆွန်ကိုမှာ ကင်းလှည့် ကားပေါ်တွင် အရှင်လတ်လတ်မီးရှို့ခံရမှုကြောင့် သေဆုံးနေပြီဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။
ယင်းကြောင့် ပူနိုပြည်နယ်တွင် ည ၈ နာရီမှ မနက် ၄ နာရီ ညမထွက်ရအမိန့်ကို သုံးရက်ကြာ ထုတ်ပြန်ထား ကြောင်းနှင့် ဆွန်ကိုသေဆုံးမှုအတွက် ဗုဒ္ဓဟူးနေ့ကို အောက်မေ့ဖွယ်နေ့အဖြစ် သတ်မှတ်ကြောင်းလည်း အော် တာရိုလာက ပြောသည်။
ပီရူးနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအဖွဲ့အစည်း(Peru’s Ombudsman’s Office) ၏ အဆိုအရ ကတ်စတီလိုကို ဖြုတ်ချခဲ့သည့် ဒီဇင်ဘာလအစောပိုင်းမှ စတင်ခဲ့သော ဆန္ဒပြမှုများအတွင်း ရဲများနှင့် ပဋိပက္ခ ဖြစ်ပွားမှုကြောင့် အရပ်သား ၃၉ ဦးသေဆုံးကာ ခုနှစ်ဦးမှာ ယာဉ်မတော်တဆမှုများအတွင်း သေဆုံးခဲ့ ကြောင်း၊ ယခု ဆွန်ကို သေဆုံးမှုကြောင့် စာရင်းမှာ ၄၇ ဦးအထိ မြင့်တက်လာပြီဟု သိရသည်။
ဆွန်ကို သေဆုံးမှုမတိုင်ခင် တနင်္လာနေ့က ဂျူလီယာကာမြို့တော်(Juliaca)တွင် ကတ်စတီလိုကို ထောက်ခံဆဲ ဖြစ်သော ကျေးလက်ဒေသများ၌ ရွေးကောက်ပွဲများကို ပြန်လည်စတင်ရန် ဆန္ဒပြတောင်းဆိုခဲ့ကြပြီး အဆိုပါ ဖြစ်စဉ်များတွင် ဆန္ဒပြသူ ၁၇ ဦး သေဆုံးခဲ့ရသည်။
Source:AP
- By CNI
- Category: Watch TV
- Hits: 401
- By CNI
- Category: Watch TV
- Hits: 448
- By CNI
- Category: Watch TV
- Hits: 368
- By CNI
- Category: Watch TV
- Hits: 359
- By CNI
- Category: Watch TV
- Hits: 383
- By CNI
- Category: Watch TV
- Hits: 447
Page 20 of 136