CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၄

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေလာဗရော့ဗ်၏ မြန်မာပြည် ခရီးစဉ်သည် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးထက် လက်နက် ရောင်းချခြင်းဆိုလျှင် မြန်မာပြည်တည်ဆောက်လိုသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အလှမ်းဝေးနေနိုင်သည်ဟု စာရေးဆရာ ဦးထက်မြက်က CNI သို့ ပြောသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗရော့ဗ်သည် မြန်မာနိုင်ငံသို့ ဩဂုတ် ၃ ရက်နေ့က နေ့ချင်းပြန် လာရောက်ခဲ့ပြီး နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့်တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သလို နစက၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်
နှင့်လည်း တွေ့ဆုံ ဆွေးနွေးခဲ့သည်။

လာဗရော့၏ မြန်မာပြည်ခရီးစဉ်သည် စီးပွားရေးနှင့် ရေနံကိစ္စဆိုပါက ကြိုဆိုကြောင်း၊ လက်ရှိ ပြည်တွင်းမှာ ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများ၊ လက်နက်ကိုင် ပဋိပက္ခများကြောင့် ပြည်သူလူထု လုံခြုံမှုမရှိသည့် အခြေအနေတွင် လက်နက်ရောင်းချ ရေးကိစ္စဆိုပါ လက်ခံနိုင်ခြေ မရှိကြောင်း စာရေးဆရာ ဦးထက်မြက်က ပြောသည်။

ဦးထက်မြက်က “ရုရှားကလည်း ဗမာပြည်အတွက် တကယ် အကူအညီပေးချင်လို့ လာတယ်ဆိုရင်တော့ ဆရာတို့က ကျေးဇူး တင် ရမှာပဲ။ ဒါပေမဲ့ စစ်ပွဲတွေကို ပိုတာရှည်အောင် လာပြီး လက်နက် လာရောင်းတာတို့၊ လာပြီး လက်နက် ဟိုဒင်း ဖြစ်တာ တို့ဆိုရင် ဆရာတို့ လက်မခံဘူး။ အဲဒါတော့ ဆရာအနေနဲ့ ပြောတာလေ။ ဆရာတို့က ငြိမ်းချမ်းရေး လိုချင်တယ်၊ ငြိမ်းချမ်း သာယာတဲ့ နိုင်ငံတစ်ခု၊ တိုးတက်တဲ့ နိုင်ငံတစ်ခုဖြစ်အောင် ဖြစ်ချင်တယ်၊ အဲဒီအတွက်ကတော့ တကယ်ရိုးသားပြီး စေတနာ ရှိတဲ့ ငြိမ်းချမ်းရေးတွေ တည်ဆောက်ပါ။ အဲဒီတည်ဆောက်ဖို့ အတွက်က မှန်ကန်တဲ့ ဒီမိုကရေစီ လမ်းကြောင်းအတိုင်း သွားမှပဲ ရလိမ့်မယ်” ဟု CNI သို့ ပြောသည်။

စာရေးဆရာ ဦးထက်မြက်ကိုတွေ့ရစဉ်

ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗရော့ဗ်သည် နစက၏ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံ ဆက်ဆံ ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စ၊ စီးပွားရေးနှင့် ယဉ်ကျေးမှုကဏ္ဍများမှာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ဥရောပ အာရှစီးပွားရေသမဂ္ဂနှင့် ကုလသမဂ္ဂတို့တွင် ဆက်လက်၍ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး စသည့် ကိစ္စများ ကို ဆွေးနွေးခဲ့ကြကြောင်း နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး လာရောက်သည့် ကိစ္စမှာ မြန်မာပြည်ကို စီးပွားရေး အလုံးအရင်းဖြင့် ရင်းနှီးမြှုပ်နှံရန် ခက်ခဲနိုင် ကြောင်း၊ လက်နက်ပစ္စည်းကိစ္စမှာ မဖြစ်မနေ ပါလာမည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ အောင်မျိုးက CNI သို့ ပြောသည်။

ဒေါက်တာအောင်မျိုးက “ကျနော်တို့မှာလည်း လက်နက်နဲ့ ပတ်သက်လို့ အဆင့်မြင့် နည်းပညာတွေ source ကလည်း မြန်မာ နိုင်ငံအတွက်က လက်ရှိအစိုးရ နစကလည်း သူ့ဆီကပဲ ရှိတဲ့အခါကြတော့လည်း ဒီကိစ္စက ကျနော်တို့ မှန်းဆစရာတောင် မလို ပါဘူး။ ဒါကတော့ သူ့ဟာသူ မဖြစ်မနေ ပါလာမယ်လို့ ကျနော်တို့က မျှော်လင့်နိုင်တာပေါ့နော်” ဟု ပြောသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗရော့ဗ်သည် ဩဂုတ် ၃ ရက်နေ့က မြန်မာပြည်ကို လာရောက်ပြီး နစကဥက္ကဋ္ဌ ၊ နစက၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်အပြီး ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ ကျင်းပနေသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက် ထွက်ခွာသွားခဲ့သည်။