ဘီရှကက် (ကာဂျစ်)၊ ဇန်နဝါရီ ၂၈
ပိတ်ဆို့ထားသော လမ်းပေါ်တွင် ကာဂျစ္စတန်နှင့် တာဂျစ်ကစ္စတန် နယ်ခြားစောင့်တပ်များ အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွား ပြီးနောက် လူအသေအပျောက်ရှိခဲ့ကြောင်း အယ်လ်ဂျာဇီးယားသတင်းတစ်ပုဒ်တွင် တွေ့ရသည်။
ယမန်နှစ်က လူဆယ်ဂဏန်းမျှ သေဆုံးခဲ့သော အလားတူ အကြမ်းဖက်မှုအပြီး ယခုဖြစ်စဉ်သည် ဆိုဗီယက်အုပ်စုဝင်ဟောင်း အိမ်နီးချင်း နှစ်နိုင်ငံအကြား တိုက်ခိုက်မှုဖြစ်ကြောင်း အယ်လ်ဂျာဇီးယားက ဆက်လက်ဖော်ပြသည်။
ဇန်နဝါရီ ၂၇ ရက်နေ့က တိုက်ပွဲဖြစ်ပွားပြီးနောက် ကာဂျစ္စတန်နိုင်ငံဘက်ခြမ်းရှိ ဘက်ကန်(Batken)ပြည်နယ်အစိုးရမှ တပ်ဖွဲ့ ဝင် ၄ ဦး ဒဏ်ရာရသွားခဲ့ကြောင်း ဒေသတွင်း သတင်းဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် 24.kg ၏ သတင်းအရ သိရသည်။
တာဂျစ်ကစ္စတန်ကလည်း ၎င်းဘက်တွင် အရပ်သားများနှင့် နယ်ခြားစောင့်တပ်များ အသေအပျောက်ရှိခဲ့ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။ သို့သော်လည်း အရေအတွက်ကို ထည့်သွင်းပြောကြားခြင်း မရှိပေ။ တာဂျစ်လုံခြုံရေး သတင်းရင်းမြစ် တစ်ခုကတော့ လူ ၁ ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရကြောင်း ပြောကြားခဲ့သည်။
အဆိုပါ နှစ်နိုင်ငံစလုံးသည် မော်စကိုနှင့် နီးကပ်စွာ မဟာမိတ်ဖွဲ့ထားပြီး ရုရှားစစ်အခြေစိုက် စခန်းများကိုလည်း ၎င်းတို့ နယ်စပ် အသီးသီး လက်ခံထားကြသော်လည်း နယ်စပ်ပိုင်းခြား သတ်မှတ်မှု အနေအထားမှာ ညံ့ဖျင်းလွန်းလှသည်။
ရုရှားဦးဆောင်သော စုပေါင်းလုံခြုံရေးစစ်စာချုပ်အဖွဲ့(CSTO)၏ အတွင်းရေးမှူးချုပ် စတန်နီစလပ်ဗ်ဇက်(Stanislav Zas)က ထိုနယ်စပ်တွင် အပစ်အခတ်ရပ်စဲရေး ချက်ချင်းတောင်းဆိုခဲ့ကြောင်း RIA သတင်းဌာနက ဖော်ပြသည်။
“CSTO အဖွဲ့ဝင် နှစ်နိုင်ငံစလုံးရဲ့ ခေါင်းဆောင်တွေဟာ ဒီလိုရှုပ်ထွေးတဲ့ နယ်စပ်ပြဿနာကို ဖြေရှင်းဖို့ နှစ်ဦးနှစ်ဘက် လက်ခံ နိုင်လောက်တဲ့ နည်းလမ်းတွေ ရှာတွေ့မယ်လို့ ယုံကြည်ထားပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။
CSTO အဖွဲ့ဝင် နိုင်ငံများမှ ခေါင်းဆောင်များကိုတွေ့ရစဉ်။(GETTY IMAGES)
နှစ်ဘက်စလုံး အဖွဲ့ဝင်ဖြစ်နေသော CSTO အနေဖြင့် ယခုပဋိပက္ခဖြေရှားရာ၌ အထောက်အကူပြုပေးရန် အသင့်ရှိကြောင်း စတန်နီစလပ်ဗ်ဇက်က ဆက်လက် ပြောကြားခဲ့သည်။
တာဂျစ်နိုင်ငံသားများသည် ဘက်ကန်ပြည်နယ်အလယ်နှင့် ကာဂျစ္စတန်ဘက်ခြမ်းရှိ အစ္စဖာနာကျေးရွာကြားရှိ လမ်းကြောင်း ကို ပိတ်ဆို့ခဲ့ကြောင်း ကာဂျစ္စတန်အာဏာပိုင်များက ပြောကြားခဲ့သည်။
အဆိုပါလမ်းကြောင်းကို နှစ်ဘက်နယ်ခြားစောင့်တပ်များက အသီးသီးပိတ်ဆို့နိုင်ခဲ့သော်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
ညသန်းခေါင်ယံတွင် အပစ်အခတ်ရပ်စဲကြရန် နှစ်ဘက် သဘောတူခဲ့သော်လည်း နောက်ထပ် ၁၀ မိနစ်အကြာတွင် တိုက်ပွဲ များ ပြန်လည် စတင်လာခဲ့ကြောင်း ကာဂျစ္စတန်အာဏာပိုင်များက နောက်ပိုင်း၌ သီးခြားသတင်းထုတ်ပြန်ခဲ့သည်။
တာဂျစ်ကစ္စတန်၏ နယ်ခြားစောင့်တပ်မှ တပ်ဖွဲ့ဝင်များသည် တာဂျစ်အရပ်သားများကို ကာကွယ်ခဲ့ပြီး ယခုအခင်းဖြစ်ပွားမှု၌ ကာဂျစ်ဘက်မှ ပထမဆုံး စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု တာဂျစ်က ပြောသည်။
တယ်လီဖုန်းဖြင့် ဆွေးနွေးခဲ့သည့် နှစ်ကြိမ်စလုံးသည် ဇန်နဝါရီ ၂၇ ရက်၊ ဂရင်းနစ်စံတော်ချိန် ညနေ ၅ နာရီအထိ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု မရရှိသေးကြောင်း ကာဂျစ်စ္စတန်နိုင်ငံ၊ အမျိုးသားလုံခြုံရေးကော်မတီက ယင်းနေ့နှောင်းပိုင်းတွင် ပြောကြားခဲ့သည်။
ယမန်နှစ် ဧပြီလကလည်း နှစ်နိုင်ငံကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၄၉ ဦးသေဆုံးခဲ့ပြီး အလားတူ နယ်စပ် တိုက်ပွဲ များမှ ပိုမိုကြီးမားသည့် ပဋိပက္ခသို့ ဦးတည်လာမည်ကို စိုးရိမ်စရာများ ဖြစ်လာခဲ့ကြောင်း အယ်လ်ဂျာဇီးယားက ရေးသားထား သည်။
Source: Aljazeera