CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆
မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး နှစ်ဖက် စေ့စပ် ညှိနှိုင်းရေးလုပ်ငန်းစဥ်မှာ ပါဝင်ကြသူများသည် ဘယ်လောက်အရေးပါသလဲ ဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ထောက်ပြကြသည်။
စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းစဉ်သည် ပဋိပက္ခများကို အနိုင်အရှုံး မခွဲဘဲ အပြန်အလှန် အကျိုးရှိစေရန်နှင့် နှစ်ဦးနှစ် ဖက် လက်ခံနိုင်သော သဘောတူညီချက်များ ရရှိရန်အတွက် အလွန်အရေးပါသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် စေ့စပ်ဆွေးနွေးရေး လုပ်ငန်းစဥ်တွင် ပါဝင်သူများ အနေဖြင့် နိုင်ငံရေးအရ ချုပ်ကိုင် ထားတာများ မရှိသင့်ကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်းက CNI သတင်း ဌာနသို့ ပြောသည်။
၎င်းက “စေ့စပ်ညှိနှိုင်းတယ်ဆိုတာက ဘယ်နေရာမှာမဆို၊ ဘယ်လုပ်ငန်းစဥ်မှာမဆို လိုအပ်တဲ့ လုပ်ငန်းစဥ် တစ်ခု ပဲ။ သူက အရေးလည်း အရေးကြီးတယ်ပေါ့နော်။ အဲဒါကြောင့်မို့ ဒီစေ့စပ်ညှိနှိုင်းရေး လမ်းစဥ်မှာ ပါဝင်တဲ့ လူတွေရဲ့ အနေအထားက တအားအရေးကြီးတယ်။ စွမ်းဆောင်နိုင်မှု၊ အဲဒီလူတွေအပေါ်မှာ ကျန်တဲ့ Stakeholder ပေါ့နော်၊ ပါဝင်ပတ်သက်သူတွေရဲ့ ယုံကြည်မှုကလည်း တအားအရေးကြီးတယ်။ ဒါကြောင့်မို့လို့ စေ့စပ်ဆွေးနွေးရေး လုပ် ငန်းစဥ်မှာ ဘက်ပေါင်းစုံကလူတွေ ပါဝင်ဖို့လိုတယ်။ ဒီနည်းနဲ့ မအောင်မြင်ဘူး အဖုအထစ် ရှိသွားတယ်ဆိုလို့ရှိရင် တခြားသော တစ်ခြားသော ဇာတ်ကောင်တွေကို သုံးပြီးတော့ပေါ့နော်၊ ဒီလုပ်ငန်းစဥ်ကို ပြန်စဖို့ အရေးကြီးတယ်။ အမြဲတမ်းလည်း တစ်ဖက်နဲ့တစ်ဖက် ထိတွေ့နေဖို့ကို နောက်ပြီးတော့ အဲဒီစေ့စပ်ဆွေးနွေးရေး လုပ်ငန်းစဥ်မှာ ပေး ထားတဲ့ ကတိတွေကိုပဲ စောင့်ထိန်းဖို့ပေါ့၊ နောက်ပြီးတော့ အဲဒီစေ့စပ်ဆွေးနွေးရေး လုပ်ငန်းစဥ်မှာ ပါဝင်တဲ့သူတွေ က သူတို့မှာ အတိုင်းအတာ တစ်ခုထိပေါ့နော်၊ လွတ်လွတ်လပ်လပ် ဆုံးဖြတ်ဆောင်ရွက်နိုင်ခွင့်ရှိရမယ်၊ ဘာဖြစ် ဖြစ်ပေါ့နော် အထက်ကို ပြန်မေးရအုံး မယ်ဆိုလို့ရှိရင်တော့ သိပ်အလုပ်မဖြစ်ဘူး။ အဲဒီတော့ အဲဒီလုပ်ငန်းစဥ်ကို ကြီးကြပ်တဲ့သူတွေက အတိုင်းအတာတစ်ခုအထိ သူတို့က အာဏာရရှိထားတဲ့ သူတွေဖြစ်ရမယ်၊ တာဝန်ခံမှု တာဝန်ယူမှုလည်း မရှိဘဲနဲ့ပေါ့နော် ကိစ္စသေးသေးလေးကိုတောင်မှ မဆုံးဖြတ်ရဲတဲ့ အနေအထားမျိုး ဖြစ်နေတယ် ဆိုရင်လည်းပဲ ဒီစေ့စပ်ဆွေးနွေးရေး လုပ်ငန်းစဥ်တွေက ကြာတတ်တယ်။ သူတို့ကို ချုပ်ကိုင်ထားတဲ့ နိုင်ငံရေးအရ ချုပ်ကိုင်ထားတာတွေ မရှိသင့်ဘူး”ဟု ပြောသည်။

NSCNP နဲ့ SSPP တို့ တွေ့ဆုံ ဆွေးနွေးကြစဉ်
နိုင်ငံရေးလောကတွင် စေ့စပ်ညှိနှိုင်းရေးသည် ပြည်သူ့အကျိုးစီးပွားကို ရှေးရှု၍ အကြမ်းဖက်မှုနှင့် ပဋိပက္ခများကို ရှောင်ရှားရန်၊ မတူညီသော အယူအဆများကို ပေါင်းစပ်ရန်နှင့် ငြိမ်းချမ်းရေးကို တည်ဆောက်ရန်အတွက် မရှိမ ဖြစ် အရေးပါဆုံးသော အဓိကမဏ္ဍိုင်တစ်ခု ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
ဒီမိုကရေစီစနစ်တွင် ပါတီစုံ သို့မဟုတ် အစိုးရနှင့် အတိုက်အခံကြား အစိုးရအဖွဲ့တည်မြဲရေး၊ ဥပဒေပြုရေးနှင့် ဖွံ့ဖြိုးရေးကိစ္စရပ်များတွင် စေ့စပ်ညှိနှိုင်းမှုသည် ဒီမိုကရေစီစံနှုန်းများကို အသက်သွင်းပေးသည့် လုပ်ငန်းစဉ်ဖြစ် သည်။
လက်ရှိ နိုင်ငံရေးအခင်းအကျင်း လက်နက်ကိုင်ပဋိပက္ခ အခြေအနေများအရ စေ့စပ်ညှိနှိုင်းရေး လုပ်ငန်းစဥ်သည် အရေးပါကြောင်း 7 EAO Alliance အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒီ ၂၀၂၀ မတိုင်ခင်အထိက NCA လမ်းကြောင်းအရ ကျနော်တို့ ဒါငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ကျနော်တို့ လုပ်ခဲ့တယ်။ သို့သော် ၂၀၂၁ နောက်ပိုင်း NCA လမ်းကြောင်းအရ လုပ်နေတဲ့ ဒါနိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှုတွေလည်း အကုန်လုံး ရပ်တန့်သွားတယ်။ အခြေအနေတစ်ခုက ဒီ ၅ နှစ်တာအတွင်းမှာ ဒီအထိကို ကျနော်တို့ကို တွန်းပို့ခဲ့တယ်။ ကျနော်တို့ ပြောပြောနေတဲ့ NCA လမ်းကြောင်း ဆိုတာထက်ပေါ့လေ NCA ကို အခြေခံပြီးတော့ ကျန်တဲ့အစုအဖွဲ့တွေ၊ ကျန်တဲ့အင်အားစုတွေလည်း လိုက်ပါနိုင်မယ့် နည်းလမ်းတစ်ခုကိုတော့ ဒါကျနော်တို့ ရှာကြံဖို့ လက်ရှိ နိုင်ငံရေးအခင်းအကျင်းနဲ့ ကိုက်ညီမယ်လို့ ထင်ပါတယ်။ ကျနော်တို့ ဒီအချိန်မှာ တစ်ဖက်နဲ့တစ်ဖက်ကလည်း ယုံကြည်မှုတွေကလည်း အရမ်းကို ကျဆင်းနေတဲ့ အချိန်ဖြစ်တယ်။ ပြီးတော့ ဒီငြိမ်းချမ်းရေးနဲ့ ဆန့်ကျင်ဘက် လက်နက်ကိုင် ပဋိပက္ခတွေကလည်း ဆက်လက်ပြီးတော့ အားကောင်းနေတယ်၊ ရှင်သန်နေတယ်။ ဒီအခြေအနေ တစ်ခုအောက်မှာပေါ့လေ၊ ဟိုကြားဝင်ဖြန်ဖြေမှုပေါ့။ ဒါစေ့စပ်ညှိနှိုင်းမှုတွေက လည်းပဲ လက်ရှိ နိုင်ငံရေး ပကတိ အခြေအနေနဲ့အညီပေါ့လေ၊ လုပ်ဆောင်ဖို့တော့ သူလည်း အရေးပါတယ်လို့ တော့ ကျနော် အဲဒီလိုပဲခံစားမိ့တယ်”ဟု ပြောသည်။
နိုင်ငံရေးကြောင့် ဖြစ်ပေါ်လာသည့် အကျပ်အတည်း တစ်ခုအောက်တွင် ထိန်းထိန်းသိမ်းသိမ်း သွားနိုင်လျှင် အကျိုး တစ်စုံတစ်ရာ ရှိလာနိုင်မည်ဟု ဗိုလ်မှူးကြီးစောကျော်ညွန့်က ဆက်လက် ပြောကြားသည်။

NSPNC နဲ့ UWSA တို့ တွေ့ဆုံ ဆွေးနွေးကြစဉ်
၎င်းက “ဒီလို သာမာန်အခြေအနေ မဟုတ်တဲ့ နိုင်ငံရေး အခင်းအကျင်း တစ်ခုအောက်မှာကတော့ ဒီအချိန်မှာ ကျနော်တို့ လုပ်နည်းကိုင်နည်းတွေကလည်းပဲ ဒါတစ်ဖွဲ့နဲ့တစ်ဖွဲ့ တစ်ဖက်နဲ့တစ်ဖက် တစ်ထပ်ထဲ ကျဖို့ကတော့ အင်မတန် ခက်ခဲပါတယ်၊ စိန်ခေါ်မှုတွေ အများကြီးလည်း ရှိပါတယ်။ တစ်ခါတစ်လေ ကျရင် အကောင်းဘက်ကို ရှေးရှုပြီးတော့ လုပ်သော်လည်းပဲ အကောင်းမဖြစ်ဘဲနဲ့ အခက်အခဲဖြစ်တာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ လက်ရှိ ဖြစ်တည်နေတဲ့ နိုင်ငံရေး အခြေအနေပေါ်မှာ မျက်ခြေမပြက် မျက်နှာမူပြီးတော့ပေါ့လေ။ ဒီနိုင်ငံရဲ့ အရေး တကြီး လိုအပ်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးလို့ခေါ်မလား၊ ထာဝရငြိမ်းချမ်းရေးလို့ပဲခေါ်မလား၊ အခက်အခဲ အကျပ်အတည်း တစ်ခု အောက်မှာကတော့ ကျနော်တို့ အနေနဲ့ ပြည့်စုံလုံလောက်တဲ့ အဆင့်မဟုတ်သည့်တိုင် အောင်တောင်မှ ကျနော်တို့ အဲဒီလမ်းကြောင်းပေါ်ကို စတင် ခြေလှမ်းလှမ်းနိုင်တဲ့ အစပျိုးမှုတွေ လုပ်နိုင်တယ် ဆိုရင်ပဲ အဲဒီအပေါ်မှာပဲ ထိန်းထိန်းသိမ်းသိမ်းနဲ့ သွားနိုင်တယ်ဆိုရင်တော့ အကျိုးတစ်စုံတစ်ရာတော့ ရှိလာနိုင် မယ်လို့ မျှော်လင့်ပါတယ်”ဟု ပြောသည်။
နိုင်ငံရေးစေ့စပ်ညှိနှိုင်းမှုတွင် နိုင်ငံရေးအရ ချုပ်ကိုင်မှု သို့မဟုတ် ဖိအားပေးမှုများ မရှိသင့်ကြောင်း၊ ထိုသို့ ရှိခြင်း သည် ညှိနှိုင်းမှု၏ အဓိကရည်ရွယ်ချက်ကို ပျက်ပြားစေပြီး ငြိမ်းချမ်းရေး၊ တရားမျှတရေးနှင့် ရေရှည်တည်တံ့သော သဘောတူညီချက်များရရှိရန် အတားအဆီးကြီးတစ်ခု ဖြစ်စေနိုင်ကြောင်း နိုင်ငံရေးအသိုင်းအဝန်းက ထောက်ပြ ကြသည်။
အလားတူ အစိုးရနှင့် လက်နက်ကိုင်ကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွင် ပါဝင်သော စေ့စပ်ညှိနှိုင်းသူများသည် စစ်ရေးအရ မည်ကဲ့သို့ တိုက်ခိုက်၍ရကြောင်း၊ မည်သည့် လက်နက်များဖြင့် တိုက်ခိုက်၍ရကြောင်း စသဖြင့် ခြိမ်းခြောက်သည့် သဘောမျိုးဖြင့် ဆွေးနွေးခြင်းကို ရှောင်ရှားသင့်သလို အပေးအယူ မရှိဘဲ တစ်ဖက်ကို မည်သည့် အကျိုးအမြတ်မှ ပေးစရာမလိုဘဲ လက်ခံအောင် လုပ်နိုင်သည်ဆိုသည့် လူကြီးအကြိုက် ဆွေးနွေးမှုများကိုလည်း မလုပ်ရန်လိုအပ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
