CNI International News
ကိယက်ဗ်၊ မတ်လ ၄
ရုရှားနိုင်ငံအနေဖြင့် မိမိနိုင်ငံကို ကျူးကျော်နေခြင်း အဆုံးသတ်ရေး သမ္မတ ဗလာဒီမာပူတင်နှင့် တိုက်ရိုက်ဆွေးနွေးရန် ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီးက တောင်းဆိုကြောင်း အယ်လ်ဂျာဇီးယား သတင်းဝက်ဆိုက်၌ ရေးသား ဖော်ပြထားသည်။
ထို့နောက် ကိယက်ဗ်ထံသို့ စစ်ရေးအကူအညီများ တိုးမြှင့်ပေးပို့ဖို့ အနောက်အုပ်စုများကို ယူကရိန်းသမ္မတ ဇာလန်းစကီးက တိုက်တွန်းခဲ့သည်။
ယူကရိန်းမြို့တော်ရှိ ခိုင်ခံ့လုံခြုံသော သမ္မတရုံးခန်း၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဇာလန်းစကီးက အထက်ပါအတိုင်း တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ ပူတင်၏ ယခု ထိုးစစ်အောင်မြင်ပါက အနောက်ဥရောပသို့ပါ ရုရှား တိုးချဲ့လာနိုင်သည်ဟု ဇာလန်းစကီးက မတ်လ ၃ ရက်တွင် သတိပေးခဲ့သည်။
“ကျနော်က ပူတင်နဲ့ သိပ်စကားပြောချင်တာ မဟုတ်ဘူး။ ဒါပေမယ့် အခုက သူနဲ့ စကားပြောဖို့ လိုလာပြီဗျ။ ကမ္ဘာကြီးက လည်း ပူတင်နဲ့ စကားပြောဖို့ လိုပြီ။ ဒီစစ်ကို ရပ်ဖို့ တခြားနည်းလမ်းမရှိဘူး” ဟု ဇာလန်းစကီးက ပြောကြားခဲ့သည်။
“ခင်ဗျား … ကျနော်တို့ဆီက ဘာလိုချင်တာလဲ။ ကျနော်တို့မြေကိုတော့ ခင်ဗျား ထားခဲ့” ဟု ပူတင်ကို ရည်ညွှန်းလျက် ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ဂျာမနီဝန်ကြီးချုပ်နဲ့ ပူတင်ကိုတွေ့ရစဉ်(GETTY IMAGES)
“တွေ့ပြီး စကားပြောဖြစ်ရင်တော့ မီတာ ၃၀ လောက် အကွာအဝေးမှာ မနေဘဲ ကျနော်တို့ အတူတူ ကပ်ထိုင်ဗျာ” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
ယခင်သီတင်းပတ်များက ဂျာမနီဝန်ကြီးချုပ်ကို ပူတင်လက်ခံတွေ့ဆုံစဉ် မီတာ ၃၀ အရှည်ရှိ စားပွဲ၏ ဟိုဘက်ထိပ်၊ ဒီဘက် ထိပ်တွင် တစ်ယောက်စီ ဝေးကွာလွန်းစွာ ထိုင်၍ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းကို ဇာလန်းစကီးက ရည်ညွှန်း ပြောကြားခဲ့ ခြင်း ဖြစ်သည်။
ယူကရိန်းကို အုပ်ချုပ်နေသော နာဇီလက်သစ်များကို ဖယ်ရှားမည့် အထူးစစ်ဆင်ရေးဟု ကြွေးကြော်လျက် ပူတင်က ယခင် သီတင်းပတ်၌ ကျူးကျော်တိုက်ခိုက်ခဲ့သည်။
အနောက်အုပ်စုနိုင်ငံများကို မော်စကိုအပေါ် ယခင်ထက် ပြင်းထန်သည့် ပိတ်ဆို့ အရေးယူမှုများဖြင့် တုံ့ပြန်ခဲ့သော်လည်း ရုရှားတပ်ဖွဲ့များကတော့ ယူကရိန်းမြောက်ပိုင်းရှိ ကိယက်ဗ်မြို့တော်၊ အရှေ့ဘက်ရှိ ဒုတိယမြို့တော်က ခါကိဗ်မြို့နှင့် တောင် ဘက်ရှိ ခါဆွန်၊ မာရီပေါလ်စသည့် ဆိပ်ကမ်းမြို့များ အပါအဝင် အရေးပါသည့်မြို့များကို ဆက်လက်၍ ထိုးစစ်ဆင်ခဲ့သည်။
၈ ရက်ကြာ စစ်ရေးပဋိပက္ခကြောင့် ထောင်နှင့်ချီ၍ သေဆုံးခြင်း၊ ဒဏ်ရာရခြင်းများ ရှိခဲ့ပြီး အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေး ခိုလှုံသူ ယူကရိန်းဒုက္ခသည် ၁ သန်းကျော် ရှိပြီဖြစ်သည်။
Source: Aljazeera