CNI International News

ဂျေရုဆလင်၊ မေလ ၁၄

အယ်လ်ဂျာဇီးယား သတင်းထောက် ရှီရင်းအဘူအကလက်ချ်၏ ဈာပနအခမ်းအနားတွင် အစ္စရေး အဓိကရုဏ်း နှိမ်နင်းရေး ရဲများက မေလ ၁၃ ရက်၌ ဝင်ရောက် ရိုက်နှက်ခဲ့ကြကြောင်း အေပီက ရေးသားဖော်ပြထားသည်။

၎င်းတို့လုပ်ရပ်သည် ဂျေရုဆလင်တွင် မျိုးဆက်တစ်ဆက်အတွင်း ပါလက်စတိုင်း အမျိုးသားရေးဝါဒ၏ အကြီးမားဆုံး ပြသမှု တစ်ရပ် အနေဖြင့် စီတန်းလှည့်လည်ခြင်းကို တုန်လှုပ်ခြောက်ခြားစရာ ဖြစ်စေခဲ့ကြောင်း အေပီသတင်းဌာနက ဆက်လက် ရေးသားဖော်ပြသည်။

အဆိုပါ အမျိုးသမီးသတင်းထောက် သေဆုံးပြီးနောက် အာရပ်ကမ္ဘာတဝန်း အကြမ်းဖက်မှုများနှင့် ဒေါသအငွေ့အသက်များ ထွက်ပေါ်လာဖွယ်ရှိကြောင်း အေပီက ရေးသားထားသည်။

သိမ်းပိုက်ခံထားရသော အနောက်ဘက်ကမ်းကို အစ္စရေးတို့ စီးနင်းတိုက်ခိုက်စဉ် မေလ ၁၁ ရက်က ရှီရင်းအဘူအကလက်ချ် ပစ်သတ် ခံရခြင်းဖြစ်ကြောင်း မျက်မြင် သက်သေများက ပြောကြားခဲ့သည်။

အရှေ့ဂျေရုဆလင်သည် အစ္စရေးနှင့် ပါလက်စတိုင်း နှစ်ဖက်စလုံးက ၎င်းတို့ပိုင်နက်ဖြစ်ကြောင်း အသီးသီး တောင်းဆိုနေကြပြီး အကြမ်းဖက်မှုများ ထပ်တလဲလဲ ဖြစ်နေခဲ့သည်။

အသက် ၅၁ နှစ်အရွယ်တွင် သေဆုံးသွားခဲ့သည့် အယ်လ်ဂျာဇီးယား သတင်းထောက် အဘူအကလက်ချ်သည် အစ္စရေးတို့ လွှမ်းမိုးမှုအောက်တွင် စတေးခဲ့ရသူ တစ်ဦးအဖြစ် အာရပ်ကမ္ဘာက ရှုမြင်ခံစားနေကြသည်။

သေဆုံးခဲ့သော သတင်းထောက် ရှီရင်းအဘူအကလက်ချ် ဈာပနာ(AP)

သူမသည် အယ်လ်ဂျာဇီးယား၏ ဂြိုဟ်တုရုပ်သံလိုင်းတွင် ၂၅ နှစ်ကြာ အမှုထမ်းခဲ့သည့် ဝါရင့်မီဒီယာသမားဖြစ်ပြီး ပါလက်စတိုင်း လူမျိုးများက ဒေသခံ သူရဲကောင်းတစ်ဦးအဖြစ် ကြည်ညိုလေးစားကြသည်။

၎င်းသည် အစ္စရေး တပ်ဖွဲ့ဝင်များ၏ တမင်တကာ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည်ဟု ပါလက်စတိုင်း ရှေ့နေတစ်ဦးက ပမာဏ စစ်ဆေးတွေ့ရှိချက်ကို မေလ ၁၃ ရက် နှောင်းပိုင်းတွင် ထုတ်ဖော်ပြောကြားခဲ့သည်။ သေမှုသေခင်းအတွက် စုံစမ်း စစ်ဆေးမှုများ ဆက်လုပ်သွားမည်ဟု ၎င်းက ကတိပြုခဲ့သည်။

သူမ(အဘူအကလက်ချ်)၏ ဈာပနအခမ်းအနားသို့ ပါလက်စတိုင်း အလံများ ဝှေ့ယမ်းရင်း လူပေါင်းထောင်နှင့်ချီ၍ လိုက်ပါ ပို့ဆောင်ခဲ့ကြသည်။ ၂၀၀၁ ခုနှစ်က ပါလက်စတိုင်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ဖိုင်ဇယ်ဟူစိန်နီ ကွယ်လွန်ပြီးနောက် ယခုဈာပနမှာ ဂျေရုဆလင် တွင် အစည်ကားဆုံး ပါလက်စတိုင်း ဈာပနအဖြစ် ယုံကြည်ရကြောင်း အေပီက ရေးသားဖော်ပြသည်။

သင်္ဂြိုဟ်ခြင်းမပြုမီ လူအုပ်ကြီးသည် ၎င်း၏ခေါင်းတလားကို ဝန်းရံ၍ လှည့်လည်ချီတက်ခဲ့ကြပြီး မြို့ဟောင်းအနီးရှိ ကက်သလစ် ဘုရားကျောင်းသို့ စုဝေးပို့ဆောင်ခဲ့ကြသည်။

အဓိကရုဏ်းဖြစ်နေစဉ်(AP)

မရှေးမနှောင်းမှာပင် အစ္စရေးရဲများ ဝင်ရောက်လာပြီး ဝမ်းနည်းပူဆွေးနေသူများကို တွန်းထိုးရိုက်နှက်ခဲ့ကြသည်။ လူအများ လက်ထဲမှ ပါလက်စတိုင်းအလံများကို အစ္စရေးရဲများ လုယူဆုတ်ဖြဲကြပြီး လူစုခွဲကြဖို့ ဗုံးခွဲခြောက်လှန့်ခဲ့သည်။

အစ္စရေးရဲများ၏ ဖြိုခွင်းမှုသည် အဘူအကလက်ချ်ကို ထပ်မံသတ်ဖြတ်ခြင်းနှင့် အတူတူပင်ဖြစ်ကြောင်း အယ်လ်ဂျာဇီးယား သတင်းထောက် တစ်ဦးဖြစ်သူ ဂျီဗာရာဘူဒိုင်ရီက ပြောသည်။

ဂျူး၊ မွတ်ဆလင်နှင့် ခရစ်ယာန်ဘာသာတို့ အထွတ်အမြတ်နေရာများ တည်ရှိရာ အရှေ့ဂျေရုဆလင်ကို ၁၉၆၇ ခုနှစ် အရှေ့ အလယ်ပိုင်း စစ်ပွဲတွင် အစ္စရေးတို့က သိမ်းပိုက်ထားခဲ့သည်။

Source: AP