CNI News

 ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၈

လက်ရှိ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC)က ပြုလုပ်နေသည့် ညီလာခံမှ ထွက်ပေါ်လာမည့် ဖက်ဒရယ်မူ များကို စောင့်ကြည့်နေပြီး စစ်မှန်သည့် ဖက်ဒရယ်မူ ထွက်ပေါ်လာရန်လိုအပ်ကြောင်း တိုင်းရင်းသားပါတီ ခေါင်းဆောင်များက CNI သတင်းဌာနသို့ ပြောသည်။

NUCC က ပြည်သူ့ညီလာခံကို ဇန်နဝါရီလ ၂၇ ရက်နေ့မှ စတင်၍ သုံးရက်ကြာ ပြုလုပ်လျက်ရှိရာ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ ၈ ဖွဲ့ အပါအဝင် နိုင်ငံလုံးဆိုင်ရာ သပိတ်ကော်မတီများ၊ လူထုအခြေပြု အဖွဲ့အစည်းများ စသည့် ကိုယ်စားလှယ် ၃၀၀ ကျော် တက်ရောက်နေကြောင်း သိရသည်။

NUCC ညီလာခံမှ ထွက်ပေါ်လာမည့် ဖက်ဒရယ်မူကို စောင့်ကြည့်နေကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)မှ အထွေထွေအတွင်းရေးမှူး စိုင်းလိတ်က ပြောသည်။

စိုင်းလိတ်က “ဖက်ဒရယ်နဲ့ ပတ်သက်လို့ကတော့ ကိုယ့်မှာလည်း မူတွေ သတ်သတ် မှတ်မှတ် ချမှတ်ထားပြီးသား ရှိတယ်ဆို တော့ သူတို့ဘက်က ချမှတ်လာမယ့်မူကို ချိန်ထိုးပြီးတော့မှပဲ ပြောလို့ ကောင်းမယ်။ နိုင်ငံရေးပါတီတွေကိုလည်း သူတို့ ဟိုး အစောပိုင်းက ဖိတ်ခေါ်မှုတွေ ရှိခဲ့တာပေါ့နော်၊ ဒါပေမယ့် အနေအထား အခြေအနေ အရပ်ရပ်ကြောင့်မို့လို့ တိုက်ရိုက်ကြီး ပါဝင်နိုင်ခြင်း မရှိကြတာကိုး။ ဒါပေမယ့်လို့ နိုင်ငံရေးပါတီ အထူးသဖြင့်တော့ တိုင်းရင်း သား နိုင်ငံရေးပါတီတွေကတော့ ဖက်ဒရယ်နဲ့ ပတ်သက်လို့ရှိရင် အကုန်လုံးက သဘောကျထားပြီးသား ရှိတယ်လေ။ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင် စု၊ ပြီး တော့ တန်းတူညီမျှမှုရှိတဲ့ အခြေခံမှာပဲ ရပ်တည်ကြမှာပဲလေ။ စည်းခြားထားတဲ့ အတွက်ကြောင့် မို့ ကိုယ်တိုင်ကိုယ်ကျ သွား မပါရင်တောင်မှပဲ နိုင်ငံရေးပါတီတွေအနေနဲ့ စစ်မှန်တဲ့ဖက်ဒရယ်၊ တန်းတူညီမျှမှုကို အခြေခံတယ် ဆိုရင် မူအားဖြင့်တော့ အားလုံး လက်သင့်ခံကြမယ်လို့ မြင်ပါတယ်”ဟု CNI သို့ ပြောသည်။

ထို့နောက် NUCC အနေနှင့် တိုင်းရင်းသားများ လိုလားသည့် အမြင့်ဆုံး ဖက်ဒရယ် မော်ဒယ်လ်တစ်ခုကို ရဲရဲဝံ့ဝံ့ ချပြရန် လိုအပ်ကြောင်း  ထိုမှတဆင့် လက်နက်ကိုင်များနှင့် နိုင်ငံရေးပါတီများ အဆင့်ဆင့်ဆွေးနွေးသွားရန် လိုအပ်ကြောင်း မြေပုံမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ပြောသည်။

NUCC ကိုတွေ့ရစဉ်။

ဦးဖေသန်းက “NUCC အနေနဲ့  အရင်တုန်းက အခြေအနေကို တွက်ဆပြီးတော့ တိုင်းရင်းသားတွေအပေါ်မှာ မသထာရေစာ ပေးသလိုမျိုးပေါ့၊ မပေးရဲပေးရဲ အဲဒီလိုပုံစံမျိုး တုံ့ဆိုင်းပြီးတော့ လေးဖင်နေတဲ့ ကိစ္စတွေနဲ့ အချိန်ကုန်ခဲ့တာတွေ နှစ်ပေါင်း‌ ၇၀ ကျော်ပြီပေါ့။ ဒီနေ့ကတော့ ပြည်မပါတီဆိုမလား သူတို့အနေနဲ့တော့ ရဲရဲဝင့်ဝင့် တိုင်းရင်းသားတွေကို ဖက်ဒရယ်စစ်စစ် မော်ဒယ်လ် မြင့်မြင့်ပေးသင့်ပြီ၊ မဟုတ်ရင်တော့ တိုင်းရင်းသားတွေဖက်ကလည်း။ ဒီအပေါ်မှာ တုံ့ပြန်ချက်က နှေးကွေးနေလိမ့် မယ်လို့ ကျနော်ထင်တယ်ခင်ဗျ”ဟု CNI သို့ ပြောသည်။

NUCC ညီလာခံတွင် ဖက်ဒရယ် အခြေခံမူများ ပါဝင်သည့် ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ထွက် လာမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလက ပြည်သူ့ညီလာခံ ဖွင့်ပွဲမိန့်ခွန်းတွင် ပြောကြားခဲ့သည်။

ဦးဖေသန်းက “ကျနော်တို့ နိုင်ငံရေးပါတီတွေရှိမယ် တော်လှန်ရေး လက်နက်ကိုင်တွေရှိမယ်၊ ဗြုန်းစားကြီး ဘာလိုချင်လဲ ဘာဖြစ်ချင်လဲလို့ မေးတာထက်၊ ကိုယ့်ဘက်က ဘယ်လိုပေးချင်တယ်၊ ဘယ်လိုဘယ်လို ဖြစ်နိုင်မလားလို့ ပုံစံမျိုးပေါ့၊ ကိုယ့် ဘက်က အရင်ချပြီး တော့ ဖွဲ့စည်းပုံတစ်ခုကို ရေးဆွဲဖို့ လိုလိမ့်မယ်၊ ဒါမှမဟုတ် အတူတကွ ဟိုဘက်အသံ ဒီဘက်အသံ ညှိနှိုင်း ရင်းနဲ့ အချိန်တွေက အများကြီး ကြာနိုင်တယ်၊ ဒီတော့ ကိုယ့်ဘက်က အရင်ဆုံးချပြဖို့တော့ NUCC အနေနဲ့ တာဝန်ရှိတယ်လို့ မြင်တယ်၊ အဲဒီအပေါ် မှာပဲ ဒီဘက်က နိုင်ငံရေးပါတီတွေကော၊ လက်နက်ကိုင်တွေကော ပူးပေါင်းပါဝင်လာနိုင်တယ်၊ ဆွေးနွေး လာနိုင်တယ်၊ ပထမ တစ်ကြိမ် မစုံပေမယ့် ဒုတိယတစ်ကြိမ် ဘယ်လောက်တိုးတက်လာမလဲ၊ တတိယတစ်ကြိမ် ဘယ် လောက် တိုးတက်လာမလဲ စသည်ဖြင့်ပေါ့ အချိန်ယူပြီးတော့ လုပ်နိုင်မယ်ဆိုရင်တော့ အဖြေကောင်း တစ်ခုတော့ ရလာနိုင် တယ်ပေါ့။ ဒါပေမယ့် နောက် ဆုံး ဆွေးနွေးရမယ့် ကိစ္စတွေလည်း ရှိသေးတယ်လို့ ကျနော်က မြင်တယ်။ နောက်ဆုံး ဆွေးနွေး ရမယ့် ၂၁ ပင်လုံ ညီလာခံမှာလည်း အဲဒီ ခွဲထွက်ခွင့်တို့ တစ်ခုတည်းသော တပ်မတော်တို့နဲ့ တိုင်ပတ်နေတာပေါ့။ အဲဒီအပိုင်း မှာလည်း နည်းနည်း စဉ်းစားပြီးတော့ ဆုံးဖြတ်ရမယ်ထင်ပါတယ်”ဟု ပြောသည်။

လက်ရှိတွင် NUCC ညီလာခံသို့ တိုင်းရင်းသား နိုင်ငံရေးပါတီများ တက်ရောက်နိုင်ခြင်း မရှိသေးသလို အင်အားကြီး တိုင်းရင်း သား လက်နက်ကိုင် အချို့လည်း ပါဝင်ခြင်း မရှိသေးပေ။