CNI International News

ကိယက်ဗ်၊ စက်တင်ဘာ ၁၅

ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီးသည် စက်တင်ဘာ ၁၄ ရက်၌ ၎င်းစီးနင်းလာသော မော်တော်ယာဉ် မတော်တဆမှု ဖြစ်ပွားခဲ့သော်လည်း ပြင်းထန်စွာ ဒဏ်ရာမရဘဲ အန္တရာယ်မရှိခဲ့ကြောင်း CNN သတင်းအရ သိရသည်။

“ယူကရိန်းသမ္မတ စီးလာတဲ့ကားနဲ့ သူ့သက်တော်စောင့်တွေ စီးလာတဲ့ကား ငြိကြတာပါ” ဟု သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇာလန်းစကီးနှင့်အတူ လိုက်ပါစီးနင်းလာသည့် ဆရာဝန်က အခင်းဖြစ်ပွားစဉ် ယာဉ်မောင်းကို အရေးပေါ် ပြုစုခဲ့ ပြီးနောက် လူနာတင်ယာဉ်ပေါ် လွှဲပြောင်းပေးခဲ့ကြောင်း သမ္မတရုံး သတင်းထုတ်ပြန်ချက်ထဲတွင် ဖော်ပြထား သည်။

“သမ္မတကို ဆရာဝန်က စစ်ဆေးကြည့်တော့ ဒဏ်ရာပြင်းထန်တာ မတွေ့ရပါဘူး” ဟု ၎င်းထုတ်ပြန်ချက်အရ သိရသည်။

ယဉ်မတော်တမှုမှာ ကိယက်ဗ်မြို့တော်တွင် ဖြစ်ပွားခဲ့ပြီး ယူကရိန်းအာဏာပိုင်များက အခင်းဖြစ်ပွားသည့် အခြေအနေများကို စုံစမ်းစစ်ဆေးလျက်ရှိသည်။

စက်တင်ဘာ ၁၄ ရက် အစောပိုင်းတွင် ဇာလန်းစကီးသည် ခါကိဗ်ဒေသ၊ အရှေ့မြောက်ပိုင်းရှိ အီဇီယွန်မြို့ငယ်ကို ရုရှားလက်မှ ယူကရိန်း ပြန်သိမ်းနိုင်ခဲ့ပြီး နောက် ၅ ရက်အကြာ သွားရောက်ကြည့်ရှုခဲ့သည်။

ယူကရိန်းတပ်ဖွဲ့ကို နှုတ်ဆက်နေတဲ့ ဇာလန်းစကီး (ယူကရိန်းကာကွယ်ရေးဌာန)

အဆိုပါမြို့ရှိ မြို့ပြအုပ်ချုပ်ရေး အဆောက်အအုံတစ်ခုရှေ့ ပင်မရင်ပြင်တွင် ယူကရိန်းအလံ လွှင့်တင်သည့် အခမ်းအနားသို့ ဇာလန်းစကီး တက်ရောက်နေသည့် မှတ်တမ်းဓာတ်ပုံများကို ယူကရိန်းတပ်ဖွဲ့ တစ်ဖွဲ့၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ဖော်ပြထားသည်။

အဆိုပါ အခမ်းအနားသို့ ယူကရိန်း ကာကွယ်ရေး ဒုတိယဝန်ကြီး ဟန်နာမာလီယာလည်း တက်ရောက်ခဲ့သည်။

“အရင်က မျှော်ကြည့်စရာ ကောင်းကင်ပြာကို ကျနော် အမြဲရှာတတ်တယ်။ ဒီကနေ့တော့ ကျနော် မျှော်ကြည့် စရာဟာ ယူကရိန်းအလံပါ” ဟု ဇာလန်းစကီးက သမ္မတ၏တယ်လီဂရမ်ချန်နယ် ပို့စ်တစ်ခုတွင် ပြောကြားခဲ့သည်။

“ကျနော်တို့ရဲ့ အပြာရောင်နဲ့အဝါရောင်အလံဟာ သိမ်းပိုက်ခံခဲ့ရဖူးတဲ့ အီဇယွန်ရဲ့ ကောင်းကင်ယံမှာ လွင့်ပျံနေပြီ ဖြစ်ပါတယ်။ ယူကရိန်းမြို့တိုင်းနဲ့ ရွာတိုင်းလည်း အဲဒီလိုပါပဲ။ ကျနော်တို့ဟာ ရှေ့ဆက်အောင်ပွဲခံဖို့ တစ်ခုတည်း သော ဦးတည်ရာကို ရွေ့လျားနေပါပြီ” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ကျူးကျော်စစ် စတင်ပြီးနောက် ရုရှားတို့က ခါကိဗ်ဒေသ၊ ဒွန်နက်စ်မြစ်ကမ်းပေါ်ရှိ အီဇယွန်မြို့ကို သိမ်းပိုက်ခဲ့သော်လည်း ယခု စက်တင်ဘာ ၁၀ ရက်တွင် ယူကရိန်းတပ်က ပြန်လည် သိမ်းပိုက် နိုင်ခဲ့သည်။

Source: CNN