- By CNI
- Category: နိုင်ငံရေး
- Hits: 1949
CNI News
၂၀၂၂ ခုနှစ်၊ မေလ ၂၁
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) အစုအဖွဲ့အားလုံး တွေ့ဆုံနိုင်ရေး တောင်းဆိုသွားမည်ဖြစ်ကြောင်း PPST မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် အပစ်ရပ် ၁၀ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော PPST ထဲမှ ၇ ဖွဲ့သည် တစ်ဖွဲ့ချင်းအနေဖြင့် နစကဥက္ကဋ္ဌနှင့် တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း၊ ထိုအခြေအနေကနေတဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသွားမည့် ၇ ဖွဲ့ စုစည်း၍ နစကဥက္ကဋ္ဌနှင့် တွေ့ဆုံနိုင်ရေးကိုလည်း ကြိုးပမ်းသွားမည်ဟု ၎င်းက ပြောသည်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ထူးထူးခြားခြားတော့ မရှိပါဘူး၊ ဖြစ်နိုင်ရင်တော့ တစ်ဖွဲ့ချင်း အရင်တွေ့လိုက်၊ တစ်ဖွဲ့ချင်းတွေ့လို့ ပြီးရင် အစုအဖွဲ့နဲ့ပေါ့။ တွေ့ဖို့၊ တွေ့ခွင့်ကို တောင်းပါလို့ အဖွဲ့တိုင်းက တစ်ဖွဲ့ထဲတွေ့ ဒါပေမဲ့ ကျနော်တို့ စုတွေ့ချင်ပါတယ်လို့ ပြောလို့ အဲဒီလိုလေးတော့ မှာတာပေါ့ဗျာ” ဟု ပြောသည်။
နစက ဥက္ကဋ္ဌမှ တိုင်းရင်းသား ခေါင်းဆောင်များနှင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးလိုကြောင်း ဖိတ်ခေါ်ခဲ့ပြီးနောက် မေလ ၂၀ ရက်က သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) မှ ဥက္ကဋ္ဌ စဝ်ယွက်ဆစ်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံဆွေးနွေးခဲ့ ကြသည်။
အဆိုပါ ငြိမ်ချမ်းရေး ဆွေးနွေးပွဲကို ၃ ရက်ခြား တစ်ဖွဲ့နှုန်းဖြင့် တွေ့ဆုံဆွေးနွေး သွားမည်ဖြစ်ကြောင်း နစက၏ သတင်း ထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက မေလ ၁၉ ရက်က ပြောထားသည်။
ဗိုလ်ချုပ်ကြီးယွက်စစ်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ၂၀၂၂ ခုနှစ်၊ မေလ ၂၀ ရက်က တွေ့ဆုံစဉ်
ဗိုလ်မှူးကြီး ခွန်ဥက္ကာက “အစည်းအဝေး မဟုတ်ပါဘူး၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သွားတွေ့မယ့် ၆ ဖွဲ့ပေါ့၊ ၆ ဖွဲ့ ကိုယ်စားလှယ်တွေ ညှိနှိုင်းတဲ့ ပွဲပါ၊ ၆ ဖွဲ့ ကိုယ်စားလှယ်တွေ သွားမယ်၊ တစ်ဖွဲ့ချင်းတော့ တွေ့မယ်၊ ဒါပေမဲ့ ပြောစရာရှိတာ တွေ တိုင်ပင်ကြဖို့ အဲဒီသဘောပါ။ ကျနော်ထင်တယ် မပြောင်းတော့ဘူး ထင်တယ်။ ဥက္ကဋ္ဌ ကိုယ်တိုင်သွားမှာက DKBA နဲ့ Peace Council (KNU/KNLA/PC) ပဲရှိမယ်လေ။ ကျန်တာတော့ ဒုဥက္ကဋ္ဌပေါ့။ မွန်နဲ့ ALP က ဒုဥက္ကဋ္ဌ၊ ကျန်တဲ့ LDU နဲ့ PNLO က တွဲဖက်အတွင်းရေးမှူး အဲဒီလိုပဲ Level ၃ ခု ဖြစ်သွားတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
နစက၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ‘ဝ’ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော်(NDAA-မိုင်းလားအဖွဲ့)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/ SSA)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်- ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ လားဟူဒီမိုကရက်တစ် အစည်အရုံး(LDU)တို့ တက်ရောက်မည် ဖြစ်ကြောင်း နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်က ပြောသည်။
သို့သော်လည်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီ အမျိုးသားတိုး တက်ရေးပါတီ (KNPP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)၊ ညီနောင်မဟာမိတ် ၃ ဖွဲ့ ဖြစ်သည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် – ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး (PSLF/TNLA)နှင့် ရက္ခိုင့်တပ်တော် (AA)တို့ တက်ရောက်မည် မဟုတ်ကြောင်း သိရသည်။
ထို့နောက် ချင်းအမျိုးသားတပ်ဦး (CNF)ကိုတော့ နစကဘက်က ဖိတ်ကြားထားခြင်းမရှိကြောင်း သိရသလို CNF ကလည်း တက်ရောက်မည် မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1457
CNI News
၂၀၂၂ ခုနှစ်၊ မေလ ၂၁
ယနေ့ (မေလ ၂၁ ရက်)တွင် ကျရောက်သည့် (၆၄) ကြိမ်မြောက် ရှမ်းတော်လှန်ရေးနေ့ အခမ်းအနားကို ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ၏ ဌာနချုပ် တည်ရှိရာ ဝမ်းဟိုင်းတွင် ကျင်းပခဲ့သည်။
Photo-SSPP Info
- By CNI
- Category: နိုင်ငံရေး
- Hits: 1261
CNI News
၂၀၂၂ ခုနှစ်၊ မေလ ၂၀
ရခိုင်ပြည်နယ်တွင် ပြဿနာဖြစ်လာပါက တပ်မတော်ကို အဆိုးမဆိုနှင့်ဟု ပြောခြင်းမှာ ဖိအားပေး ခြိမ်းခြောက်ခြင်း ဖြစ်ကြောင်း ရခိုင်နိုင်ငံရေး သမားတစ်ဦးဖြစ်သူ ဦးဖေသန်းက CNI သတင်းဌာနသို့ ပြောသည်။
မေလ ၁၉ ရက်က ပြုလုပ်သည့် နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၄)ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲတွင် ဗိုလ်ချုပ် ဇော်မင်းထွန်းက AA ကို တော်တော်သည်းခံနေရကြောင်းနှင့် ပြဿနာဖြစ်လာပါက တပ်မတော်ကို အဆိုးမဆိုနှင့်ဟု ပြောကြားသွားခဲ့သည်။
ဦးဖေသန်းက “ဒီဖက်မှာလည်းပဲ ULA/AA ရဲ့ တရားစီရင်ရေးတို့၊ အုပ်ချုပ်ရေးတို့ ULA/AA ရဲ့ အမာခံဆိုပြီး ဖမ်းဆီးတာတို့ နောက်တစ်ခါ ကုန်စည်စီးဆင်းမှုကို တားတာတို့ အဲဒီလိုကြောင့် ပြည်သူတွေက နစ်နာတဲ့ အဲဒီ အကြောင်းပြချက်တွေနဲ့ပေါ့။ ဒီဖက်နဲ့ အဆင်မပြေတာတွေ ရှိတယ်၊ ဒီဖက် ULA/AA ဖက်က ကြေညာချက် ထုတ်ပြီးတော့ ပြည်သူတွေကို အချိန်မရွေး တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်ဆိုပြီး သတိပေးတာရှိတယ်၊ နောက်ပြီးတော့ နပခတိုင်းမှူးကို ပေါ့နော်၊ ဒီဖက်က ရာဇသံပေးတဲ့ သဘောမျိုး တွစ်တာမှာ ပြောတာတွေ ရှိတယ်၊ အဲဒါတွေပေါင်းပြီးတော့ သူတို့က ULA/AA က စစ်ခေါ်နေတယ်၊ စစ်ကို လိုလား နေတယ်ပေါ့။ ဘယ်လောက်ပဲ အပြုသဘောနဲ့ လုပ်လုပ် ဒီဖက်က စစ်ကို လိုလားနေတဲ့အတွက် ဒါက စစ်ဖြစ်လာနိုင်တယ်ပေါ့။ သူတို့က ပြည်သူကို ထိန်းထိန်းသိမ်းသိမ်းနဲ့ ပြည်သူကို ငဲ့ညာလို့ ဒီလို ထိန်းထိန်းသိမ်းသိမ်းနေတာ အခုဖြစ်လာရင်ပေါ့နော်၊ ညှာမယ့်သဘော မဟုတ်တော့ဘူးဆိုတဲ့ သဘောပေါ့၊ ဖြစ်လာရင် မညှာတော့ဘူး။ ဒါနောက်ဆိုရင် ငါတို့အဆိုးမဆိုနဲ့ဆိုတာ အဲဒါ ပြောတာပေ့ါ၊ အဲဒီလို ကိစ္စမျိုးက အရင်လည်း ဖြစ်ပြီးပြီ။ တိုက်ပွဲဖြစ်လာပြီဆိုရင် နှစ်ဖက်တိုက်ကြတာ မဟုတ်ဘဲနဲ့ ရွာတွေကို ပစ်တာတို့၊ မီးရှို့တာတို့ အဲဒီလိုလည်း ဖြစ်ခဲ့တယ်၊ ဘာလို့လဲဆိုတော့ ရွာထဲမှာ AA အမာခံတွေ ရှိတယ်ပေ့ါ။ အဲဒီ အကြောင်းပြချက်တွေနဲ့၊ အခုလည်းပဲ တိုက်ပွဲတွေ ဖြစ်လာရင် ပြည်သူတွေ နစ်နာမယ်ဆိုတဲ့ သဘောမျိုးပေ့ါ၊ တဖက်က ခြိမ်းခြောက်ပြီးတော့ ဖိအားပေးတယ်လို့ ပြောလို့ရတာပေါ့”ဟု ပြောသည်။
ထို့နောက် လက်နက်ကိုင်ထားသည့် တပ် အချင်းချင်း မဟုတ်ဘဲ ပြည်သူလူထုကို ခေါင်းစဉ်တပ် ခြိမ်းခြောက်သည့် သဘော မျိုး ဖြစ်ကြောင်း၊ နိုင်ငံရေးအရ ပြေပြေလည်လည် ဆွေးနွေးခြင်းမျိုး မဟုတ်ဘဲ ယခင်က ဆိုးခဲ့သည့် ပုံရိပ်ကို ထပ်ပြီး လုပ်ဆောင်မည်ဆိုသည့် သဘောဖြစ်နေကြောင်း ၎င်းက ပြောသည်။
ရခိုင်ပြည်နယ်ဒေသကိုတွေ့ရစဉ်
AA သည် အစိုးရ၏ အုပ်ချုပ်ရေး ယန္တရားများကို လုပ်လာသလို တိုင်းစစ်ဌာနချုပ်ကို ထိခိုက်စေရန် ပြောဆိုမှုများ ရှိလာခြင်း ကြောင့် တော်တော် သည်းခံနေရကြောင်း၊ ပြဿနာဖြစ်လာပါက တပ်မတော်ကို အဆိုးမဆိုပါနှင့်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “ဒီအချိန်မှာ ကျနော်တို့ လုပ်နေတာက ထိန်းသိမ်းနေတာက ရခိုင်ပြည်သူလူထု ဒုက္ခမရောက်စေ ချင်လို့ ထိန်းသိမ်းနေတာပဲ ဖြစ်ပါတယ်၊ ထပ်ပြောပါမယ် ရခိုင်ပြည်သူလူထု ဒုက္ခမရောက်စေချင်လို့ ထိန်းသိမ်းနေတာ ဖြစ်ပါတယ်၊ စိတ်ရှည်သည်းခံပြီးတော့ ပြည်ထောင်စုနဲ့ ငြိမ်းချမ်းရေးအတွက် ကျနော်တို့ လုပ်နေတာ ဖြစ်ပါတယ်၊ အဲဒီအတွက် အခု ဖြစ်နေတဲ့ဟာတွေနဲ့ ပတ်သက်ပြီးတော့က ပြဿနာဖြစ်လာရင်တော့ တပ်မတော်ကို အဆိုးမဆိုပါနဲ့လို့ပဲ ကျနော်ပြော ချင်ပါတယ်” ဟု ပြောသည်။
အဆိုပါ ပြောဆိုချက်သည် ပြည်သူလူထုများ အနေဖြင့် စစ်ခေါ်သံဟု မြင်မိကြောင်း၊ လက်ရှိ နစကဥက္ကဋ္ဌက ငြိမ်းချမ်းရေး ဖိတ်ခေါ်ထားသည့်အတွက် ငြိမ်းချမ်းရေးကို အထောက်အကူ ပြုစေမည် စကားလုံးများကို ပြောပါက ပို၍ ကောင်းမည် ဖြစ်ကြောင်း ရခိုင်းအမျိုးသားပါတီ (ANP)မှ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
ရခိုင်ပြည်နယ်က တိုက်ပွဲရှောင်များကို တွေ့ရစဉ်
ဦးထွန်းအောင်ကျော်က “အဲဒါကတော့ စစ်သားက စစ်သားလို ပြောတယ်လို့ မြင်ပါတယ်။ ဒါပေမဲ့ ပြည်သူလူထုရဲ့ ရင်ထဲမှာ ကတော့ စစ်ခေါ်သံလို့ မြင်ပါတယ်၊ အဲဒါကြောင့် ဒီအခြေအနေမှာ နှစ်ဖက်အနေနဲ့ ငြိမ်းချမ်းရေးလည်း နိုင်ငံတော် အကြီးအကဲက ခေါ်ထားတာပဲ။ အဲဒါကြောင့် ငြိမ်းချမ်းရေးကို အထောက်အကူ ပြုစေတဲ့ စကားလုံးကလေးတွေနဲ့ ပြည်သူလူထုကို ဆွဲဆောင် တတ်ရင်တော့ ပိုကောင်းပါတယ်၊ အခုလို စစ်ခေါ်သံပေးပြီးတော့မှ ပြည်သူလူထုရဲ့ ရင်ထဲကို ထပ်ပြီးတော့ လှုပ်ခါအောင် ပြောလိုက်တဲ့ စကားလေးတွေကို နောက်နောင် အဲဒီလို မဟုတ်ဘဲနဲ့ ငြိမ်းချမ်းရေးကို ဦးစားပေးတဲ့ စကားတွေနဲ့ ပြည်သူလူထုကို ဆွဲဆောင်နိုင်မယ်ဆိုရင်တော့ ပိုပြီးတော့ သင့်မြတ်မယ်လို့ ယူဆပါတယ်” ဟု ပြောသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲအပြီး ULA/AA နှင့် တပ်မတော်တို့အကြား ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝတို့တွင် လက်နက်ကိုင်ပဋိပက္ခများ လုံးဝရပ်တန့်ခဲ့သည်။
လက်ရှိ ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA တို့အကြား နားလည်မှုဖြင့် အပစ်ရပ်စဲထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1555
CNI News
၂၀၂၂ ခုနှစ်၊ မေလ ၂၀
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်တို့ ယနေ့ (မေလ ၂၀ ရက်) နေပြည်တော်မှာ တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆွေးနွေးကြကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံမှုတွင် နစကဘက်မှ နစကဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ နစကဒုဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နစကအဖွဲ့ဝင်များဖြစ်သည့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် နစကအဖွဲ့ဝင် တစ်ဦးတို့ တက်ရောက်ခဲ့သည်။
အလားတူ RCSS ဘက်မှ ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကြီး ယွက်စစ်၊ အတွင်းရေးမှူး(၁) ဗိုလ်မှူးကြီးစိုင်းငင်း နှင့် နောက်တစ်ဦး တက်ရောက်ခဲ့သည်။
ထို့နောက် နစကအဖွဲ့ဝင် သုံးဦးပါသည့် ကော်မတီနှင့် RCSSမှ ကိုယ်စားလှယ်များ ထပ်မံ တွေ့ဆုံ ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1394
CNI News
၂၀၂၂ ခုနှစ်၊ မေ ၁၉
နစကမှ ဖိတ်ခေါ်ထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မနက်ဖြန် မေလ ၂၀ ရက်တွင် စတင်မည်ဖြစ်ကြောင်း နစက သတင်း ထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
အဆိုပါ ဆွေးနွေးပွဲကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (၁၀) ဖွဲ့ တက်ရောက် မည်ဖြစ်ကြောင်း သိရသည်။
မေလ ၂၀ ရက်နေ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် အရင်ဆုံး တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ကြောင်း၊ ၃ ရက်ခြား တစ်ဖွဲ့နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
PPST ကိုယ်စားလှယ်များနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၁၈ ခုနှစ်၊ ဇူလိုင် ၁၂ ရက် တွေ့ဆုံစဉ်
နစက၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်မည့် လက်နက်ကိုင်အဖွဲ့များမှာ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်- ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ မွန်ပြည်သစ် ပါတီ (NMSP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)၊ ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော်(NDAA-မိုင်းလားအဖွဲ့)၊ ရှမ်းပြည် တိုးတက်ရေးပါတီ(SSPP) တို့ ဖြစ်ကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2015
CNI News
၂၀၂၂ ခုနှစ်၊ မေလ ၁၉
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)မှ ကိုယ်စားလှယ်အဖွဲ့နှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် တို့ မေလ ၂၀ ရက်(မနက်ဖြန်) တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲကို နေပြည်တော်မှာ ကျင်းပမည်ဖြစ်ကြောင်း ယနေ့ (မေလ ၁၉ ရက်) (၁၄)ကြိမ်မြောက် နစက သတင်းထုတ်ပြန်ရေးအဖွဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ၎င်းက ပြောသွားခြင်း ဖြစ်သည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မနက်ဖြန် စတင် ဆွေးနွေးပါမယ်၊ တစ်ဖွဲ့ချင်း ဆွေးနွေးမှာဖြစ်ပါ တယ်။ မနက်ဖြန် ပထမဦးဆုံး RCSS/SSA နဲ့ စဆွေးနွေးမည် ဖြစ်ပါတယ်။ ဒီနေ့ သူတို့ ရောက်နေပါပြီ။ ပြီးရင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ၃ ဦးပါတဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ဆက်ဆွေးနွေးမှာ ဖြစ်ပါတယ်”ဟု ပြောသည်။
၂၀၁၈ ခုနှစ်၊ဇူလိုင် ၁၂ ရက်နေ့က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ RCSS အတွင်းရေးမှူး(၁) ဗိုလ်မှူးကြီးစိုင်းငင်း နှုတ်ဆက်နေစဉ်
RCSS နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ တွေ့ဆုံသည့်အခါ နံပါတ်တစ် EAO များ၏ လိုအင်ဆန္ဒ၊ နံပါတ်နှစ် နိုင်ငံ တော်အစိုးရက လိုလားချက်၊ နံပါတ်သုံး EAO များ လိုအင်ဆန္ဒနှင့် နိုင်ငံတော်အစိုးရ လိုလားချက် ညှိနှိုင်းခြင်း၊ နံပါတ် လေး နောင်အနာဂတ်တွင် မည်သည့် ကိစ္စများ လုပ်ကိုင်ဆောင်ရွက်မည်လဲ စသည့် အကြောင်းအရာများကို အခြေခံ ဆွေးနွေးမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
ထို့နောက် ၃ ရက်ခြား တစ်ခါ နောက်ထက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြင့် ဆက်လက် ဆွေးနွေးသွားမည် ဖြစ် ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် တွေ့ဆုံ ဆွေးနွေးမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်မည်ဟု RCSS ၊ NMSP၊ PNLO၊ DKBA၊ KNU/KNLA-PC၊ ALP၊ LDU၊ UWSA၊ NDAA၊ SSPP စသည့် လက်နက်ကိုင် အဖွဲ့အစည်းများ တက် ရောက်ကြမည် ဖြစ်သည်။
အဆိုပါ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ထဲမှ ၃ ဖွဲ့သာ ဥက္ကဋ္ဌများ တက်ရောက်မည်ဖြစ်ပြီး ကျန်အဖွဲ့များက ဒုဥက္ကဋ္ဌ နှင့် တွဲဖက်အတွင်းရေးမှူးများသာ တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1466
CNI News
၂၀၂၂ ခုနှစ်၊ မေလ ၁၉
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ် ၉ မြို့နယ်တွင် ဇွန်လ ပထမအပတ်၌ စတင်ပြီး တအာင်းအမျိုးသား ကိုယ်ပိုင်ကျောင်း ဖွင့်လှစ်သွားမည်ဟု ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော် က CNI သတင်းဌာနသို့ ပြောသည်။
အဆိုပါ တအာင်းကိုယ်ပိုင် ကျောင်းများကို တအာင်းအမျိုးသား ပညာရေးကော်မတီ (TNEC) မှ ဦးဆောင် ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။
ဗိုလ်မှူးမိုင်းအိုက်ကျော်က “မြို့နယ် အတိအကျတော့ ကျနော်မသိရဘူး။ ဘယ်နှစ်ကျောင်းလဲဆိုတာ၊ အဓိကတော့ ကျနော်တို့ နမ့်ခမ်းရယ်၊ ဒီမူဆယ်ရယ်၊ ကွတ်ခိုင်ရယ်၊ လားရှိုး အချို့တစ်ဝက်ပါမယ်၊ နမ္မတူ၊ မန်တုံ၊ နမ့်ဆန်၊ ကျောက်မဲ၊ မိုင်းမောဖက် အဲဒီ မြို့နယ်တွေ ပါတာပေါ့နော်၊ ကျေးရွာကတော့ ကျောင်းပေါင်းကတော့ ဘယ်လောက်ဆိုတာ မသိရသေးဘူး” ဟု CNI သတင်းဌာနသို့ ပြောသည်။
တအာင်းကိုယ်ပိုင်ကျောင်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ ၂၀၂၀ ခုနှစ်မှ စတင်ကာ အခြေခံပညာကျောင်းများ ပိတ်ထားရ သည့်အတွက် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ကျောင်းဖွင့်လှစ်သည့်အခါ တအာင်းစာပေအပြင် အခြားဘာသာရပ်များ၊ အခြား လူမျိုးစုများ၏ ကျေးရွာများတွင် ၎င်းတို့၏ စာပေများကို သင်ကြားသွားမည်ဟု သိရသည်။
အဆိုပါ တအာင်းကိုယ်ပိုင်ကျောင်းကို တအာင်းအမျိုးသားပညာရေးကော်မတီ(TNEC) မှ ပထဆုံးအကြိမ် ဖွင့်လှစ်ရန် ကြိုးပမ်း ခြင်းဖြစ်ကြောင်း၊ ကျောင်းပေါင်း ၅၀၀ ဖွင့်လှစ်ရန် ခန့်မှန်းထားကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) မှ ပြောရေး ဆိုခွင့်ရှိသူ လွေးချီဆငါးက CNI သတင်းဌာနသို့ ပြောသည်။
တအာင်း အဖွဲ့အစည်းများ စာပေ သင်ကြားနိုင်ရေး ကြိုးပမ်းနေစဉ်
လွေးချီဆငါးက “ဟုတ်ကဲ့ ကျောင်းဖွင့်တာကတော့ ကောင်းတယ်လို့တော့ ကျမတို့မြင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒီအတိုင်း ထားနေမယ့်အစား ကျမတို့ကလေး ဒီနေရာမှာ ပြန်ကြည့်မယ်ဆိုရင်တော့ ၂၀၂၀ နဲ့ ဒီနှစ်ဆက်ပြီးမှ ကျောင်းမဖွင့်ရရင် ၃ နှစ် လောက် ရှိတော့မယ်ဆိုတော့ ကလေးတွေလည်း တော်တော်များများက စာမသင်တဲ့ကလေးတွေ အများကြီး တွေ့နေရတာ ပေါ့၊ တချို့ကလေးတွေဆိုလည်း စောစောစီးစီး အိမ်ထောင်ကျ သွားတာတွေ ရှိတယ်၊ တချို့ကလေးတွေဆိုလည်း တခြား ဒေသမှာ အလုပ်သွားလုပ်ရတဲ့ ဟာတွေလည်း ရှိနေတယ်၊ တချို့ကလေးတွေဆိုလည်း လုံးဝကို ဒီစာပိုင်းမှာ မေ့ပျောက်ပြီး တော့ စာမတတ်တဲ့ ကလေးတွေလည်း အများကြီး တွေ့နေရတာပေ့ါနော်၊ ဒီလို ကျောင်းပြန်ဖွင့်တာက တကယ်ဝမ်းသာစရာ သတင်းတစ်ခု ဖြစ်တယ်” ဟု ပြောသည်။
TNEC က ဖွင့်လှစ်ရန် ပြင်ဆင်နေသည့် ကျောင်းများတွင် သင်ကြားမည့် သင်ရိုးညွန်းတန်းမှာ ယခင်အစိုးရ လက်ထက်က သင်ရိုးညွှန်းတမ်းများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)မှ ပြုလုပ်နေသည့် သင်ရိုးညွှန်းတမ်းကို အခြေခံပြီး သင်ကြား သွားမည်ဖြစ်ကြောင်း လွေးချီဆငါးက ပြောသည်။
ပထမဆုံးအကြိမ် ဖွင့်လှစ်ခြင်း ဖြစ်သည့်အတွက် ငွေကြေးပိုင်းဆိုင်ရာတွင် အခက်အခဲများ ရှိနေကြောင်း၊ အခြားသော အဖွဲ့အစည်းများ အနေဖြင့်လည်း ပညာရေးနှင့် ပတ်သက်၍ အကူအညီပေးရန် တောင်းဆိုကြောင်း ၎င်းက ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1602
CNI News
၂၀၂၂ ခုနှစ်၊ မေလ ၁၈
နစကဥက္ကဋ္ဌ ကိုယ်တိုင် တွေ့ဆုံ ဆွေးနွေးမည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်မည့် လက်နက်ကိုင် အဖွဲ့များတွင် ဥက္ကဋ္ဌများ ကိုယ်တိုင် တက်ရောက်လာရေး ညှိနှိုင်းနေကြသည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း(EAO)များမှ ခေါင်းဆောင်များ ဖြင့် တွေ့ဆုံ၍ ငြိမ်းချမ်းရေး ဆွေးနွေးလိုကြောင်း၊ ဥက္ကဋ္ဌနှင့်အတူ ကိုယ်စားလှယ်နှစ်ဦး တက်ရောက်နိုင်ကြောင်း၊ တက်ရောက်မည့် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ် စာရင်းများကို မေလ ၉ ရက်နေ့ နောက်ဆုံးထား စာရင်းပေးစေလိုကြောင်း ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၂ ရက်က ပြောကြားခဲ့သည်။
PNLO မှ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ကျနော်တို့ ၁၀ ပေါ့၊ မြောက်ပိုင်းက ၃ ဖွဲ့နဲ့ ကျနော်တို့ လက်မှတ်ထိုး ၇ ဖွဲ့၊ နာမည် စာရင်းတွေတော့ ရောက်သွားပြီလို့ ကြားရပါတယ်။ သို့သော်လည်းပဲ နာမည်စာရင်းတွေထဲမှာ တချို့က ဥက္ကဋ္ဌ အဆင့်ပါတယ်။ တချို့ကတော့ ဥက္ကဋ္ဌအဆင့် မပါဘူး။ အဲဒီအပေါ်မှာ နည်းနည်းပြန်ပြီးတော့ ထိန်းညှိချင်တဲ့ သဘော ထင်တယ်။ စစ်ကောင်စီဘက်က ဥက္ကဋ္ဌ အဆင့်ကြီးပဲ အားလုံးလိုချင်တဲ့ အခါကျတော့ နည်းနည်းလေး စာရင်းက မပြည့်စုံတဲ့ သဘော ဖြစ်နေတယ်လို့ ယူဆရတယ်။ ဒါကြောင့် သူတို့ အနေနဲ့ နည်းနည်း ဆက်လက် ကြိုးပမ်းနေတဲ့သဘောဖြစ်တယ်။ ဒါကြောင့် ရက်တွေ ဘာတွေ ချိန်းဆိုတာတွေ ဘာမှ မကြားသေးဘူးဗျ ”ဟု CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (EAO) ၂၀ ဖွဲ့အနက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)ထိုးထားသည့် DKBA၊ KNU/KNLA-PC၊ RCSS၊ NMSP၊ PNLO၊ ALP၊ LDU တို့ တက်ရောက်မည် ဖြစ်ပြီး NCA မထိုးရသေးသည့် အဖွဲ့များထဲမှ SSPP၊ UWSA၊ NDAA တို့ တက်ရောက်မည် ဖြစ်သည်။
အဆိုပါ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်မည့် လက်နက်ကိုင် ၁၀ ဖွဲ့ထဲမှ တချို့အဖွဲ့များသည် ဥက္ကဋ္ဌ သို့မဟုတ် ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်များ တက်ရောက်မည် မဟုတ်ဘဲ တွဲဘက်အတွင်းရေးမှူး တာဝန်ယူထားသော ကိုယ်စားလှယ်များသာ တက်ရောက်မည် ဖြစ်သည့်အတွက် protocol အရ အခက်အခဲ အနည်းငယ် ဖြစ်နေကြောင်း သိရသည်။
မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
ဗိုလ်မှူးကြီး ခွန်ဥက္ကာက “တချို့အဖွဲ့တွေအတွက် ထစ်နေတယ်။ ကျနော် အဲဒီလို ထင်တာ။ ကျနော်တို့ PNLO ကတော့ ဥက္ကဋ္ဌအဆင့် မသွားဘူး။ ဆရာ ခွန်ထွန်းတင် ဆိုတာ တွဲဘက်အတွင်းရေးမှူးကို လွှတ်တယ်ဗျ။ အဲဒီလိုမျိုးပေါ့ဗျာ၊ လားဟူ ကလည်း တွဲဘက် အတွင်းရေးမှူး သွားမယ့်သဘောရှိတယ်။ ဒါကြောင့် အတွင်းရေးမှူးအဖွဲ့လောက်နဲ့ သွားတဲ့အဖွဲ့တွေရှိသလို ဥက္ကဋ္ဌအဆင့် သွားတဲ့အဖွဲ့တွေ ရှိတော့ အဲဒါကို ဘယ်လိုချိန်ကိုက် ထိန်းညှိမလဲဆိုတာတော့ ကျနော်တို့ မသိသေးဘူး၊ နေပြည်တော် ဘက်က အစီအစဉ် ဆွဲနေတုန်းပဲနဲ့တူပါတယ်။ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့မဆိုင်ဘူး အခုက ပရိုတိုကောအရ အခုပေးတဲ့စာရင်းကို သူတို့လက်ခံနိုင်၊ လက်မခံနိုင်၊ နည်းနည်း ညှိနှိုင်းနေတဲ့သဘောရှိတယ်”ဟု CNI သတင်းဌာနသို့ ပြော သည်။
နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ တွေ့ဆုံမည့် နေ့ရက်နှင့်အချိန်ကို EAO များ အဆိုပြုသည့်အတိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း၊ မိမိတို့ကတော့ အမြန်ဆုံး စတင်သွားရန် ပြင်ဆင်ထားကြောင်း ပြောထားသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “ကျနော်တို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တက်ရောက်မည့် အမည်စာရင်းကို မေလ ၉ ရက်နေ့မှာ တောင်းခဲ့ပါတယ်။ အခုချိန်မှာတော့ NCA လက်မှတ်ထိုးပြီးသား အဖွဲ့ ၇ ဖွဲ့၊ NCA မထိုးရသေးတဲ့ အဖွဲ့ ၃ ဖွဲ့ စုစုပေါင်း ၁၀ ဖွဲ့ က တက်ရောက်မယ်ဆိုတဲ့ဟာ စာရင်းပေးပို့ရရှိပြီး ဖြစ်ပါတယ်။ ကျန်တဲ့အဖွဲ့တွေကတော့ သိတဲ့အတိုင်းပဲ သူတို့ ကြေညာချက်တွေ ထုတ်ပြီး မတက်ရောက်ဘူးဆိုတာတွေ တွေ့ရပါတယ်။ တချို့အဖွဲ့တွေကတော့ သူတို့အတွင်းမှာ ညှိနှိုင်း တိုင်ပင် နေလို့ စောင့်ကြည့်ချင်တဲ့သဘော ပြောတာရှိပါတယ်။ ဆွေးနွေးပွဲကတော့ ကျနော်တို့ ဆွေးနွေးဖို့ စာရင်းပေးထားတဲ့ EAO အဖွဲ့တွေရဲ့ သူတို့အဆင်ပြေနိုင်မယ့်အချိန်ကို ကျနော်တို့ ဦးစားပေး စဉ်းစားထားတာဖြစ်ပါတယ်။ ကျနော်တို့ကတော့ အမြန်ဆုံး စနိုင်ဖို့ ပြင်ဆင်ထားပါတယ်”ဟု ပြောသည်။
လက်ရှိတွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မည်သည့် ရက်၌ ကျင်းပမည်ကို မသတ်မှတ်ရသေးကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1511
CNI News
၂၀၂၂ ခုနှစ်၊ မေလ ၁၈
နွေဦးတော်လှန်ရေးအင်အားစုများဖြစ်သည့် PDF များကို နိုင်ငံတကာမှ လက်နက်ထောက်ပံ့ပေးရန်မှာ ဖြစ်နိုင်ခြေ နည်းပါး ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
ရုရှားတပ်များကို တိုက်ခိုက်နေသည့် ယူကရိန်း နိုင်ငံသားများအား နိုင်ငံတကာက အထောက်အပံ့များ ပေးအပ်နေသလို တပ်မတော်ကို တိုက်ခိုက်နေသည့် PDF များကိုလည်း လက်နက် တပ်ဆင်ပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က နိုင်ငံတကာထံ အကူအညီ တောင်းဆိုခဲ့သည်။
ဦးသန်းစိုးနိုင်က “နိုင်ငံတကာ တရားဝင် လမ်းကြောင်းကနေ ထောက်ပံ့နိုင်တဲ့ အကြောင်းအချက် မရှိပါဘူး။ နိုင်ငံတကာကနေ ပြီးတော့ အခုပြောဆိုနေတာက ငြိမ်းချမ်းစွာ အားလုံး ပါဝင်တက်ရောက် ဆွေးနွေးကြဖို့ သဘောထားက ကုလသမဂ္ဂရော၊ နောက်ပြီးတော့ ကျနော်တို့ အာဆီယံအဖွဲ့ကရော၊ အမေရိကန်နိုင်ငံကရော အဲဒီ သဘောထား ရှိပါတယ်။ ဒါပေမဲ့ ဒီ NUG ကာကွယ်ရေးဌာန အနေနဲ့တော့ ကျနော်တို့ ယူကရိန်းမှာ နိုင်ငံတကာကနေပြီးတော့ ဝိုင်းဝန်းပြီးတော့ လက်နက်တွေ ပံ့ပိုးနေသလို ဗမာပြည်ကိုလည်း ပံ့ပိုးဖို့ ဆိုတာကတော့ သူ့ဘက်က သူ့အခက်အခဲအရ သူက တင်ပြတာ ဖြစ်ပါတယ်၊ တကယ် ဖြစ်နိုင်ခြေ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ အခြေခံပြဿနာက ယူကရိန်းက ပြည်ပနိုင်ငံက ကျူးကျော်မှု ဖြစ်ပါတယ်။ အခု နွေဦးတော်လှန်ရေးဖြစ်ရတဲ့ အကြောင်းက ဗမာပြည်က စစ်ကောင်စီက ပြည်သူလူထုကို အကြမ်းဖက်၊ သတ်ဖြတ်၊ ဖမ်းဆီး၊ ရွာမီးရှို့၊ ဗုံးကြဲ ဒီအလုပ်တွေ လုပ်နေလို့ ဖြစ်နေတဲ့ ပြည်တွင်းရေး ပြဿနာဖြစ်ပါတယ်။ အဲဒါကြောင့် တရားဝင်အရတော့ နိုင်ငံတကာ ကနေပြီးတော့ လက်နက်ထောက်ပံ့ရေးဆိုတာ ဖြစ်နိုင်ခြေ အတော်နည်းပါတယ်။ သို့သော် တရားမဝင်တဲ့ လမ်း ကြောင်းက ပံ့ပိုးနိုင်တာတွေတော့ သူတို့ ဆက်လက် ပံ့ပိုးမယ်လို့တော့ ကျနော်တော့ မျှော်လင့်ရပါတယ်” ဟု ပြောသည်။
ယူကရိန်းကို နိုင်ငံတကာက လက်နက်ထောက်ပံ့(Reuters)
မြန်မာနိုင်ငံအတွက် နိုင်ငံတကာ အသိုက်အဝန်း၏ ရပ်တည်ချက်မှာ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုဖြစ်ပြီး ယင်းအတွက် ကျေးဇူးတင်ကြောင်းနှင့် လက်နက်နှင့် ရန်ပုံငွေကဲ့သို့သော ရုပ်ပိုင်းဆိုင်ရာ အထောက်အပံ့များ ရရှိပါက ပို၍ကျေးဇူးတင်မိမှာ ဖြစ်ကြောင်း NUG ဝန်ကြီး ဦးရည်မွန်က ရိုက်တာသတင်းဌာနကို ၎င်း၏ လက်ရေးနှင့် မှတ်ချက်ပေးခဲ့သည်။
တော်လှန်ရေး အင်အားစုများကို လက်နက်ထောက်ပံ့ရန်မှာ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုပြီးမှ ကူညီနိုင်မည်ဟု ယူဆကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက CNI သတင်းဌာနသို့ ပြောသည်။
ဦးရဲထွန်းက “သူက ကြားထဲမှာ တစ်ဆင့်တော့ ကျန်မှာပေါ့ဗျာ၊ သူက တရားဝင် အစိုးရဆိုတဲ့ဟာကို အသိအမှတ်ပြုပြီ ဆိုရင် တော့ အဲဒီနောက်ပိုင်းမှာ လက်နက်ခဲယမ်း မီးကျောက်တွေ ထောက်ပံ့တာတွေ ဘာတွေ ရှိနိုင်တာပေါ့။ ဥပမာ ကျနော်တို့ ယူကရိန်း လိုပေါ့။ ယူကရိန်းကကြတော့ ရုရှားက ဝင်ပြီးတော့ တိုက်တာ၊ ကျူးကျော်တာ ဆိုတဲ့အခါကြတော့ တရားဝင်အစိုးရ သူက ပြုတ်မကျဘူးလေ၊ တရားဝင် အစိုးရဖြစ်တော့ အဲဒါ လက်နက်ခဲယမ်း မီးကျောက်တွေပါ ကူမယ်ဆိုတော့ ပြောင် သူတို့ တရားဝင် ကူလို့ရတာပေါ့နော်။ ဆိုတော့ အဲဒီသဘောပေါ့၊ ဆိုတော့ လက်နက်ခဲယမ်း မီးကျောက်တွေ၊ ဘာတွေ ကူမယ်ဆိုလို့ ရှိရင် သူက တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုပြီးမှပဲ လာနိုင်မယ်လို့ ယူဆတယ်” ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် တပ်မတော်မှ အာဏာရယူပြီးနောက် ဒီမိုကရေစီရေး လှုပ်ရှားမှုနှင့် အတူ လက်နက်ကိုင် တော်လှန်ရေးကို ဆင်နွှဲလျက်ရှိနေသည်။
လက်ရှိတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကယား (ကရင်နီ)ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်၊ ဒေသကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။
