CNI International News

ဘေဂျင်း၊ ဩဂုတ် ၃

ဒီမိုကရေစီနည်းကျ အုပ်ချုပ်သည့် ထိုင်ဝမ်ကျွန်းသို့ အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ လာရောက်မှုနှင့် ပတ်သက်၍ တင်းမာမှုတိုးနေချိန်၌ တရုတ်က ထိုင်ဝမ်နှင့်ကုန်သွယ်ရေးကို ကန့်သတ်လိုက်ကြောင်း အယ်လ်ဂျာဇီးယားက ယနေ့ (ဩဂုတ် ၃ ရက်နေ့စွဲဖြင့်) သတင်းဖော်ပြသည်။

ဆောက်လုပ်ရေး လုပ်ငန်းသုံး အဓိကကုန်စည်ဖြစ်သည့် သဲ၊ ထိုင်ဝမ်လိမ္မော်သီးနှင့် ငါးအမျိုးအစားအချို့ တင်ပို့မှုများကို လုံးဝ ရပ်ဆိုင်းလိုက်ကြောင်း တရုတ်ကူးသန်းရောင်းဝယ်ရေးနှင့် အကောက်ခွန် အာဏာပိုင်များက ယနေ့ အစောပိုင်းတွင် ကြေညာ ခဲ့သည်။

တင်ပို့မှုအချို့တွင် ပိုးသတ်ဆေးနှင့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် စားသောက်ကုန် ရပ်နားခဲ့ရခြင်း ရှိကြောင်း၊ ယခုအခါ တရုတ် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဥပဒေပြဋ္ဌာန်းချက်များအရ သဲတင်ပို့မှုကို ရပ်ဆိုင်းလိုက်ကြောင်း ဝန်ကြီးဌာန ကြေညာ ချက်အရ သိရသည်။

ထို့ပြင် တရုတ်ပြည်မကြီးရှိ ထိုင်ဝမ်ရေးရာရုံး၏ သီးခြားထုတ်ပြန်ချက် တစ်ရပ်တွင်လည်း “ထိုင်ဝမ်ဖောင်ဒေးရှင်း နှစ်ခုဖြစ် သော ထိုင်ဝမ်ဒီမိုကရေစီ ဖောင်ဒေးရှင်း ထိုင်ဝမ်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေးရန်ပုံငွေအဖွဲ့တို့နှင့်အတူ ပြည်မကြီးမှ တရုတ်ကုမ္ပဏီများ၊ လူပုဂ္ဂိုလ်များနှင့် ငွေရေးကြေးရေး ဆက်ဆံခြင်းမှ တားမြစ်သွားမည်” ဟု ဖော်ပြခဲ့သည်။

တရုတ်က ထိုင်ဝမ်ကုန်စည်ကို ပိတ်ပင်လိုက်(Reuters)

ဝါရင့် ဒီမိုကရက်တစ်ပါတီဝင် နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် နန်စီပလိုစီ၏ ထိုင်ဝမ်ခရီးစဉ်ကြောင့် ကြီးမားသော အကျိုး ဆက်များ ဖြစ်ပေါ်လာမည်ဟု ဘေဂျင်းက ပြင်းပြင်းထန်ထန် သတိပေးခဲ့သော်လည်း နန်စီပလိုစီကတော့ ကျွန်းပေါ်သို့ လက်တွေ့ ရောက်ရှိလည်ပတ်နိုင်ခဲ့သည်။

ကုန်သွယ်ရေး လုပ်ငန်းစဉ်များတွင် ပို့ကုန်မှတ်ပုံတင်ခြင်း သက်တမ်းတိုးရန် ပျက်ကွက်ခြင်းကြောင့် ထိုင်ဝမ်စားသောက်ကုန် အမှတ်တံဆိပ် ၁၀၀ ကျော် အမည်မည်း စာရင်းသို့ ထည့်သွင်းလိုက်ကြောင်း ဩဂုတ် ၂ ရက်တွင် တရုတ်အကောက်ခွန် အေဂျင်စီက ကြေညာခဲ့သည်။

ထိုင်ဝမ် စားသောက်ကုန်နှင့် အခြား ကုန်စည်ထုတ်လုပ်သူများသည် မတူညီသော နေရာများတွင် ခွဲခြားဆက်ဆံခံရသဖြင့် ယခု အရေးယူ တင်းကျပ်မှုများသည် နိုင်ငံရေးအရ စေ့ဆော်မှုဖြစ်နိုင်ကြောင်း ထိုင်ဝမ် အစားအသောက်နှင့် ဆေးဝါး ကွပ်ကွဲ ရေးဌာန ညွှန်ကြားရေးမှူးချုပ် ဝူရှူမိုင်း (Wu Shou-Mei) က တိုင်ပေတိုင်းမ် သတင်းစာသို့ ပြောကြားခဲ့သည်။

တရုတ်သည် ထိုင်ဝမ်၏ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး ကျွန်းပေါ်မှ တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်သို့ တင်ပို့မှု တန်ဖိုးမှာ ၂၀၂၁ ခုနှစ်တွင် ဒေါ်လာ ၁၈၈ ဒသမ ၉ ဘီလီယံအထိ ရှိခဲ့သည်။

Source: Aljazeera