CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
အေအေ၊ တပ်မတော်၊ မြောက်ဦးဒေသ ကျူးကျော်

အုပ်ချုပ်ရေး အားပြိုင်နေ၍ ‌မြောက်ဦး ကျူးကျော် ဖယ်ရှားရခက်နေ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1691

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၆

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော်(ULA/AA)နှင့် တပ်မ‌တော်တို့ နှစ်ဖက်အုပ်ချုပ်ရေး အားပြိုင်နေကြ၍ ‌‌မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ကျူးကျော်များအား ဖယ်ရှားရခက်နေကြောင်း မြောက်ဦးမြို့ ရှေးဟောင်း အမွေအနှစ် စောင့်ရှောက်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးသန်းမြင့်က CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်းမှာ တပ်မတော်နှင့် AA ကြား စစ်ရေးတင်းမာနေသကဲ့သို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အားပြိုင် မှုများလည်း ဖြစ်ပေါ်နေသည်။

ဒုတိယဥက္ကဋ္ဌ ဦးသန်းမြင့်က“လောလောဆယ် အနေအထားကပေါ့နော်။ အဲဒါကတော့ တစ်ပြည်လုံး သိပါတယ်။ ဟိုဘက် ဒီဘက် အားပြိုင်တဲ့ကာလမှာ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အခက်အရှိတဲ့ အခါကျတော့ အဲဒီဟာက နည်းနည်း အခက်အခဲရှိ တယ်။ နန်းတော်ကုန်းမှာရှိတဲ့ အဆောက်အဦကို စပြီးတော့ ဖယ်မယ်လို့တော့ ကြားပါတယ်။ သူတို့ လုပ်တာကိုင်တာကလည်း နှေးပါတယ်။ တစ်ဖက်ကလည်း အုပ်ချုပ်ရေးယန္တရားက ဟိုမကျ၊ ဒီမကျ ဖြစ်နေတာကို။ အဲဒီတော့ ကျူးကျော်တွေ မဖယ်ဘူး ဆိုရင် ဘယ်သူနဲ့ရှင်းရမလဲ။ ရဲနဲ့ ရှင်းရမယ်။ ရဲမပါရင် တပ်ပါမယ် အဲဒါမျိုးပေါ့။ အမှန်က ကျူးကျော်ကိစ္စက တဆင့်ပြီးတဆင့် သိမ်သိမ်မွေ့မွေ့ လုပ်ရမယ့်ကိစ္စ။ ဆိုတော့ ကျူး‌ကျော်ကို တကယ်ရှင်းမယ်ဆိုရင် သူတို့အတွက် နေရာထိုင်ခင်း ပေးရမယ် နံပါတ် ၁ အချက်။ အဲဒါကလည်း ပြည်နယ်အစိုးရဝန်ကြီး ကိုယ်တိုင်ပြောပြီးသားပါ။ ဒီတိုင်းရှင်းလို့ မရဘူး။ သူတို့နေစရာတော့ လုပ်ရမယ်။ နေစရာ ဘယ်မှာပေးမလဲ အဲဒါလည်း ပြဿနာ။ နောက်ပြီး ရှင်းတဲ့အချိန်မှာ မဖယ်ဘူးဆိုပါတော့ ဘယ်သူက လုပ် မှာလဲ ရဲက လုပ်မှာလား။ လောလောဆယ် ဒီကာလ အနေအထားကတော့ နည်းနည်း အခက်အခဲရှိပါတယ်”ဟု ပြောသည်။

ယခုနှစ် စက်တင်ဘာ၊ အောက်တိုဘာ လလောက်တွင် ပညာရှင်များမှ ကွင်းဆင်းစစ်ဆေးမည် ဖြစ်သည့်အတွက် ထိုမတိုင်ခင် ကျူးကျော်များအား အပြီးဖယ်ရှားရန် စီမံကိန်းလျာထားသော်လည်း လက်ရှိအချိန်ထိ ဖယ်ရှားမပေးသေးကြောင်း ရှေး/သု (မြောက်ဦးဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးကြည်ခင်က CNI သတင်းဌာနသို့ ပြောသည်။

မြောက်ဦးဒေသ ယူနက်စကို၀င်ရေးကြိုးပမ်းနေ

ညွှန်ကြားရေးမှူး ဦးကြည်ခင်က“ဒီတိုင်းပါပဲဗျာ။ ဒီတိုင်းပါပဲ။ မဖယ်ပေးကြပါဘူး။ ဘယ်ဖယ်ပေးမလဲဗျာ။ အလကားရထားတဲ့ နေရာတွေ။ ကျနော်တို့ကသာ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် နေရာတွေနဲ့ မလွတ်ကင်းလို့ ပြောနေတာ။ သူတို့က အိမ်ကို သိန်းပေါင်း လေး၊ ငါးရာလောက် တန်နေတဲ့ဟာတွေ။ မဖယ်ပေးဘူးဗျ။ ဘယ်လောက်ပဲ ပြောပြော။ မဖယ်ပေးရင် တရားစွဲ၊ တရားစွဲပြန်တော့လည်း ဖွဦးမယ် မီဒီယာမှာ။ ကျနော်တို့ အနေနဲ့ကတော့ ဒါတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ပူးပေါင်း ပြီးတော့ ဖယ်ရှားမှာပဲ။ ဖယ်ရှားမှပဲ ဖြစ်မှာလေ။ အခုကျူးတဲ့လူတွေက ချမ်းသာတဲ့ လူတွေချည်းပဲလေ။ ဘာဖြစ်လို့ ကျူးနေ ကြတာလဲ။ ကျနော်က ပြန်မေးချင်နေတယ်။ ကိုယ်လည်း နေစရာမရှိတာလည်း မဟုတ်ဘူး။ မြို့ထဲမှာလည်း အိမ်တွေရှိတယ်။ အဲဒီမှာလည်း တိုက်သွားဆောက်တယ်။ တချို့ကျတော့လည်း အာဏာပိုင်တွေနဲ့ ပေါင်းပြီးတော့ မြေရရှိရေးအတွက် ယူကြ တယ်ပေါ့။ ကျနော်တွေ့တဲ့ ကျူးတွေက မြို့ထဲမှာ အိမ်ရှိတဲ့ လူတွေချည်းပဲ”ဟု ပြောသည်။

မြောက်ဦးမှ ကျူးကျော်များအား မြေနေရာ ပေးမည်ဖြစ်ပြီး ၎င်းတို့အားပေးမည့် မြေနေရာကို ရွေးချယ်နေကြောင်း၊ မြေနေရာ ရှိပါက ထိုနေရာသို့ ရွှေ့ပြောင်းပေးမည်ဖြစ်ကြောင်း ရှေး/သု (မြောက်ဦးဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးကြည်ခင်က ဧပြီလ ၂၂ ရက်နေ့က CNI သတင်းဌာနသို့ ပြောကြားခဲ့သည်။

သို့သော် လက်ရှိတွင် ထိုကျူးကျော်များအား မြေနေရာပေးရန်မှာ လွယ်ကူသည့်ကိစ္စ မဟုတ်ကြောင်း ၎င်းက ပြောသည်။

ကျူးကျော်များအား မဖယ်ရှားခင် မြေနေရာပေးရန်အတွက် ဦးစွာလုပ်ဆောင်ထားသင့်ကြောင်း မြောက်ဦးအမွေအနှစ် ထိန်း သိမ်းရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်သန်းက CNI သတင်းဌာနသို့ ပြောသည်။

ဒေါ်ခင်သန်းက “အမှန်တကယ်ကတော့ ယူနက်စကို ဝင်ရေးနဲ့ ကျူးကျော်နဲ့ကတော့ တခြားစီပေါ့။ ယူနက်စကို ဝင်ဖို့အတွက် ကျမတို့ ဘာပစ္စည်း၊ ဘာပစ္စည်း ဘယ်လိုရှိလဲဆိုတာကို ကျမတို့မှာရှိတဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို မှတ်တမ်းတင်တယ်၊ ပြောပြတယ် အဲဒါကတစ်ခု။ နောက်တစ်ခုကတော့ မြို့တော် သန့်ရှင်းသာယာလှပရေး အတွက်ရယ်၊ နောက် ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေတွေမှာ ကျူးထားတဲ့ ကျူးကျော်တွေရှိတယ်။ အဲဒီကျူးကျော်တွေကို ဖယ်ဖို့အတွက်က နံပါတ်တစ်က သူတို့ကို ဖယ်ရင် ဘယ်မှာထားမလဲ ဆိုတာကရှိတယ်။ မြို့သစ်စီမံကိန်းတွေ လိုအပ်တယ်။ အဲဒီစီမံကိန်း‌တွေ ဘာတွေ ဘာမှ မရှိဘဲနဲ့ စနစ်တကျ မလုပ်ရသေးဘဲနဲ့ ပြည်သူလူထုကို သွားဆိုပြီးတော့မှ နင်တို့ ကျူးကျော်သွားဆိုပြီးတော့ နှင်ထုတ်ဖို့က လည်း ခက်ခဲတယ်။ အဲဒါနဲ့ပတ်သက်ပြီး ရေးဆွဲထားတဲ့ အစီအစဉ်တွေတော့ ရှိတယ်။ ဒါပေမယ့် အကောင်အထည်က ဖော်လို့ မလာသေးဘူး။ အဲဒီအတွက် ဒီနေ့ထက်ထိ အထ မမြောက်သေးဘူးလို့ပဲ ကျမပြောချင်ပါတယ်”ဟု ပြောသည်။

လုပ်ငန်းစဉ်အား စနစ်တကျ တဆင့်ပြီးတဆင့် လုပ်ဆောင်ရမည်ဖြစ်သည့်အတွက် တဆင့်မပြီးသေးဘဲ နောက်တဆင့် လုပ်ဆောင်ပါက ပိုမိုခက်ခဲကြောင်း၊ စနစ်တကျ အကောင်အထည် ဖော်မှုမရှိပါက ယခုကဲ့သို့ ရပ်တန့်နေဦးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

မြောက်ဦးဒေသအား ပညာရှင်များ လာရောက်စစ်ဆေးပြီးပါက လာမည့် ၂၀၂၃ ခုနှစ်တွင် ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှု အမွေ အနှစ် ယူနက်စကို ဝင်/မဝင် ဆုံးဖြတ်မည် ဖြစ်သည်။

ထို့ကြောင့် ပညာရှင်များ လာရောက် မစစ်ဆေးခင်အတွင်း မြောက်ဦးဒေသရှိ ကျူးကျော်များကို အပြီးဖယ်ရှားရန် လိုအပ်နေ သည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဒေါ်လာ ၇၅၀ ဘီလီယံတန် ထူထောင်ရေးအစီအစဉ် ယူကရိန်းရေးဆွဲ

By CNI
CNI
Category: Watch TV
Hits: 712

Share
Tweet
Share
Share
powered by social2s

ယူကရိန်းအရှေ့ပိုင်း လူဟန့်စ်ကို သိမ်းပိုက်နိုင်ခဲ့ပြီဟု ပူတင်ကြေညာ

By CNI
CNI
Category: Watch TV
Hits: 665

Share
Tweet
Share
Share
powered by social2s

တိုင်းပြည်အာဏာ ပြည်သူထံအပ်နှင်းရေး နစကမှာ မရှိသေးဟု ဦးသန်းစိုးနိုင်ပြော

By CNI
CNI
Category: Watch TV
Hits: 704

Share
Tweet
Share
Share
powered by social2s

နိုင်ငံရေးဆွေးနွေးမှုမှ စစ်တပ်ထွက်မည်ဟု ဆူဒန်အာဏာသိမ်းစစ်ခေါင်းဆောင်ပြော

By CNI
CNI
Category: Watch TV
Hits: 719

Share
Tweet
Share
Share
powered by social2s

အမျိုးသားနိုင်ငံရေးဦးဆောင်မှုတွင် ဆက်လက်ပါဝင်နေရမည်ဟု တပ်ချုပ်ပြော

By CNI
CNI
Category: Watch TV
Hits: 700

Share
Tweet
Share
Share
powered by social2s

ရှမ်းနီလူမျိုးနဲ့ ရှမ်းနီနယ်မြေကို ပြန်ထူထောင်မယ်

By CNI
CNI
Category: Exclusive Interview
Hits: 1753

Share
Tweet
Share
Share
powered by social2s
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တွေ့ရစဉ်

တိုင်းပြည်အာဏာ ပြည်သူထံအပ်နှင်းရေး နစကမှာ မရှိသေးဟု ဦးသန်းစိုးနိုင်ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1821

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၅

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်းကူးပြောင်းရေး လုပ်ငန်းစဉ် ပြန်လည်စတင်ပြီး တိုင်းပြည်အာဏာကို ပြည်သူထံ အပ်နှင်း ရေး နစကမှာ မရှိသေးကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရေးနှင့် ပြည်သူလူထုထံ အာဏာပြန်လည် အပ်နှင်းနိုင်ရေး အပါအဝင် အချက် ၃ ချက်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အာဆီယံအထူးကိုယ်စားလှယ် မစ္စတာ ပရတ်ဆိုခွန် နှင့်တွေ့ဆုံစဉ် ချပြ ဆွေးနွေးခဲ့သည်။

ဦးသန်းစိုးနိုင်က “အေးဗျာ သူကတော့ သူ့မျှော်မှန်းချက်ကို သူပြောသွားတာတော့ ကျနော်တို့က ကျေးဇူးတင်ရမယ့် ကိစ္စပါ။ ဒါပေမဲ့ လောလောဆယ် အခြေအနေမှာကတော့ သူတို့မှာ အဲဒီသဘောထား စစ်ကောင်စီမှာ မရှိသေးဘူးလို့ ကျနော်ကတော့ ယုံကြည်ပါတယ်ခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က တိုင်းပြည်ကို ရေရှည်အုပ်စိုးသွားဖို့ နောက် အခုသူတို့ ရွေးကောက်ပွဲ လုပ်မယ်ဆိုတာလည်း သူတို့ လူတွေ ကျ‌နော်တို့ ရွေးကောက်ခံကြတဲ့ လွှတ်တော်တစ်ရပ် ဖန်တီးဦးမှာကိုး။ အဲဒီတော့ အဲဒီလို လုပ်တဲ့အခါ တစ်ဖက်က လုပ်ရင်းနဲ့ အခြားတစ်ဖက်မှာလည်း ကျနော်တို့ ပြည်သူလူထုကို ဖိနှိပ်မှုတွေ၊ သတ်ဖြတ်မှုတွေ ဆက် ပြီးတော့ အကြမ်းဖက်မှုတွေ ဆက်ပြီး ကျူးလွန်နေတဲ့ အနေအထားအောက်မှာ မျှော်မှန်းတဲ့ အနေအထားကို ရောက်နိုင်စရာ လမ်းစ မမြင်သေးပါဘူးခင်ဗျ” ဟု CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်က အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာရယူပြီးနောက် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ရွေးကောက်ပွဲ ကျင်းပ၍ အာဏာပြန်အပ်နှင်းမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောထားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြောင်း ပြနေကြစဉ်(EPA)

၂၀၂၃ ခုနှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပပြီး တက်လာသည့် အရပ်သားအစိုးရကို အာဏာပြန်အပ်နှင်းရမည် ဖြစ်ကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

ဦးသိန်းထွန်းဦးက “နစက စတက်ကတည်းက သူတို့ ပြောထားတဲ့ အတိုင်းပါပဲ။ ၂၀၂၃ ရွေးကောက်ပွဲ လုပ်မယ်၊ ‌ရွေးကောက်ပွဲ လုပ်ပြီး ရွေးကောက်ပွဲကနေ တက်လာတဲ့ အရပ်သားအစိုးရကို ပြန်ပြီးတော့ အာဏာအပ်နှင်းမယ်ပေါ့။ ဒီလိုပုံစံမျိုးပဲ သွားရမှာ ပဲ။ ကျနော်တို့အမြင် ဒါကတော့။ ဒီနေရာမှာ တစ်ခုတော့ ရှိတာပေါ့လေ။ လုံခြုံရေးအရ ဘယ်နယ်တွေ၊ ဘယ်နယ်တွေ ဘယ်လောက်အထိ လုပ်နိုင်မလဲဆိုတာ အဲဒါ‌တော့ အခုချိန်ထိလည်း ကျနော်တို့လည်း စောင့်ကြည့်နေဆဲပေါ့။ သေချာတာက တော့ ၂၀၀၈ ခြေဥအတိုင်းပဲ သွားမယ်။ ဒီမိုကရေစီ လမ်းကြောင်းအတိုင်းပဲ ဆက်သွားမယ်ဆိုရင် အာဏာထိန်း ၂ နှစ်အကြာ ၂၀၂၃ သွားမယ်လို့ ပြောထားတဲ့ ဒီရွေးကောက်ပွဲကတော့ မဖြစ်မနေ ဖြစ်ရတော့မှာပေါ့လေ။ အဲဒီလမ်းကြောင်း အတိုင်းပဲ သွားဖြစ်ဖို့ များပါတယ်။ အဓိကက ပြောတဲ့ စကားရပ်ကိုလည်း အဲဒီကို ဦးတည်ထားတယ်လို့ သုံးသပ်ပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် ပြန်လည်စတင်ပြီး တိုင်းပြည် အာဏာကို ပြည်သူများထံ ပြန် လည် အပ်နှင်းရေး မျှော်မှန်းချက် အကောင်အထည် ဖော်ရန်အတွက် တရုတ်နှင့် အာဆီယံ အတူတွန်းအားပေး၍ မြန်မာနိုင်ငံ အခြေအနေနှင့် ကိုက်ညီသော၊ မြန်မာ့ဝိသေသ လက္ခဏဆောင်သော နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းကို ရှာဖွေနိုင် ရန် မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဇူလိုင် ၂ ရက်မှ ၅ ရက်အထိ ကျင်းပနေသော မဲခေါင်-လန်ချန်း ညီလာခံ တက်ရောက် ရန် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
လူဟန့်စ် ဒေသက ရုရှားအလံကိုတွေ့ရစဉ် (AP)

ယူကရိန်းအရှေ့ပိုင်း လူဟန့်စ်ကို သိမ်းပိုက်နိုင်ခဲ့ပြီဟု ပူတင်ကြေညာ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1076

CNI International News

ကိယက်ဗ်၊ ဇူလိုင် ၅

ယူကရိန်း ခံစစ်သမားများ နိုင်ငံ၏အရှေ့ပိုင်း လူဟန့်စ်ခ် (Luhansk) ဒေသမှ နောက်ဆုံး ဆုတ်ခွာပေးလိုက်ပြီး တစ်ရက် အကြာတွင် ရုရှားသမ္မတ ပူတင်က ထိုဒေသကို သိမ်းပိုက်နိုင်ခဲ့ပြီး ဖြစ်ကြောင်း ကြေညာခဲ့သည်ဟု အေပီသတင်းဌာနက ရေးသားဖော်ပြသည်။

ဇူလိုင် ၄ ရက်က ထုတ်လွှင့်ခဲ့သည့် အစည်းအဝေးတစ်ခုတွင် ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျေရွှိုင်ဂု (Sergei Shoigu) က ရုရှားတပ်များ လူဟန့်စ်ဒေသကို သိမ်းပိုက်ခဲ့ကြောင်း သမ္မတ ပူတင်ထံသို့ အစီရင်ခံနေပုံကို တွေ့မြင်ခဲ့ရသည်။

အဆိုပါဒေသသည် ယူကရိန်း၏ စက်မှုလုပ်ငန်း ဗဟိုအချက်အချာဖြစ်သော ဒွန်ဘတ်စ်ဒေသကြီးထဲတွင် ဒွန်နက်စ်ဒေသနှင့် ယှဉ်တွဲလျက် တည်ရှိသည်။

လူဟန့်စ်ဒေသရှိ ယူကရိန်းတပ်ဖွဲ့များ၏ နောက်ဆုံး အမာခံ နယ်မြေဖြစ်သော လာဆက်ချိုက် (Lysychansk) မြို့ကို ရုရှားတို့ သိမ်းပိုက်ပြီးနောက် စစ်ဆင်ရေးမှာ ဇူလိုင် ၃ ရက်တွင် အဆုံးသတ်ခဲ့ကြောင်း ရွှိုင်ဂုက ပူတင်ကို အစီရင်ခံတင်ပြခဲ့သည်။

ရုရှားသမ္မတ ပူတင်နဲ့ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျေရွှိုင်ဂု (AP)

ထို့နောက် ပူတင်က “လူဟန့်စ်တွင် တက်ကြွသော တိုက်ခိုက်မှုများတွင် ပါဝင်ခဲ့သည့် မိမိတို့တပ်ဖွဲ့များ အောင်ပွဲခံပြီးနောက် အနားယူသင့်ကြောင်း၊ ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းရည် တိုးမြှင့်သင့်ကြောင်း” ပြန်လည် မှာကြားခဲ့သည်။

ဇူလိုင် ၃ ရက်တွင် ၎င်းတို့တပ်ဖွဲ့များ လာဆက်ချိုက်မြို့မှ ဆုတ်ခွာခဲ့ကြောင်း ယူကရိန်းစစ်တပ်က အတည်ပြုခဲ့ပြီးနောက် ရုရှားတပ်များက ယူကရိန်း အရှေ့ပိုင်းထဲသို့ ပိုမိုနက်ရှိုင်းစွာ ထိုးစစ်ဆင်ရန် ကြိုးစားနေစဉ် ပူတင်၏အထက်ပါ ကြေညာချက် ထွက်ပေါ်လာခဲ့သည်။

ယူကရိန်း တပ်ဖွဲ့များသည် ဝိုင်းရံပိတ်ဆို့ခြင်းမှ ရှောင်ရှားရန်အတွက် လာဆက်ချိုက်မြို့မှ ဆုတ်ခွာခဲ့ပြီဟု ယူကရိန်းဘက်မှ လူဟန့်စ်ဒေသအုပ်ချုပ်ရေးမှူး ဆာဟေးဟိုင်ဒိုင်း (Serhii Haidai) က ဇူလိုင် ၄ ရက်တွင် ပြောကြားခဲ့သည်။

“လာဆက်ချိုက်မှာ အဝိုင်းခံရတာ အန္တရာယ်များပါတယ်” ဟု ဟိုင်ဒိုင်းက အေပီသတင်းဌာနသို့ ပြောကြားခဲ့သည်။

ယူကရိန်းတပ်ဖွဲ့ (AP)

ယူကရိန်းတပ်များသည် ရက်သတ္တပတ် အတန်ကြာ အဆိုပါမြို့ကို ဆက်ထိန်းထားနိုင်သော်လည်း ပေးဆပ်မှု ကြီးမားနိုင်ဖွယ် ရှိနေကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

“ကျနော်တို့က စစ်မြေပြင် ဗဟိုပြုထားတဲ့ နေရာကနေ ဆုတ်ခွာပေးလိုက်ပြီးတော့ ဒဏ်ရာရသူတွေ အားလုံး ကယ်ထုတ် နိုင်ခဲ့ ပါတယ်။ ပစ္စည်းတွေလည်း အားလုံး ပြန်သိမ်းနိုင်ခဲ့လို့ ဒီကနေ ဆုတ်ခွာပေးလိုက်ရတာ အခြေအနေ ကောင်းပါတယ်” ဟု ဟိုင်ဒိုင်းက ရှင်းပြသည်။

ရုရှားထိန်းချုပ်ထားသည့် ဒွန်နက်စ်ဒေသရှိ စီဗာ့စ် (Siversk) ၊ ဖီဒိုရိုဗကာ (Fedorivak) နှင့် ဘက်ခ်မက် နယ်မြေများဆီသို့ မော်စကိုတပ်များ ယခုအခါ အာရုံစိုက် ကြပ်မတ်နေကြောင်း ယူကရိန်းစစ်ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

ရုရှားသည် ဒွန်နက်စ်ဒေသရှိ စလိုဗီယန်စ် (Sloviansk) နှင့် ကရာမာတော်စ် (Kramatorsk) တို့ရှိ အဓိက ယူကရိန်း အမာခံ နယ်မြေများကိုလည်း ပစ်ခတ်တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်ခဲ့သည်။

ဇူလိုင် ၃ ရက်၌ စလိုဗီယန်စ်နယ်မြေတွင် ရုရှား၏ ပစ်ခတ်မှုကြောင့် အသက် ၉ နှစ်အရွယ် မိန်းကလေးတစ်ဦး အပါအဝင် လူ ၆ ဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာရခဲ့ကြောင်း၊ ကရာမာတော်စ် နယ်မြေတွင်လည်း မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသန္တရ အာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။

Source: AP

 

 

 

Share
Tweet
Share
Share
powered by social2s
ယူကရိန်း ပြန်လည်ထူထောင်ရေး ညီလာခံတွင် မိန့်ခွန်းပြောနေတဲ့ ဇာလန်းစကီး (AP)

ဒေါ်လာ ၇၅၀ ဘီလီယံတန် ထူထောင်ရေးအစီအစဉ် ယူကရိန်းရေးဆွဲ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1245

CNI International News

ကိယက်ဗ်၊ ဇူလိုင် ၅

စစ်ဒဏ်ခံနေရသော မိမိတို့နိုင်ငံ ပြန်လည်ထူထောင်ရေးသည် ဒီမိုကရေစီ ကမ္ဘာတစ်ခုလုံး၏ ဘုံတာဝန်ဖြစ်ကြောင်း၊ ရုရှား ကျူးကျော်သူများ၏ သေနတ်သံ တိတ်ဆိတ်သွားသည့် တစ်နေ့တွင် ဒေါ်လာ ၇၅၀ ဘီလီယံ တန်ဖိုးရှိသည့် ပြန်လည် ထူထောင်ရေး အစီအစဉ်ကို မိမိ၏ဝန်ကြီးချုပ်က ချမှတ်ခဲ့ကြောင်း ယူကရိန်းသမ္မတ ဇာလန်းစကီးက ပြောကြားခဲ့သည်ဟု အေပီသတင်းအရ သိရသည်။

ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသတွင် ရုရှား၏ တိုက်ခိုက်မှု ခံနေစဉ်အတွင်း ဇာလန်းစကီးသည် ဆွစ်ဇာလန်နိုင်ငံ၌ ကျင်းပသည့် ယူကရိန်း ပြန်လည်ထူထောင်ရေး ညီလာခံသို့ ဗွီဒီယိုမက်ဆေ့ချ်ဖြင့် ပေးပို့ပြောကြားရာ၌ အထက်ပါအတိုင်း ယူကရိန်း လိုအပ်ချက်များကို ထည့်သွင်းပြောကြားခဲ့သည်။

စစ်အေးတိုက်ပွဲ ပြီးဆုံးချိန်မှစ၍ ယူကရိန်းနိုင်ငံသည် ဒီမိုကရေစီဘက်သို့ အတက်အကျရှိခဲ့ပြီး ယခုအခါ ပျက်စီးဆုံးရှုံးမှု များစွာနှင့် ရင်ဆိုင်နေရသည်။

ယူကရိန်း ပြန်လည်ထူထောင်ရေး ညီလာခံမှာ Liz Truss စကားပြောနေစဉ်(AP)

“ယူကရိန်း ပြန်လည် ထူထောင်ရေးဟာ ဒေသန္တရစီမံကိန်း မဟုတ်ပါဘူး။ နိုင်ငံတစ်နိုင်ငံရဲ့ စီမံကိန်း မဟုတ်သည့် တိုင်အောင် ယဉ်ကျေးပါတယ်လို့ ပြောတဲ့နိုင်ငံတိုင်းရဲ့ဘုံတာဝန်ပဲ ဖြစ်ပါတယ်” ဟု ဆွစ်ဇာလန်နိုင်ငံ၊ လူဂါနိုတွင် ကျင်းပသည့် ညီလာခံသို့ ထောင်နှင့်ချီ၍ တက်ရောက် လာသူများကို ဇာလန်းစကီးက ပြောကြားခဲ့သည်။

“ယူကရိန်း ပြန်လည် ထူထောင်ရေးဆိုတာဟာ ဘဝရဲ့ အခြေခံမူတွေ၊ ဘဝရဲ့ နေရာတွေ၊ လူသားဖြစ်တည်မှုအတွက် အရာ အားလုံးကို ပြန်လည် ထူထောင်ရတာကို ဆိုလိုတာပဲ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး လစ်ဇ်ထရက်စ် (Liz Truss) က “ယင်းသို့ ပြန်လည်ထူထောင်ရေး လုပ်ရာတွင် ယူကရိန်းနိုင်ငံ အတွက် မာရှယ်စီမံကိန်း (Marshall Plan) ကဲ့သို့ အမျိုးအစားတစ်ခု လိုအပ်မည်” ဟု ပြောကြားခဲ့သည်။

အဆိုပါ ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဇာလန်းစကီးက “ရုရှားအနားမှာ ကျနော်တို့ ဆက်နေဖို့က ကျနော်တို့ နိုင်ငံတွေအားလုံးမှာ ကျယ်ပြန်တဲ့ တည်ဆောက်မှု၊ ရန်ပုံငွေနဲ့ လုံခြုံရေးလိုလိမ့်မယ်” ဟု မှတ်ချက်ချခဲ့သည်။

စစ်ပွဲကြောင့် ပျက်စီးနေသော ယူကရိန်း (GETTY IMAGES)

ရုရှားတပ်များ၏ လက်မှ လွတ်မြောက်လာပြီဖြစ်သော ယူကရိန်းနယ်မြေအချို့တွင် လုပ်ဆောင်နေပြီဖြစ်သည့် ပြန်လည် ထူထောင်ရေး လုပ်ငန်း၌ ပြည်ပကျွမ်းကျင်မှု၊ အစိုးရ၏ ရန်ပုံငွေများကို အသုံးချရန် ရည်ရွယ်ထားသည်။

အဆိုပါ လုပ်ငန်းများတွင် ဆေးရုံများ၊ စာသင်ကျောင်းများ၊ အစိုးရ အဆောက်အအုံများ၊ နေအိမ်တိုက်ခန်းများ ပြန်လည် တည်ဆောက်ရန် တို့အပြင် ရေပေးဝေသည့် ပိုက်လိုင်းများ၊ ဓာတ်ငွေ့ပိုက်လိုင်းများနှင့် အခြား ထိခိုက် ပျက်စီးခဲ့ရသော အခြေခံ အဆောက်အအုံများ ပါဝင်မည် ဖြစ်သည်။

“ဒီနေ့မှာတော့ ကျနော်တို့အားလုံးဟာ စည်းစည်းလုံးလုံးနဲ့ ကာကွယ်နိုင်ခဲ့ပါပြီ။ မနက်ဖြန် ကျနော်တို့ရဲ့ ပြန်လည်တည်ဆောက်ရေးကို စတင်တော့မှာပါ” ဟု အဆိုပါညီလာခံသို့ လူကိုယ်တိုင် တက်ရောက်ခဲ့သည့် ယူကရိန်းဝန်ကြီးချုပ် ဒင်ညက်ရှမ်ဟဲ (Denys Shmyhal) ပြောကြားခဲ့သည်။

တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေသော်လည်း လက်တလော လိုအပ်ချက်များနှင့် ကိုက်ညီသည့် အမြန်ပြန်လည် ထူထောင်ရေး အစီအစဉ်တစ်ရပ် ပြီးဆုံးသွားလျှင် ရေရှည် လိုအပ်ချက်များကို ဆက်လက် ဖြည့်ဆည်း ဆောင်ရွက်သွားမည်ဟု ၎င်းက ယခု ညီလာခံသို့ တင်ပြခဲ့သည်။

Source: AP

 

 

 

Share
Tweet
Share
Share
powered by social2s
ဆူဒန်အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အက်ဘ်ဒယ်ဖာအယ်လ်ဘာဟန်(ဓါတ်ပုံ-အေအက်ဖ်ပီ)

နိုင်ငံရေးဆွေးနွေးမှုမှ စစ်တပ်ထွက်မည်ဟု ဆူဒန်အာဏာသိမ်းစစ်ခေါင်းဆောင်ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1530

CNI International News

ခါတွမ်း၊ ဇူလိုင် ၅

စစ်တပ်သည် အရပ်သားအစိုးရအတွက် လမ်းဖွင့်ပေးမည်ဖြစ်သဖြင့် လက်ရှိနိုင်ငံရေးဆွေးနွေးပွဲမှ နုတ်ထွက်ပြီး နိုင်ငံရေးနှင့် တော်လှန်ရေးအဖွဲ့များကို အသွင်ကူးပြောင်းရေးအစိုးရ ဖွဲ့ခွင့်ပြုမည်ဖြစ်ကြောင်း ဆူဒန်အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အက်ဘ်ဒယ်ဖာအယ်လ်ဘာဟန် (Abdel Fattah al-Burhan) က ပြောကြား ခဲ့သည်ဟု အယ်လ်ဂျာဇီးယားသတင်းအရ သိရသည်။

ဇွန်လ ၃၀ ရက်ကတည်းက ခါတွမ်းမြို့တော်တဝိုက် စစ်အုပ်ချုပ်ရေး အဆုံးသတ်ဖို့ တောင်းဆိုသည့် ဆန္ဒပြပွဲများ အကြီးအကျယ်ဖြစ်ပွားခဲ့ပြီးနောက် ယခုသီတင်းပတ် ဇူလိုင်လ ၄ ရက်တွင် အထက်ပါအတိုင်း ဆူဒန် စစ်ဗိုလ်ချုပ် ကြီး၏ ပြောကြားချက် ထွက်ပေါ်လာခဲ့သည်။

ဆန္ဒပြပွဲများကို လုံခြုံရေးတပ်ဖွဲ့၏ဖြိုခွင်းမှုကြောင့် လူ ၉ ဦးသေ၍ အနည်းဆုံး ၆၂၉ ဦးဒဏ်ရာရခဲ့ကြောင်း ဆူဒန် ဆရာဝန်များကော်မတီက ပြောကြားခဲ့သည်။

“မိမိတို့လက်နက်ကိုင်တပ်ဖွဲ့သည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးလမ်းကြောင်းတွင် ရပ်တည်မည် မဟုတ်ကြောင်း၊ ဆူဒန်ပြည်သူများအနေဖြင့် ၎င်းတို့ကို အုပ်ချုပ်မည့်သူများအား ရွေးချယ်သည့် ရွေးကောက်ပွဲ ဖြစ်မြောက် ရန်အတွက် စစ်တပ်၏ကတိကဝတ်ကို အခိုင်အမာပြုပါကြောင်း” အယ်လ်ဘာဟန်က ရုပ်သံလိုင်းမိန့်ခွန်းထဲတွင် ပြောကြားခဲ့သည်။

မိမိဦးဆောင်သည့် လက်ရှိအချုပ်အခြာအာဏာပိုင်ကောင်စီသည် အစိုးရသစ်ဖွဲ့စည်းပြီးသည့်အခါ ဖျက်သိမ်းမည် ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ဆူဒန်နိုင်ငံ ခါတွမ်မြို့တွင် ပြီးခဲ့သည့် ဇွန်လ ၃ ရက်နေ့က စစ်အုပ်ချုပ်ရေးဆန့်ကျင်ဆန္ဒပြပွဲတစ်ခုကို တွေ့ရစဉ်(ဓါတ်ပုံ- Anadolu Agency)

အစိုးရသစ်ဖွဲ့စည်းပြီးသည့်အခါ မိမိတို့က စစ်တပ်အဆင့်မြင့်ကောင်စီဖွဲ့စည်း၍ လုံခြုံရေးနှင့်ကာကွယ်ရေး တာဝန် များကို အစိုးရနှင့်သဘောတူညီယူကာ ဆက်စပ်တာဝန်များအဖြစ် ဆက်လက်ထမ်းဆောင်မည်ဖြစ်ကြောင်း၊ နိုင်ငံရေးဆွေးနွေးပွဲမှ စစ်တပ်နုတ်ထွက်ရခြင်းမှာ နိုင်ငံရေးနည်းလမ်းဖြင့် အစိုးရဖွဲ့နိုင်ရန် ရည်ရွယ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ထို့ပြင် ပြည်သူများအတွက် ဒီမိုကရေစီအသွင်ကူးပြောင်းရေး လမ်းကြောင်းပေါ်သို့ ပြန်တင်ပေးနိုင်ရန် အလေး အနက်ဆွေးနွေးမှုများ ချက်ချင်းစတင်ရန် အယ်လ်ဘာဟန်က တောင်းဆိုခဲ့သည်။

တွေ့ဆုံဆွေးနွေးမှုရလဒ်များကို အကောင်အထည်ဖော်သွားရန် ဆူဒန်စစ်တပ်က ကတိပြုထားသော်လည်း အနာဂတ်နိုင်ငံရေးအခန်းကဏ္ဍတွင် စစ်တပ်က မည်မျှပါဝင်မည်ကိုမူ ရှင်းရှင်းလင်းလင်း မပြောကြားခဲ့ပေ။

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် ဆူဒန်နိုင်ငံ၌ စစ်တပ်အာဏာသိမ်းပြီးကတည်းက အာဏာပိုင်များသည် အပတ်စဉ်လမ်းပေါ်ထွက် ဆန္ဒပြမှုများကို နှိမ်နင်းခဲ့ရာ ကလေးသူငယ် ၁၈ ဦးအပါအဝင် ၁၁၃ ဦးအထိ အသေ အပျောက်ရှိခဲ့သည်။

ဆန္ဒပြသူများအနေဖြင့် စစ်တပ်ကို အာဏာဆက်လက်မတည်မြဲစေလိုတော့ကြောင်း အယ်လ်ဂျာဇီးယား သတင်းထောက် ဟီဘာမော်ဂန်က ဆူဒန်မြို့တော် ခါတွမ်းမှ သတင်းပေးပို့ထားသည်။

ယခု ဗိုလ်ချုပ်ကြီး အယ်လ်ဘာဟန်၏ကြေညာချက်သည် စစ်တပ်ဆန့်ကျင်သည့် ဆန္ဒပြသူများကို ကျေနပ် နှစ်သိမ့်မှုမပေးနိုင်ကြောင်း မော်ဂန်က သတင်းသုံးသပ်ခဲ့သည်။

Source: Aljazeera

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ပုသိမ်တပ်နယ်တွေ့ဆုံပွဲတွင် တွေ့ရစဉ်

အမျိုးသားနိုင်ငံရေးဦးဆောင်မှုတွင် ဆက်လက်ပါဝင်နေရမည်ဟု တပ်ချုပ်ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1471

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၅

မိမိတို့အနေဖြင့် နိုင်ငံတော်၏ ကောင်းရာကောင်းကျိုးအတွက် အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် ဆက်လက် ပါဝင်နေရမည်ဟု နစကဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ဇူလိုင် ၄ ရက်နေ့က အနောက်တောင်တိုင်းစစ်ဌာနချုပ် ပုသိမ်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့်တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောသွားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “လက်ရှိ နိုင်ငံ၏ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို တပ်မတော်မှဦးဆောင်၍ ဆောင်ရွက်လျက်ရှိပြီး မိမိတို့အနေဖြင့် နိုင်ငံတော်၏ ကောင်းရာကောင်းကျိုးအတွက် အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍ တွင် ဆက်လက် ပါဝင်နေရမည်ဖြစ်ပြီး လုပ်သင့် လုပ်ထိုက်သည်များကို မှန်မှန်ကန်ကန်ဖြင့် ဆက်လက် ဆောင်ရွက်နေရ မည်”ဟု ပြောသည်။

ထို့နောက် မိမိတို့နိုင်ငံအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေခြင်းဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်နေခြင်းဖြစ်သဖြင့် ဥပဒေအတိုင်းသာ ဆောင်ရွက်ရမည်ဖြစ် ကြောင်း ၎င်းက ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ပုသိမ်တပ်နယ်တွေ့ဆုံပွဲတွင် တွေ့ရစဉ်

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက “ ဒီဟာတော့ ကျနော်တို့ အစောပိုင်းကတည်းကပေါ့။ ဒီ ၂၀၀၈ အခြေခံဥပဒေမှာ လည်း သူတို့က အတိအလင်း ပြောထား တယ်။ ၂၀၀၈ အခြေခံဥပဒေအတိုင်း ဆက်သွားမယ်ဆိုရင် တပ်မတော်က နိုင်ငံ ရေးမှာ ဆက်လက် ပါဝင်နေမယ်ဆိုတာကို အတည်ပြု လက်ခံထားတဲ့သဘောပေါ့ဗျာ။ အဲလိုသက်ရောက်တာပေါ့။ သူတို့ ကတော့ တပ်မတော်က နိုင်ငံရေးက ထွက်ခွာ ဖို့ လိုအပ်တယ်ဆိုတာတော့ အသိအမှတ်ပြုထားတယ်။ လိုအပ်တယ်။ ဒါပေမယ့် တိုင်းပြည်က ပြိုကွဲမယ် အန္တရာယ် မရှိ တော့ဘူး။ ငြိမ်းချမ်းတဲ့ အချိန်ရောက်မှလို့ ပြောတယ်။ အဲဒါက ကျနော်တို့ ကာလ အပိုင်းအခြားနဲ့တော့ မပြောဘူး၊ NLD ကတော့ တပ်မတော် နိုင်ငံရေးက ထွက်ခွာဖို့အတွက် ကာလအပိုင်းအခြား သတ်မှတ်ချက်နဲ့ အဲဒါကြောင့် ပြီးခဲ့တဲ့ လွှတ် တော် ကာလတုန်းက NLD က အခြေခံဥပဒေ ပြင်ဆင်ရေးမှာ တပ်မတော်က အဆင့်လိုက် အဆင့်လိုက် ထွက်ခွာဖို့ အရေ အတွက်တွေ လျှော့ချဖို့ ပြင်ဆင်ချက်အဆိုတင်ခဲ့တာပေါ့နော်”ဟု CNI သတင်းဌာနသို့ ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆ (စ)တွင် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော် က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်ဟု ပြဋ္ဌာန်းထားသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကတော့ တပ်မတော် နိုင်ငံရေးကနေ နောက်ဆုတ်ပေးရန် လိုအပ်ကြောင်း ပြောသည်။

ထို့နောက် အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် အစဉ်တစိုက် ပါဝင်နိုင်ရေးဆိုသော စကားရပ်အစား သင့်တော်သည့် အချိန်တွင် ထွက်ခွာရန် သို့မဟုတ် သင့်တော်သည့် အချိန်အထိ ပါဝင် ခွင့်ပြုကြောင်း ပြင်ဆင်ရန် တိုင်းရင်းသား လက်နက်ကိုင်များက မျှော်လင့်နေကြသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

နှစ်နှစ်အတွင်း ထိုင်းအစိုးရ အချိုးအကွေ့ဖြစ်မည်ဟု ဝန်ကြီးချုပ်ဟောင်းပြော

By CNI
CNI
Category: Watch TV
Hits: 858

Share
Tweet
Share
Share
powered by social2s

လောင်စာဆီနှင့်ငွေသားမရှိ၍ သီရိလင်္ကာစာသင်ကျောင်းများ ပိတ်ထား

By CNI
CNI
Category: Watch TV
Hits: 776

Share
Tweet
Share
Share
powered by social2s

ယူကရိန်းသို့ စစ်ရေးအကူအညီ ဒေါ်လာ ၇၄ သန်းဖိုး ဩစတြေးလျကြေညာ

By CNI
CNI
Category: Watch TV
Hits: 774

Share
Tweet
Share
Share
powered by social2s

ဒေါ်အောင်ဆန်းစုကြည်နှင့် နစက တွေ့ဆုံဆွေးနွေးမှု ဖြစ်လာနိုင်

By CNI
CNI
Category: Watch TV
Hits: 822

Share
Tweet
Share
Share
powered by social2s
  • 94
  • 95
  • 96
  • 97
  • 98
  • 99
  • 100
  • 101
  • 102
  • 103

Page 99 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar