CNI News

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၅

ရှမ်းနှင့်ကချင် လူမျိုးနှစ်ခု၏ လှပသည့်သမိုင်းကို ပြိုကွဲသွားအောင် မလုပ်ဆောင်ကြဖို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောသည်။

 ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်တွင် ကျရောက်သော ၆၅ နှစ်မြောက် ကချင်တော်လှန်ရေးနေ့ မိန့်ခွန်းမှာ ၎င်းက ပြောကြားလိုက်ခြင်းဖြစ်သည်။

ဗိုလ်ချုပ်ကြီးအင်ဘန်လက “ ပြည်သူလူထုတွေကို ပြောချင်တာက အတူတကွ ယှဉ်တွဲနေထိုင်ကြတဲ့ ရှမ်းလူမျိုး တွေနဲ့ ပတ်သက်ပြီး ပြောချင်ပါတယ်။ ရှမ်းနဲ့ကချင် လူမျိုးတွေဟာ ဘိုဘေးစဉ်ဆက် ခေတ်အဆက်ဆက် အတူ ယှဉ်တွဲ နေထိုင်လာခဲ့ကြတာ ဖြစ်ပါတယ်။ စစ်အာဏာရှင်က ပြိုကွဲသွားအောင် လုပ်ဆောင်နေတဲ့ကြားမှာ လူမျိုး နှစ်ခုရဲ့ လှပတဲ့သမိုင်းကို ပြိုကွဲသွားအောင် မလုပ်ဆောင်ကြဖို့ ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် ချစ်ခြင်းမေတ္တာနဲ့ ပြန်လည် တည်ဆောက်ကြပါစို့။ လိမ်လည် လှည့်ဖြားပြောဆိုနေတဲ့ သတင်းမီဒီယာတွေကို ကြည့်ရှုပြီး အယုံလွယ် မှားယွင်းတာတွေ မဖြစ်အောင် သတိထားကြပါစို့”ဟု ပြောသည်။

KIO သည် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကို ၁၉၆၁ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်တွင် ထူထောင်ခဲ့သည်။ ထိုရက်ကို အစွဲပြု၍ ကချင်တော်လှန်ရေးနေ့ဟု သတ်မှတ်၍ ကျင်းပလာခဲ့ရာ ၆၅ နှစ်ပြည့်မြောက်ပြီဖြစ်သည်။

လက်ရှိတွင် KIO/KIA သည် ကချင်ပြည်နယ်၌ အခြေစိုက်သော်လည်း ရှမ်းနီ လူမျိုးများ အပါအဝင် ရှမ်းမျိုးနွယ်စု နေထိုင်သည့် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်း ဒေသကြီးမှာ စစ်ရေးလှုပ်ရှား၍ နယ်မြေစိုးမိုးမှုများ ပြုလုပ်လျက်ရှိနေသည်။

ဗန်းမောက်မြို့ ဘုန်းကြီးကျောင်းအတွင်း ရှမ်းနီအမျိုးသား ၁၂ ဦး သတ်ခံရပြီး စွန့်ပစ်ထားစဉ် (Shanni Empire)

ထို့ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ ရှမ်းနီ လူမျိုးများ အပါအဝင် ရှမ်းမျိုးနွယ်စုများ တန်းတူညီမျှမှု ရရှိ ရေး ကြိုးပမ်းနေသည့် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)နှင့် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည်။

အလားတူ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နေထိုင်ကြသော ရှမ်းမျိုးနွယ်စုများကို KIA/KIO က စစ်သားစုဆောင်းခြင်း၊ ဖမ်းဆီးအနိုင်ကျင့်ခြင်း၊ အမျိုးသမီးများကို သားမယားပြုကျင့်ခြင်း၊ သတ်ဖြတ် ခြင်း၊ ကချင်ဇာတ် သွပ်သွင်းခြင်း၊ ဖိနှိပ်ခြင်း စသည့် အခြေအနေများ ပြုလုပ်နေသည်ဟု ရှမ်းမျိုးနွယ်စုများက ပြော သည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ဗန်းမောက်မြို့နယ်မှာ ရှမ်းနီအမျိုးသား ၁၂ ဦးကို KIA မှ သတ်ဖြတ်ခဲ့သလို ရှမ်းနီ ဘုန်းကြီးနှင့် စာပေယဉ်ကျေးမှုအသင်းမှ အဖွဲ့ဝင်များကိုလည်း သတ်ဖြတ်မှုများရှိကြောင်း ရှမ်းနီလူမျိုးများက ပြောသည်။

ထိုအခြေအနေများကို KIO/KIA အနေဖြင့် ထိန်းသိမ်းနိုင်မှသာလျှင် ကချင်နှင့် ရှမ်း မျိုးနွယ်စုများကြား အတူယှဉ်တွဲ နေထိုင်ရေးကို အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။