CNI International News

ရောမ၊ စက်တင်ဘာ ၂၆

အီတလီနိုင်ငံတွင် ယနေ့ (စက်တင်ဘာ ၂၆ ရက်) ကျင်းပသည့် ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များက ဂျီအိုဂျီးယား မီလိုနီ (Giorgia Meloni)၏ လက်ယာအစွန်းရောက်ပါတီကို စုပုံ၍ မဲပေးခဲ့ကြကြောင်း၊ ယင်းသို့ မဲပေးမှုသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း အီတလီအတွက် ပထမဆုံး လက်ယာအစွန်းကို အားပေးမှုဖြစ်လာကြောင်း လတ်တလော မဲရလဒ်များကို အခြေခံ၍ အေပီသတင်းဌာနက ရေးသားဖော်ပြသည်။

အောင်ပွဲခံမိန့်ခွန်းတွင် လက်ယာအစွန်းရောက် အီတလီခေါင်းဆောင် ဂျီအိုဂျီးယားမီလိုနီက သဘောထား ပျော့ပျောင်းသည့် လေသံဖြင့် ကြွေးကြော်ခဲ့သည်။

မဲရုံများမှ မဲရေတွက်မှု သုံးပုံနှစ်ပုံ ရေတွက်မှုအပြီး ခန့်မှန်းရလဒ်များ ထွက်ပေါ်လာချိန်၌ မီလိုနီ အီတလီ ညီနောင် များ (Brothers of Italy) ပါတီက စက်တင်ဘာ ၂၅ ရက် မဲပေးမှုများ၌ အခြားပြိုင်ဘက်များထက် ရှေ့ရောက်နေ ခဲ့သည်။

“ဒီနိုင်ငံကို အုပ်ချုပ်ဖို့ ကျမတို့ကို ကမ်းလှမ်းလာတယ်ဆိုရင် နိုင်ငံသူ၊ နိုင်ငံသားအားလုံးအတွက် ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီနိုင်ငံက ပြည်သူတွေကို ညီညွတ်ဖို့အတွက် ရည်ရွယ်ပြီးတော့ ဆောင်ရွက် သွားမှာပါ” ဟု မီလိုနီက ရောမမြို့တော်ရှိ သူမ၏ပါတီရုံးချုပ်တွင် ပြောကြားခဲ့သည်။

အီတလီပြည်သူများ ရွေးကောက်ပွဲ မဲပေးနေစဉ် (AP)

“အီတလီ ပြည်သူတွေက ကျမတို့ကို ရွေးခဲ့ပါပြီ။ ကျမတို့ ဘယ်တော့မှ တိုင်းပြည်မှာ သစ္စာမဖောက်ပါဘူး” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

အကယ်၍ အသက် ၄၅ နှစ်ရှိ မီလိုနီသည် အောင်ပွဲခံနိုင်ခဲ့ပါက အီတလီ၏ ပထမဆုံးအမျိုးသမီး ဝန်ကြီးချုပ် ဖြစ်လာမည်ဟု အေပီသတင်းဌာနက ဆက်လက်ရေးသားသည်။

မီလိုနီ၏ လက်ယာယိမ်းပါတီကို အခြားလက်ယာ ဗဟိုပြု မဟာမိတ်များ၏ အကူအညီဖြင့် အာဏာရ ညွန့်ပေါင်း အစိုးရအဖွဲ့ ဖွဲ့စည်းရန်မှာ ရက်သတ္တပတ်များစွာ ကြာမြင့်နိုင်သည်။

ပါတီခေါင်းဆောင်များနှင့် ညှိနှိုင်းပြီးနောက် အစိုးရဖွဲ့ရေး ကြိုးပမ်းသည့် လုပ်ပိုင်ခွင့်ကို အီတလီသမ္မတက ပေးအပ် ခဲ့ပြီဖြစ်သည်။

လတ်တလော ကာလအတွင်း ပြီးခဲ့သည့် ၂ လ၌ အစိုးရ ပြုတ်ကျစေခဲ့သည့် ဥရောပဗဟိုဘဏ် အကြီးအကဲဟောင်း မာရီယိုဒရက်ဂီ (Mario Draghi) က အီတလီနိုင်ငံ၏ အိမ်စောင့်အစိုးရတာဝန်ကို ဆက်လက် ထမ်းဆောင်နေ သည်။

Source: AP