CNI International News

ကိုလံဘို၊ ဇူလိုင် ၂၂

သီရိလင်္ကာဝန်ကြီးချုပ်သစ်အဖြစ် ဒီနစ်ရှ်ဂူနဝါဒီနာ (Dinesh Gunawardena)ကို ယနေ့ (ဇူလိုင် ၂၂ ရက်)တွင် ခန့်အပ် တင်မြှောက်လိုက်ပြီးနောက် နာရီပိုင်းအတွင်းမှာပဲ ဆန္ဒပြသူများ၏ ပင်မသပိတ်စခန်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှင်းလင်းခဲ့ကြောင်း အေပီက ရေးသားခဲ့သည်။

နိုင်ငံ၏စီးပွားရေး ပြိုလဲခဲ့ခြင်းကြောင့် ဒေါသထွက်နေသူများက သပိတ်စခန်းများကို လပေါင်းများစွာ ကြာအောင် အခြေချ၍ အစိုးရအား ဆန္ဒပြခဲ့ကြသည်။ အဆိုပါ ဆန္ဒပြသူများသည် သီရိလင်္ကာသမ္မတ ရာဂျာပက်ဆာကို ဖြုတ်ချခဲ့ကြသည်။

ထို့နောက် တိုင်းပြည်မှာ မတည်မငြိမ်မှုများ ဖြစ်ကာ စီးပွားရေး အကျပ်အတည်းမှ ရုန်းထွက်ရန် ပိုမိုခက်ခဲလာခြင်းကြောင့် ရာဂျာပက်ဆာ၏ လက်ထက်တွင် ဝန်ကြီးချုပ်အဖြစ် တာဝန်နေသူ ရာနေးလ်ဝီကရီမီဆင်ကို ပြီးခဲ့သည့် ရက်ပိုင်းက သမ္မတ သစ်အဖြစ် လွှတ်တော်က ရွေးကောက်တင်မြှောက်ခဲ့သည်။

ရာနေးလ်ဝီကရီမီဆင်သည် သမ္မတဖြစ်လာသည့်အတွက် ၎င်း၏ နေရာကို ဆက်ခံဖို့ ကျောင်းနေဖက်ဖြစ်သူ ဒီနစ်ရှ်ဂူနဝါဒီနာ (Dinesh Gunawardena) ကို ရွေးချယ် တင်မြှောက်ခံသည်။ ဒီနစ်ရှ်ဂူနဝါဒီနာသည် အသက် ၇၃ နှစ်ရှိပြီဖြစ်ပြီး သီရိလင်္ကာ နိုင်ငံကို လွှမ်းမိုးချုပ်ကိုင်ခဲ့သော သမ္မတဟောင်း ရာဂျာပက်ဆာ မိသားစုနှင့် နီးစပ်၍ မဟာမိတ်ဖွဲ့ထားသူ ဖြစ်သည်။

သီရိလင်္ကာ ဝန်ကြီးချုပ်သစ် ဒီနစ်ရှ်ဂူနဝါဒီနာနဲ့ ပြည်ပြေး သမ္မတဟောင်း ရာဂျာပက်ဆာ (GETTY IMAGES)

သီရိလင်္ကာ၏ လူဦးရေ ၂၂ သန်းသည် ဆေးဝါး၊ စားသောက်ကုန်နှင့် လောင်စာဆီ စသည့် မရှိမဖြစ် အသုံးအဆောင်များ ပြတ်လပ်ခဲ့သဖြင့် စီးပွားရေး အကျပ်အတည်းဒဏ် ရင်ဆိုင်ရင်း ယခင်သမ္မတကို ရာထူးနုတ်ထွက်ပေးရန် လနှင့်ချီ၍ လမ်း ပေါ်ထွက် ဆန္ဒပြခဲ့ကြပြီးနောက် သမ္မတ ရာဂျာပက်ဆာ တိုင်းပြည်မှာ ထွက်ပြေးသွားခဲ့သည်။

သမ္မတအိမ်တော်အနီးရှိ ပင်မသပိတ်စခန်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှင်းလင်းပြီးနောက် ဆန္ဒပြသူ အများအပြားကို ဖမ်းဆီး သွားခဲ့သည်။ အနည်းဆုံး သတင်းထောက်နှစ်ဦးနှင့် ရှေ့နေနှစ်ဦးတို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ရိုက်နှက်ခဲ့ကြ သည်။

ပြည်တွင်းရှိ အထင်ရှားဆုံး ရှေ့နေများအသင်းအဖွဲ့ (ဘားကောင်စီ)က အရပ်သားများအပေါ် ယခုကဲ့သို့ လက်နက်ကိုင် တပ်ဖွဲ့ များ၏ တရားမျှတမှု မရှိသော လုပ်ရပ်များ ရပ်တန်းက ရပ်ရန် တောင်းဆိုခဲ့သည်။

ပြီးခဲ့သည့် ၁၀၄ ရက်အတွင်း ဆန္ဒပြသူများ စုဝေးခဲ့ရာ သမ္မတအိမ်တော်အနီးရှိ သပိတ်စခန်းနှင့် ဆန္ဒပြ စာတန်းနဖူးစည်းများ ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖယ်ရှားခဲ့ကြသည်။

ဇူလိုင် ၂၁ ရက်၊ ညသန်းခေါင်ယံတွင် ကုန်တင်ယာဉ်ကြီးများဖြင့် လက်နက်ကိုင်တပ်ဖွဲ့များ အဆိုပါနေရာသို့ ရောက်ရှိလာခဲ့ပြီး လမ်းများကို ပိတ်ဆို့လျက် သပိတ်စခန်း တည်ဆောက်ထားသော တိုင်ရှည်များကို ဆွဲနှုတ်ယူဆောင် သွားခဲ့ကြသည်။

Source: AP