CNI International News

မော်စကို၊ မတ်လ ၄

ယူကရိန်း-ရုရှားနှစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့များသည် မကြာသေးမီက ဒုတိယအကြိမ် ဆွေးနွေးညှိနှိုင်းမှု ပြီးဆုံးခဲ့ပြီး လူသား ချင်း စာနာထောက်ထားမှုဆိုင်ရာ ကိစ္စများ သဘောတူညီမှု ရရှိခဲ့သည်ဟု စပွတ်နစ်သတင်းဌာနက ရေးသားဖော်ပြထားသည်။

သို့သော် အဆိုပါ ဒုတိယအကြိမ် ဆွေးနွေးပွဲ၌ အပစ်အခတ်ရပ်စဲရေး (သို့မဟုတ်) ရုရှား၏ အထူးစစ်ဆင်ရေးကို အဆုံးသတ်ဖို့ သဘောတူညီမှု မရခဲ့ကြောင်း စပွတ်နစ်သတင်းဌာနက ဆက်လက် ရေးသား ဖော်ပြထားသည်။

မြို့အသီးသီး၌ နေထိုင်ကြသည့် ယူကရိန်းအရပ်သားများ ထွက်ပေါက်ရရှိရန် လူသားချင်း စာနာမှုဆိုင်ရာ စင်္ကြန်လမ်းကြောင်း တစ်ခု ပုံဖော်ကြရန် ရုရှားနှင့်ယူကရိန်း ကိုယ်စားလှယ်အဖွဲ့များ ဆွေးနွေးနိုင်ခဲ့ကြကြောင်း ရုရှားအဖွဲ့ခေါင်းဆောင် ဗလာဒီမာ မီဒင်စကီးက ပြောကြားခဲ့သည်။

အဆိုပါ စင်္ကြန်လမ်းကြောင်းတစ်ဝိုက်တွင် တည်ရှိသည့် ဒေသများအတွက် ယာယီအပစ်အခတ်ရပ်စဲရေး အလားအလာ ကိုလည်း နှစ်ဘက်ညှိနှိုင်းခဲ့ကြကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

“ဆွေးနွေးပွဲအတွင်းမှာ လက်ရှိရင်ဆိုင်နေရတဲ့ ပြဿနာတချို့အတွက် အပြန်အလှန် နားလည်မှုကို ကျနော်တို့ တည်ဆောက် နိုင်ခဲ့ပါတယ်။ ဒီကနေ့ အဓိကဖြေရှင်းနိုင်ခဲ့တဲ့ ပြဿနာကတော့ ကျနော်တို့တပ်နဲ့ တိုက်ပွဲဖြစ်ပွားရာဒေသမှာ ယူကရိန်း ပြည်သူတွေ၊ အရပ်သားတွေကို ဦးစားပေး ကယ်တင်ရေးပါ”ဟု မီဒင်စကီးက ရှင်းပြသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ နားလည်မှု ရရှိခဲ့သော်လည်း အသေးစိတ် အချက်အလက်များကို နှစ်ဘက်စလုံးက မဆုံးဖြတ်ရ သေးကြောင်း ရုရှားအဖွဲ့ဝင်တစ်ဦးဖြစ်သူ လီယိုနာ့ဒ်စလန့်စကီးက ဖြည့်စွက်ပြောကြားခဲ့သည်။ သို့သော် လူသားချင်း စာနာမှု ဆိုင်ရာ စင်္ကြန်များ ထူထောင်ရေးအတွက်တော့ ရုရှားတပ်က မကြာမီ ဆက်လက် ညှိနှိုင်းသွားမည်ဟု သိရသည်။

ယူကရိန်းပြည်သူများကိုတွေ့ရစဉ်(GETTY IMAGES)

တစ်ချိန်တည်းမှာပင် ယူကရိန်းနိုင်ငံအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ယန္တရားများကိုလည်း ထည့်သွင်း ဆွေးနွေးသွားဖို့ရှိကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ပြောကြားခဲ့သည်။

အဆိုပါ စင်္ကြန်ကိစ္စ နှစ်ဘက်နားလည်မှုရခဲ့ကြောင်း ယူကရိန်းကိုယ်စားလှယ် မီခေးလ်ပိုဒိုလီယက်က အတည်ပြုခဲ့သည်။ အရပ်သားများကို ဘေးလွတ်ရာ ရွှေ့ပြောင်းရန်နှင့် တိုက်ပွဲများကြောင့် အထိအခိုက် အများဆုံးဒေသများသို့ ဆေးဝါးနှင့်ရိက္ခာ များ ပို့ဆောင်ရန် ယင်းစင်္ကြန်လမ်းကြောင်းကို သုံးရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရုရှားနှင့် ယူကရိန်း ကိုယ်စားလှယ်များသည် မတ်လ ၃ ရက်တွင် ဒုတိယအကြိမ် တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး လက်ရှိ စစ်ရေး ပဋိပက္ခကို နိုင်ငံရေးအရ ဖြေရှင်းရန် နည်းလမ်းများကို ရှာကြံခဲ့ကြကြောင်း မီဒင်စကီးက ပြောကြားခဲ့သည်။

လတ်တလော ဆွေးနွေးမှု၌ လူသားချင်းစာနာမှုဆိုင်ရာ စင်္ကြန်တည်ဆောက်ရေး ကိစ္စထက်ကျော်လွန်၍ တခြားသော သဘော တူညီချက်များ မရရှိသေးကြောင်း စပွတ်နစ်က သတင်းဆက်လက်ဖော်ပြသည်။

ရုရှားသည် ယူကရိန်းကို စစ်မဲ့ဇုန်အဖြစ် သတ်မှတ်ရန်နှင့် ရုရှားအပေါ် ခြိမ်းခြောက်နေသည့် လက်နက်များ ဖယ်ရှားရန်တို့ကို ဦးတည်လုပ်ဆောင်နေပြီး ကိယက်ဗ်အစိုးရကိုလည်း နာဇီအရေခွံ ခွာချဖို့ လိုအပ်ကြောင်း စသည်ဖြင့် ကြွေးကြော်လျက် ဖေဖော်ဝါရီ ၂၄ ရက်တွင် အထူးစစ်ဆင်ရေးအဖြစ် စစ်ကြေညာခဲ့သည်။

Source: Sputnik News Agency