CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၇

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ယခင် ရဲချုပ်နှင့် ဒုတိယပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ထမ်း ဆောင်ခဲ့သူ ဒုဗိုလ်ချုပ်ကြီးသန်းလှိုင်(ငြိမ်း)ကို ကြီးမားသော လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ပါဝင်ခဲ့သည့် အတွက် ဥပဒေအရ အရေးယူသတ်မှတ်သွားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အန်တိုနီ ဘလင်ကင်က ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က “ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် ယခင်ရဲချုပ်နှင့် ဒုတိယပြည်ထဲရေးဝန်ကြီးဟောင်း ဦးသန်းလှိုင်အား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုနောက်ပိုင်း ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ဥပဒေမဲ့ သတ်ဖြတ်ခြင်းကဲ့သို့ ကြီးမားသော လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ပါဝင်ခဲ့သည့်အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ၂၀၂၂ နိုင်ငံရပ်ခြားလုပ်ငန်းဆောင်ရွက်ရေးနှင့် ဆက်စပ်အစီအစဉ်များ လျာထားချက်အက်ဥပဒေအရ အရေးယူသတ်မှတ်သွားမည် ဖြစ်သည်”ဟု ထုတ်ပြန် ချက်တွင် ပြောထားသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်ကိုတွေ့ရစဉ်

ထို့နောက် ဦးအောင်မိုးမြင့်၊ ဦးလှိုင်မိုးမြင့်၊ ဦးမျိုးသစ္စာနှင့်အတူ Dynasty International Company Limited တို့ကို မြန်မာ့တပ်မတော်အတွက် ရုရှားထုတ် စစ်လက်နက်များကို ဘယ်လာရုစ်မှတဆင့် ဝယ်ယူပေးရာတွင် ပါဝင်ခြင်းကြောင့် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန အောက်ရှိ နိုင်ငံရပ်ခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံးသည် သမ္မတ၏ အမိန့်အမှတ် ၁၄၀၁၄ အရ ပိတ်ဆို့အရေးယူလိုက်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က “ ယခု အရေးယူသတ်မှတ်မှုများသည် အာဏာရှင်အဖွဲ့အစည်း က ဒီမိုကရေစီလိုလားသည့် တက်ကြွလှုပ်ရှားသူများနှင့် ရွေးကောက်ခံ ခေါင်းဆောင်များဖြစ်သော ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို ကွပ်မျက်မှုနှင့် စက်တင်ဘာ ၁၆ ရက်တွင် အနည်းဆုံး ကလေးငယ် ၁၁ ဦးသေဆုံးခဲ့ရသည့် ရဟတ်ယာဉ်နှင့်စာသင်ကျောင်းကို တိုက်ခိုက်ခြင်း အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်ဆောင်ရွက်နိုင်ရန် စစ်တပ်ကို အားပေးအားမြှောက်ပြုနေသူများကို ပစ်မှတ်ထားရန် ရည်ရွယ်ပါသည်”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် အားလုံးပါဝင်နိုင်သည့် ပါတီစုံဒီမိုကရေစီစနစ်သို့ ပြန်လည် ရောက်ရှိရန် မိမိတို့ တောင်းဆိုပါ သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။