CNI International News

နယူးဒေလီ၊ စက်တင်ဘာ ၁၅

ရုရှားနှင့်အိန္ဒိယကြား စစ်ရေးနည်းပညာ ပူးပေါင်းဆောင်ရွက်မှုသည် လိုအပ်ချက် အသစ်များနှင့်အညီ တဖြည်းဖြည်း တိုးတက်လာနေပြီဟု အိန္ဒိယနိုင်ငံဆိုင်ရာ ရုရှားသံအမတ် ဒီနစ်အလီပေါ့ဗ်က စက်တင်ဘာ ၁၄ ရက်တွင် ပြောကြားခဲ့ကြောင်း တာ့စ်သတင်းဌာနက ရေးသားဖော်ပြသည်။

“လိုအပ်ချက် အသစ်တွေနဲ့အညီ ဒီနယ်ပယ်မှာ ကျနော်တို့ ပူးပေါင်းဆောင်ရွက်မှုဟာ တဖြည်းဖြည်း တိုးတက်နေ ပါတယ်” ဟု ၎င်းက တာ့စ်သတင်းဌာနနှင့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

“ပူးတွဲထုတ်လုပ်မှုနဲ့ အဆင့်မြင့် သုတေသန၊ ဖွံ့ဖြိုးရေးဆိုင်ရာ အလေ့အကျင့်တွေကို ချဲ့ထွင်သွားဖို့ အခွင့်အလမ်း တွေ အများကြီး ကျနော်တို့ မြင်တွေ့နေရပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ်က ကျင်းပခဲ့သည့် ဗလာဒီဗော့စတော့မြို့ ထိပ်သီးအစည်းအဝေးမှာ နှစ်နိုင်ငံစလုံးက နည်းပညာ အပို ပစ္စည်းများနှင့် ပြည်တွင်းဖြစ် စစ်လက်နက် ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ သဘောတူညီချက် လက်မှတ် ရေးထိုးခဲ့ ကြသည့်အကြောင်းကို ပြန်ပြောင်း ဆွေးနွေးခဲ့ကြသည်ဟု ရုရှားသံအမတ် ဒီနစ်အလီပေါ့ဗ်က ထပ်လောင်း ပြော ကြားခဲ့သည်။

ထိုသဘောတူညီချက်သည် တတိယနိုင်ငံများ၏ ဈေးကွက်ဆီသို့ပါ ဦးတည်ထားသည်ဟု သိရသည်။

အိန္ဒိယနိုင်ငံဆိုင်ရာ ရုရှားသံအမတ် ဒီနစ်အလီပေါ့ဗ် ကိုတွေ့ရစဉ် (GETTY IMAGES)

 

ရုရှား-အိန္ဒိယ စစ်ရေးနည်းပညာ ပူးပေါင်းမှု၏ ထူးခြားချက်များမှာ တစ်ဦးနှင့်တစ်ဦး အကျိုးစီးပွား ထည့်သွင်း စဉ်းစားဖို့ အပြန်အလှန် လက်ခံသည့်အပြင် ပြောင်းလဲနေသော အခြေအနေများနှင့် လိုက်လျောညီထွေ ဖြစ်စေ မည့် မြင့်မားသော အတိုင်းအတာတစ်ခုလည်း ပါဝင်ကြောင်း တာ့စ်သတင်းဌာနက ဆက်လက်ဖော်ပြသည်။

“ဒါဟာ တကယ့်ကို အချိန်နဲ့ တပြေးညီ စမ်းသပ်အောင်မြင်ခဲ့တဲ့ မိတ်ဖက်ဖွဲ့နိုင်မှု အခြေအနေပဲ ဖြစ်ပါတယ်။ ရုရှား ဟာ နယူးဒေလီရဲ့ အဆင့်မြင့် နည်းပညာတွေကို မျှဝေဖို့ အသင့်ရှိနေတဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်ပါတယ်” ဟု ဒီနစ်အလီပေါ့ဗ်က ရှင်းပြသည်။  

အိန္ဒိယနိုင်ငံသည် ၎င်း၏စစ်ဘက်နှင့် စက်မှုနည်းပညာပိုင်းကို အခြားနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ဖူလုံစေရေး မူဝါဒ မချမှတ်မီ နှစ်ပေါင်းများစွာကပင် မိမိတို့နှစ်နိုင်ငံ နည်းပညာဆိုင်ရာ ထုတ်လုပ်ရေးကဏ္ဍ သဘောတူညီမှုများ ရှိနှင့်ပြီးဖြစ်ကြောင်း ရုရှားသံအမတ်က ပြောကြားခဲ့သည်။

“ကျနော်တို့ T-90 တင့်ကားတွေ၊ SU-30 MK တိုက်လေယာဉ်နဲ့ တခြားကိစ္စတွေ ဆွေးနွေးညှိနှိုင်းပြီး ဖြစ်ပါတယ်။ ဒါ့အပြင် BrahMos အသံထက်မြန်တဲ့ ဒုံးကျည်တွေ ထုတ်လုပ်ဖို့ ကျနော်တို့ရဲ့ အအောင်မြင်ဆုံး ဖက်စပ် လုပ်ငန်း တစ်ခုဟာလည်း တတိယနိုင်ငံတွေရဲ့ ဈေးကွက်ထဲကို စိတ်ချလက်ချ ဝင်လာနိုင်ပြီ ဖြစ်ပါတယ်” ဟု ၎င်းက တာ့စ်သတင်းဌာနသို့ ဖြေကြားခဲ့သည်။

အဆိုပါ လက်နက်များကို ဖိလစ်ပိုင်နိုင်ငံသို့ တင်ပို့ရောင်းချသွားမည်ဖြစ်ပြီး အခြားနိုင်ငံများကလည်း စိတ်ဝင်စား လျက်ရှိသည်။

“ဆိုလိုချင်တာကတော့ ကျနော်တို့ဟာ အိန္ဒိယမိတ်ဆွေတွေ ကာကွယ်ရေးထုတ်ကုန် တင်ပို့မှု မြှင့်တင်ရေး လမ်းကြောင်းကို လိုက်ပါကူညီပေးနေတာဖြစ်ပါတယ်” ဟု ဒီနစ်အလီပေါ့ဗ်က မှတ်ချက်ချခဲ့သည်။

Source: တာ့စ်သတင်းဌာန