CNI News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၈


တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကို ရှေးရှုသောအားဖြင့် အကျဉ်းထောင်များတွင် ပြစ်ဒဏ် ကျခံလျက်ရှိသော AA၊ KIA၊ RCSS၊ KNU/KNLA-PC တို့မှ အဖွဲ့ဝင်များကို လွတ်ငြိမ်းချမ်းသာခွင့်ပေး လိုက်ကြောင်း နိုဝင်ဘာ ၁၈ ရက်တွင် နစက-က သတင်းထုတ်ပြန်ခဲ့သည်။


အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်တွင် ရက္ခိုင့်တပ်တော်(AA)မှ အဖွဲ့ဝင် ၁၇ ဦး၊ ကချင်လွတ်လပ်ရေးတပ်မတော်(KI A)မှ အဖွဲ့ဝင် ၁၇ ဦး၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)မှ အဖွဲ့ဝင် ၅ ဦး၊ ကရင်အမျိုးသား အစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)မှ အဖွဲ့ဝင် ၂ ဦးတို့ဖြစ်သည်။


လက်ရှိတွင် AA၊ KIA တို့နှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။ ထို ၂ ဖွဲ့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)မထိုးရသေးသော အဖွဲ့များဖြစ်သလို နစက ကမ်းလှမ်း သည် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ မတက်ရောက်နိုင်ကြောင်း ထုတ်ပြန်ထားသော အဖွဲ့တို့ဖြစ်သည်။


RCSS နှင့် KNU/KNLA-PC သည် NCA ထိုးထားသော လက်နက်ကိုင်များဖြစ်ပြီး နစက ကမ်းလှမ်းသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက် ဆွေးနွေးလျက်ရှိသော အဖွဲ့များဖြစ်သည်။