CNI News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၄

မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင် သွားလာ ပြေးဆွဲနေသော ခရီးသည်တင် မော်တော်ယာဉ်များ၊ အရပ်သား ကားများ၊ ကုန်တင်မော်တော်ယာဉ်များအား အကြောင်းမဲ့နှောင့်ယှက်ပစ်ခတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ မပြုလုပ်ရန် KNLA တပ်မဟာ၊ တပ်ရင်းများသို့ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီက ညွှန်ကြားချက်ပေးပို့ခဲ့သည်။

အဆိုပါ ညွှန်ကြားချက်ကို KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီမှ ဧပြီ ၂၃ ရက်နေ့က ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း၊ KNU ကရင်အမျိုးသားအစည်းအရုံး ဗဟိုအလုပ်အမှု ဆောင်ကော်မတီ၏ ဆုံးဖြတ်ချက်အရ ပေးပို့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုညွှန်ကြားချက်ကို သက်ဆိုင်ရာ မိမိတို့ တပ်မဟာ၊ တပ်ရင်းအတွင်းရှိ အောက်ခြေအဆင့်ရှိ တပ်မှူးတပ်သားများသို့ ထပ်မံညွှန်ကြားရန်နှင့် ဤညွှန်ကြားချက်အား လိုက်နာမှုမရှိပဲ ဖောက်ဖျက်ကျူးလွန်ပါက လိုအပ်သလို အရေးယူဆောင် ရွက်ခြင်း ခံရမည်ဟု ဖော်ပြထားသည်။

KNU မှ ခေါင်းဆောင်တစ်ဦးက “အဲဒါကတော့ တကယ် သူ့ရဲ့ ညွှန်ကြားချက် အစစ်အမှန်ပဲ၊ ပြီးတော့ နောက်တစ်ခုက အလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးမှာ သူတို့ ဆုံးဖြတ်ချက်နဲ့အညီ စစ်ဦးစီးချုပ်က အောက်ခြေတပ်တွေကို ညွှန်ကြားလိုက်တဲ့စာပါပါတယ်။ အဲဒါကတော့ အမှန်အကန်ပဲ”ဟု CNI သို့ ပြောသည်။

ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင် တပ်မတော်နှင့် KNLA ၊ PDF ပူးပေါင်းအဖွဲ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ခရီးသည်တင်ကားများ၊ အရပ်သားကားများ၊ ကုန်တင်မော်တော်ယာဉ်များ ပစ်ခတ်ခံရခြင်းကြောင့် သေဆုံး ခြင်း၊ မီးရှို့ခံရခြင်းများ ဖြစ်ပွားခဲ့သည်။

ထို့နောက် ထိုင်း-မြန်မာ ကုန်စည် စီးဆင်းမှုများ ရပ်တန့်သွားခဲ့သလို ခရီးသည်တင် မော်တော်ယာဉ်များ ပြေးဆွဲနိုင်ခြင်း လည်း မရှိဘဲဖြစ်ပေါ်ခဲ့သည်။