CNI International News

မော်စကို၊ ဧပြီ ၈

ယူကရိန်းနိုင်ငံအတွင်း ရုရှားထိုးစစ်ကို မကြာမီ ရက်ပိုင်းအတွင်း အဆုံးသတ်နိုင်ဖွယ်ရှိကြောင်း မော်စကိုမြို့ရှိ ကရင်မလင် သမ္မတနန်းတော်က မျှော်မှန်းထားသည်ဟု ကရင်မလင်နန်းတော်ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က ဧပြီ ၇ ရက်တွင် Sky News ကို ပြောကြားခဲ့သည်။

ထိုပြောကြားချက်ကို ပြန်လည် ကိုးကား၍ အာရ်တီသတင်းဌာနက ရေးသားဖော်ပြသည်။

ရုရှားတပ်များသည် ၎င်းတို့၏ စစ်ရေးရည်မှန်းချက်များ ပြည့်မီသဖြင့် အဆုံးသတ်တော့မည်ဖြစ်ကြောင်း၊ သို့တည်းမဟုတ် မော်စကိုနှင့် ကိယက်ဗ်တို့ ညှိနှိုင်းမှုများမှတဆင့် သဘောတူညီချက်တစ်ရပ် ရရှိခဲ့လျှင် အဆုံးသတ်နိုင်ကြောင်း ပက်စကော့က ဆက်လက် ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေး သဘောတူစာချုပ်၏ အလားအလာသည် ယူကရိန်း၏ တသမတ်တည်း ရပ်တည်ချက်နှင့် ရုရှား၏စည်းကမ်း များအပေါ် သဘောတူလက်ခံရန် များစွာမူတည်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

အထူးသဖြင့် ဒွန်ဘတ်စ်ဒေသတွင် အရပ်သားများအပေါ် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် ယူကရိန်း တာဝန်ရှိသူများ ဘက်မှ တရားမျှတမှု ပေးသင့်ကြောင်း ပက်စကော့က အလေးပေး ပြောကြားခဲ့သည်။

ကိယက်မြို့တော်အနီး မြို့ငယ်များတွင် အရပ်သားများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုနှင့်စပ်လျဉ်း၍ မော်စကိုအပေါ် ကိယက်ဗ်အစိုးရ၏ အဆင့်သတ်မှတ်ထားသည့် စွပ်စွဲချက်များကို Sky News က မေးမြန်းခဲ့ရာ ကရင်မလင်ပြောခွင့်ရသူ ပက်စကော့က အဆိုပါစွပ်စွဲချက်များသည် ပုံကြီးချဲ့ထားသော အတုအယောင်များသာ ဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။

ဘူချာမြို့က ရုရှား-ယူကရိန်းစစ်ပွဲအတွင်း သေဆုံးကြခြင်း

“ရုရှားစစ်တပ်ဟာ ဒီလိုရက်စက်ကြမ်းကြုတ်မှုတွေ အလားတူရှိနိုင်တယ်လို့ ပြောတဲ့အပေါ်မှာ ကျနော်တို့ အတိအလင်း ငြင်းရ မှာပဲ။ လူသေ အလောင်းတွေကို အဲဒီမှာ (ဘူချာမြို့) လမ်းမပေါ်မှာ သူတို့ပဲ ချပြထားတာ ဖြစ်ပါတယ်” ဟု ၎င်းက Sky News မှ မေးမြန်းသူ မာ့ခ်အော်စတင် (Mark Austin) ကို ပြောကြားခဲ့သည်။

“ကျနော်တို့ ဒီလိုအတုအယောင်တွေနဲ့ လိမ်ညာမှုတွေခံနေရတဲ့ နေ့ရက်တွေကို ဖြတ်သန်းခဲ့ရပါတယ်” ဟု ၎င်းက ရှင်းပြသည်။

ယူကရိန်းမှာ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုအားလုံးကို အမှန်တကယ် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအတွက် ရုရှား စိတ်ဝင် စားကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရုရှားစစ်ဆင်ရေး ရည်မှန်းချက်များထဲတွင် နျူကလီးယား လက်နက် သုံးစွဲရေး အပါအဝင် တတိယကမ္ဘာစစ် ဖြစ်နိုင်ခြေကို ရှောင်လွှဲလိုခြင်းလည်း ပါဝင်ကြောင်း၊ အကယ်၍ ယူကရိန်းသည် မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့(နေတိုး) ပါဝင်ပြီးနောက် စစ်ရေးနည်းလမ်းဖြင့် ခရိုင်းမီးယားကျွန်းဆွယ်ကို ပြန်လည်သိမ်းပိုက်ရန် ကြိုးစားပါက မိမိတို့က နျူကလီးယား လက်နက် ပိုင်ဆိုင်သည့် နေတိုးအဖွဲ့ဝင် နိုင်ငံများကို ခုခံရမည်ဖြစ်သဖြင့် ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခတစ်ခုဆီသို့ ဦးတည်သွားဖွယ် ရှိနေ ကြောင်း ပက်စကော့က ပြောခဲ့သည်။

ယူကရိန်းသည် ၂၀၁၄ ခုနှစ်ကတည်းက ရုရှားဆန့်ကျင်ရေး ဗဟိုချက် ဖြစ်လာခဲ့ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့ သည်ဟု မော်စကိုအခြေစိုက် အာရ်တီသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

Source: အာရ်တီသတင်းဌာန