CNI News

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် နိုင်ငံရေးပါတီ တို့ကြား ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှ ပြင်ဆင်ရန် သဘောတူညီမှု ရရှိထားသည့် ၄၃ ချက်ကို ပြင်ဆင်ပြီး နောက်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ထပ်တိုးလာနိုင်သည်ဟု ရခိုင့်ဦးဆောင်ပါတီ(ANP) မှ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က CNI သတင်းဌာနသို့ ပြောသည်။ 

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသအသစ် ပေါ်လာနိုင်ခြင်းသည် အစိုးရနှင့််လွှတ်တော်၏ ညှိနှိုင်းမှု၊ NSPNC ၏ ကြိုးစား အားထုတ်မှုများဖြင့် အခြေခံဥပဒေကို မည်မျှပြင်ဆင်နိုင်မလဲ ဆိုသည့်အပေါ် များစွာမူတည်သည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူများက ထောက်ပြကြသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး သဘောတူထားသည့် ၄၃ ချက်အား လွှတ်တော်၌ တင်ပြဆွေးနွေးသည့် ကာလနှင့်အပြိုင် ငြိမ်းချမ်းရေးညီလာခံများ ပေါ်လာနိုင်ကြောင်း၊ ထိုမှတဆင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများ ထပ်တိုးလာနိုင်ကြောင်း ရခိုင့်ဦးဆောင်ပါတီ(ANP)မှဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။ 

ဒေါက်တာအေးမောင်ကို တွေ့ရစဉ်

၎င်းက “ကျနော် ဆိုလိုတာက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ညောင်နှစ်ပင် ညီလာခံလောက် မလွယ်ဘူးဗျ။ ရှိပြီးသား ၂၀၀၈ ဖွဲ့စည်းပုံကြီးထဲမှာ ခုနကလို အခြေခံဥပဒေကို ပယ်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပြင်ဆင်ခြင်းပေါ့ဗျာ ‌ဒါတွေ‌ လုပ် ရတာက တော်တော်ကျပ်ပါတယ်။ ပုဒ်မ ၄၃၆ အတိုင်း လုပ်ရတာကို အဲဒီတော့ ၄၃ ချက်ကို လွှတ်တော် အတွင်းကို တင်ပြီးတဲ့နောက် အဲဒီကာလနဲ့ အပြိုင် NSPNC ဘက်က ငြိမ်းချမ်းရေးကို ဘယ်လိုသွားမှာလဲဆိုတဲ့ လုပ်ငန်းစဉ် တစ်ခုကလည်း ရှိမှာပေါ့။ ညီလာခံကြီးတစ်ခုထိ UPDJC တို့လည်း ပေါ်လာနိုင်တာပေါ့။ အဲဒီမှာ ရလာမယ့် အခု ကာလပေါ့ဗျာ သမ္မတကြီး ဦးမင်းအောင်လှိုင် လက်ထက်မှာ ဖြစ်လာမယ့် နိုင်ငံရေးရလဒ်တွေ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့ ရလဒ်အသစ်တွေ ဘယ်လိုဖြစ်မှာလဲ ငြိမ်းချမ်းရေးညီလာခံက ဆိုတာတစ်ခု ပေါ်ထွန်းလာမှာပေါ့။ အဲဒီမှာ ခုနကပြောတဲ့ ဥစ္စာလေးတွေ ဖြစ်ကောင်းဖြစ်လာနိုင်တယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တချို့ဒေသတွေ အထူးဒေသတွေက ပြည်နယ် သို့မဟုတ် လူမျိုးကို အခြေမပြုတဲ့ ဒေသတစ်ခုနဲ့ ဖြစ်လာမှာလား။ တချို့စစ်ကိုင်း၊ ကချင် တစိတ်တ‌စ်ဒေသကို ပေါင်းပြီးမှ ရှမ်းနီ ဒေသဖြစ်လာမှာလား ဒါကတော့ အခြေခံဥပဒေအတိုင်းပဲ ဆက်သွား ရမှာဗျ။ ညောင်နှစ်ပင်လောက်တော့ ဒါ ဆွေးနွေးရ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ မစခင်လောက်ကတော့ လုပ်ရ ကိုင်ရ လွယ်မယ်မထင်ဘူး။ ဆိုတော့ ဘယ်လိုဖြစ်ကြမှာလဲဆိုတာတော့ ဆက်ပြီးရှုစားကြရအုံးမယ်”ဟု ပြော သည်။

လက်ရှိတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ်မှ အနားမယူခင် က တိုင်းရင်းသားလက်နက်ကိုင်များ၏ တောင်းဆိုချက်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စ ရပ်များ၊ ဒေသနှင့်တိုင်းပြည်အတွက် လိုအပ်သည့် သဘောတူညီချက်များ၊ ဆွေးနွေးချက်များကို လွှတ်တော်ထဲတွင် ပြန်လည်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့တွင် ပြောဆိုခဲ့သည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသစ်များ ထပ်တိုးလာနိုင်ရန်အတွက်မှာ အခြေခံကျသည့် အချက်များကို သေချာစွာ ဖြေရှင်းရန် ဦးစွာလိုအပ်ကြောင်း၊ ထို့ကြောင့် အစိုးရသက်တမ်း (၅)နှစ်အတွင်းတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ အသစ်များ ပေါ်လာနိုင်ရန်အတွက် ခက်ခဲအုံးမည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအမ်ကောန်လက CNI သတင်းဌာနသို့‌ ပြောသည်။ 

တိုင်းရင်းသားများ လူငယ်များကို တွေ့ရစဉ်

၎င်းက “ငါးနှစ်အတွင်းမှာ ပေါ်လာမယ်ဆိုရင်တော့ ကျနော်တို့ကတော့ ဒီဟာကို လက်ခံကြိုဆိုရမယ် ကျနော် အမြင်အရဆိုရင် လက်ခံကြိုဆိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ National Identity ဆိုတာကြီးက Cohesion ဖြစ်နေတယ်၊ Cohesion ဆိုတာ တစ်ခုနဲ့တစ်ခု စည်းကပ်ပြီး ဆက်နွယ်ပြီးတော့မှ ပေါ်ပေါက်တာ။ တစ်ခုနဲ့တစ်ခု ဆက်နွယ်နေတယ် ခွဲခြားမရအောင် စုစည်းနေတယ်ဆိုတာက ဘာလဲဆိုတော့ တစ်ခုထက် မကသော National Identity တွေဖြစ်နေလို့လေ။ အဲဒီတော့ National Identity တစ်ခုချင်းကို ကောင်းမွန်သောနည်းလမ်းနဲ့ အကောင် အထည် ဖော်ပေးမယ်ဆိုရင်တော့ ဒါအဆင်ပြေမယ်။ နိုင်ငံရေးပဋိပက္ခ တော်တော်များများ ချုပ်ငြိမ်းသွားမယ်။ ဒါပေမယ့် အဲဒီလို အကောင်အထည် ဖော်ဖို့ဆိုရင် ဥပဒေကြောင်းအရ အကောင်အထည်ဖော်ရမယ့် နည်းလမ်းနဲ့ ရွေးကောက်ပွဲ နည်းလမ်း နှစ်ခုကျင့်သုံးပေးရမယ် အခြေခံအချက်။ အခြေခံအချက်အလက် မပြည့်စုံဘဲနဲ့ပြောင်းရင် ကမောက်ကမ ဖြစ်မယ်။ ဒါကတော့ နိုင်ငံရေးအရ စဉ်းစားချက်ပေါ့ အခြေခံကျတဲ့ အရာတွေကို အရင်ဖြေရှင်းဖို့ လိုတယ်ဗျာ အဲဒီဟာတွေကျ မပြောပဲနဲ့ ဖြစ်လာချင်တာကြီး ပြောနေရင် အလကားနေရင်း မြှောက်ပေးရာကျ တယ်။ မသိတဲ့သူ မြှောက်ပေးတာနဲ့ သွားတူတယ် အဲဒါ အန္တရာယ်များတယ်။ ဒါပေမယ့် နည်းမှန်လမ်းမှန်နဲ့ အခြေခံကျတဲ့ အချက်အလက်တွေတော့ သိပြီး နားလည်ပြီးမှ ရွှေ့တာတော့ ပိုကြိုက်တာပေါ့နော်၊ ဒါကြောင့် ငါးနှစ်မှာ မဖြစ်နိုင်ဘူးလို့ပြောတာ။ ဘာလို့ဆို အခြေခံကျတဲ့ အချက်အလက်တွေ အများကြီးရှိတယ် မဖြေရှင်းနိုင် သေးဘူး အဲဒါကြောင့်‌ ပြောတာ” ဟုပြောသည်။

လတ်တလောတွင် ရှမ်းနီ၊ လားဟူ၊ လီဆူ၊ အာခါ စသည့် တိုင်းရင်းသားလူမျိုးများက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သို့မဟုတ် ပြည်နယ် သတ်မှတ်ပေးရန် တွေ့ဆုံ ဆွေးနွေးမှုများကနေတဆင့် တောင်းဆိုလျက်ရှိ နေသည်။

လက်ရှိ အခင်းအကျင်းအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသစ်အဖြစ် ပေါ်လာနိုင်သည့် ပြည်နယ် ၃-၄ ခု ရှိလာနိုင် ကြောင်း၊ အထူးသဖြင့် ကချင်ပြည်နယ်တွင် ရှမ်းနီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပေါ်ထွန်းလာနိုင်သည့် အလား အလာရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။

မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်ကလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း(EAO)များ ငြိမ်းချမ်းရေး လိုချင်ပါက လာရောက်နိုင်‌ကြောင်း၊ ငြိမ်းချမ်းရေး ရဖို့ ဘယ်လောက် ကုန်ကုန် လုပ်မည်ဖြစ်ကြောင်း ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်တွင် နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ရေး ဗဟိုကော်မတီ အစည်းအဝေး၌ ပြောကြားခဲ့သည်။