CNI International News

ဝါရှင်တန်၊ စက်တင်ဘာ ၉

ထိုင်ဝမ်ကို စစ်ရေးနည်းနှင့် သိမ်းပိုက်ရန် တရုတ်ကြိုးပမ်းလာနိုင်သည့် ထူးခြားသော ခြိမ်းခြောက်မှုတစ်ခု ရှိနေ ကြောင်း အမေရိကန်ထိပ်တန်း အစိုးရအရာရှိတစ်ဦးက သတိပေးလိုက်သည်ဟု အာရ်တီသတင်းဌာနက ရေးသား ဖော်ပြသည်။

အမေရိကန်အမျိုးသား လုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဂျက်ဆူလီဗန် (Jake Sullivan) က “ထိုင်ဝမ်ကျွန်းတဝိုက် စစ်ရေးအရ အရေးတကြီး ဖြစ်လာနိုင်တယ်ဆိုတဲ့ ခြိမ်းခြောက်မှုတစ်ခုလို့ ကျနော်ထင်ပါတယ်” ဟု Bloomberg ရုပ်သံလိုင်း၏ ဒေးဗစ်ရက်ဘန်စတိန်း စကားဝိုင်းအစီအစဉ် (The David Rubenstein Show: Peer-to-Peer Conversations') တွင် ပြောကြားခဲ့သည်။

ဘေဂျင်း(တရုတ်)ရှိ ခေါင်းဆောင်များကတော့ ထိုင်ဝမ်ကို ကျူးကျော်ဝင်ရောက်ခြင်း မပြုကြောင်း စားပွဲဝိုင်းပေါ်မှ တရားဝင်မူဝါဒအဖြစ် အခိုင်အမာ ပြောကြားထားသည်။

ထိုင်ဝမ်စစ်တပ်(NYT)

ယင်းအတွက် ဥပဒေကြမ်းတစ်ရပ်ကို ထောက်ခံအားပေးရန်အတွက် စက်တင်ဘာ ၁၄ ရက်တွင် လွှတ်တော် ခေါင်းဆောင်များနှင့် တွေ့ဆုံသွားရန် စီစဉ်ထားကြောင်း ဆူလီဗန်က ထုတ်ဖော်ပြောကြားခဲ့သည်။

အကယ်၍ အဆိုပါဥပဒေကြမ်း အတည်ဖြစ်လျှင် ကိုယ်ပိုင်အုပ်ချုပ်နေသည့် ထိုင်ဝမ်ကျွန်းအပေါ် အမေရိကန်၏ မူဝါဒ အပြောင်းအလဲကို မြင်တွေ့ရမည်ဖြစ်သည်။

ထို့ပြင် ထိုင်ဝမ်ကို နေတိုးအဖွဲ့ဝင် မဟုတ်သော မဟာမိတ်တစ်ဦးအဖြစ် အမေရိကန်က မှတ်ယူသွားရန်ကိုလည်း အဆိုပြုထားသည်။

တစ်ဆက်တည်းမှာပင် တိုင်ပေအစိုးရအတွက် လုံခြုံရေးအကူအညီ ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံ ခွဲဝေပေးရန် အမေရိကန်လွှတ်တော်(ကွန်ဂရက်)သို့ တောင်းဆိုထားသည်။

ထိုကိစ္စနှင့်စပ်လျဉ်း၍ ဝါရှင်တန်၏ ရပ်တည်ချက်ကို ရှင်းလင်းပြောကြားရန် တောင်းဆိုသည့်အခါ ဆူလီဗန်က “ဘိုင်ဒန် အစိုးရသည် လက်ရှိအနေအထားကို အင်အားသုံး၍ ပြောင်းလဲရန် ကြိုးပမ်းမှု မှန်သမျှကို နောက်ပြန် ဆုတ် သွားစေဖို့ ဆက်လက် တွန်းအားပေးသွားမှာ ဖြစ်ကြောင်း” ဖြေကြားခဲ့သည်။

တရုတ်စစ်တပ် (NYT)

အဆိုပါ သတင်းအပေါ် သဘောထား မှတ်ချက်ပေးရန် ဝါရှင်တန်ရှိ တရုတ်သံရုံးထံသို့ Bloomberg မီဒီယာက သဘောထား မှတ်ချက် တောင်းခံခဲ့ရာ ချက်ချင်းတုံ့ပြန်ခြင်း မရှိသော်လည်း ယခင်လ၌ ဘေဂျင်း၏ သံတမန်တစ်ဦးဖြစ်သူ ချင်ကန်(Qin Gang)က အာရှ-ပစိဖိတ်ဒေသတွင်း၌ အမေရိကန် ဝေးကွာလွန်းသည်ဟု သတိပေးခဲ့သည်။

လတ်တလော အခြေအနေကို ပိုမိုဆိုးရွားအောင် ဘိုင်ဒန်အစိုးရ လုပ်ဆောင်လာလျှင် တရုတ်က တန်ပြန် ဖိအား ပေးသွားမည်ဟု ဘေဂျင်းသံတမန် ချင်ကန်က အလေးအနက် ပြောကြားခဲ့သည်။

မကြာမီကာလ၌ ဘေဂျင်းအစိုးရက ထိုင်ဝမ်ကို စစ်ရေးအရ ထိုးစစ်ဆင်ရန် စီစဉ်နေကြောင်း စွပ်စွဲချက်များမှာ လည်း အခြေအမြစ်မရှိဟု ၎င်းသံတမန်က အပြင်းအထန် ငြင်းဆန်ခဲ့သည်။

ထိုင်ဝမ်သည် တရုတ်ပြည်တွင်းစစ်၌ အရှုံးနှင့်ရင်ဆိုင်ခဲ့ရသော အစိုးရဟောင်းအဖွဲ့က ကျွန်းပေါ်သို့ ထွက်ပြေး တိမ်းရှောင် ခဲ့ရပြီးနောက် ၁၉၄၉ ခုနှစ်မှစ၍ သီးခြားလွတ်လပ်စွာ ရပ်တည်လာခဲ့ကြောင်း အာရ်တီသတင်းဌာနက ရေးသားဖော်ပြထားသည်။

Source: အာရ်တီသတင်းဌာန