CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၂
လက်ရှိ မြန်မာနိုင်ငံတွင် ကျင်းပနေသည့် ရွေးကောက်ပွဲကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ကျင်းပခြင်း မဟုတ်ဘဲ အုပ်ချုပ်ရေးအဖွဲ့များက ကျင်းပသွားခြင်းဖြစ်နေသည်ဟု တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံ၌ ၂၀၂၅ အထွေထွေရွေးကောက်ပွဲကို အပိုင်း(၃) ခွဲ၍ ကျင်းပနေရာ အပိုင်း(၁)ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က လည်းကောင်း၊ အပိုင်း(၂)အား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်က လည်းကောင်း ကျင်းပထားပြီး ဖြစ် သည်။
အဆိုပါ ရွေးကောက်ပွဲအပိုင်း(၁-၂) ကျင်းပခဲ့ရာတွင် ကြိုတင်မဲဖြင့် USDP အနိုင်ရရှိအောင် သက်ဆိုင်ရာက ဆောင် ရွက်ခဲ့မှုများရှိကြောင်း၊ USDP ကို မထောက်ခံသော မဲဆန္ဒရှင်များ မဲထည့်ခွင့် မရအောင်လည်း မဲစာရင်းများ ရှုပ်ထွေးအောင် အုပ်ချုပ်ရေးအဖွဲ့များက လုပ်ဆောင်ထားကြောင်း နိုင်ငံရေးပါတီတချို့နှင့် နိုင်ငံရေးလေ့လာ စောင့်ကြည့်သူများက ထောက်ပြနေကြသည်။
လက်ရှိ ရွေးကောက်ပွဲသည် မည်သူနိုင်မည်ကို ရွေးကောက်ပွဲ မကျင်းပရသေးဘဲ နိုင်မည့်အဖြေက သိနေသည့် အ တွက် ရွေးကောက်ပွဲက ပြည်သူ့ဆန္ဒ မဟုတ်ဘဲ အုပ်ချုပ်သူဆန္ဒ ဖြစ်နေကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

ရွေးကောက်ပွဲမဲထည့်ရန် လုပ်နေကြစဉ်
၎င်းက “ချုပ်ပြောရင် လူထုအပေါ်ထားတဲ့ သူတို့ရဲ့စေတနာလို့ပဲ ကျနော် မြင်ပါတယ်။ ဒါအခု ကျနော်တို့ ပါဝင်ယှဉ် ပြိုင်ခဲ့တဲ့ မိုးညှင်းကို အဓိကပြောချင်ပါတယ်။ လူထုက တက်ကြွတယ်၊ ပါဝင်ချင်တယ်။ ဒါပေမယ့် အဲ့ဒီ ရွေးကောက်ပွဲကို ကျင်းပသွားတာ ကော်မရှင် မဟုတ်ဘူး၊ အုပ်ချုပ်ရေးအဖွဲ့တွေက ကျင်းပသွားတာ ဖြစ်တယ်။ ဒါသူတို့ ကော်မရှင်ရဲ့ ဥပဒေ၊ နည်းဥပဒေထဲမှာ မပါတဲ့ လုပ်ရပ်တွေကိုလည်း သူတို့ အများကြီး လုပ်သွားတယ်။ အုပ်ချုပ်ရေးအဖွဲ့တွေက။ မြန်မာတစ်နိုင်ငံလုံးလည်း အသံတော့ ထွက်လာတယ်ပေါ့။ ရပ်/ကျေး ကော်မရှင် ဥက္ကဋ္ဌဆိုတာ မရှိသလောက် ရှားပါးပါတယ်။ အဲ့ဒါကို သူတို့ အုပ်ချူပ်ရေး စာရေးတွေက တောက်လျှောက် သူတို့ ရွေးကောက်ပွဲကိစ္စကို လုပ်သွားတာဖြစ်တယ်။ နောက် ထူးထူးခြားခြားကတော့ ကျနော်တို့ ပါဝင်ယှဉ်ပြိုင်ထားတဲ့ မြို့နယ်တစ်မြို့နယ်က အုပ်ချုပ်ရေးမှူးက ဒါမဲနိုင်ဖို့ကိစ္စကို သူအားလုံး စီစဉ်ထားပြီးပြီပေါ့။ သူတို့က မဲအဖြေ မထွက်ခင်ကတည်းကကို ဘယ်ကနိုင်တယ်ဆိုတာ သူတို့ သိထားပြီးတဲ့ အခါကျတော့ အဲ့ဒီလိုမျိုးကျတော့ တရားမဲ့ ပြုကျင့်တဲ့ထဲမှာ ပါနေတာလေ။ ဒါသူ့ပါးစပ်က ထွက်လာလို့ ကျနော်တို့ သိရှိရတာ။ ဒါဘယ်သူနိုင်တော့မှာဆိုတာ ရွေးကောက်ပွဲတောင် မကျင်းပရသေးဘူး၊ နိုင်မယ့် အဖြေက သူတို့က သိနေပြီဆိုတဲ့ အခါကြတော့ ဒါပြည်သူ့ဆန္ဒ မဟုတ်ဘူး။ သူတို့ရဲ့ အုပ်ချုပ်သူဆန္ဒ ဖြစ်နေတာ။ ကျနော်အနေနဲ့ ပြောချင်တာက နိုင်တာတော့ နိုင်သွားတယ်။ တရားသဖြင့် နိုင်တာလား၊ မတရားသဖြင့် နိုင်တာလား။ အုပ်ချုပ်သူတွေက အမှန်တကယ်ကျ ဒိုင်လူကြီးနေရာမှာ နေရမယ့်သူတွေ ဖြစ်တယ်။ အခုက အုပ်ချုပ်သူတွေက တစ်ဖက်အပေါ်ကို တစ်ဖက်စောင်းနင်း လုပ်သွားတဲ့ကိစ္စ အပေါ်တော့ လူထုက သိပ်မပြောချင်တဲ့ အပိုင်းလေးတွေ ပြီးတော့ ပြောလည်း ပြောလို့မရတဲ့ အခြေ အနေတွေ ဖြစ်နေတဲ့ အခါကျတော့ လူထုက ပြောမယ်ဆိုရင်တော့ ပြောလို့မရတဲ့အချိန်မှာ သူတို့ ကြိတ်မှိတ်ပြီး ခံနေလိမ့်မယ် ပြောလို့ရတဲ့ လုပ်လို့ရတဲ့အချိန်မှာ သူတိုပြန်ပြီးတော့မှ လုပ်ပါလိမ့်မယ် လူထုကတော့”ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ကျင်းပနေသော ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ဝေဖန်ခြင်း၊ ပုတ်ခတ်ခြင်း၊ ထောက်ပြ ခြင်းများ ပြုလုပ်သူများအား အရေးယူထားရာမှာ လူပေါင်း ၄၀၀ ကျော်ရှိထားသည့်အတွက် နိုင်ငံရေးပါတီများ အပါအဝင် ပြည်သူလူထုများ၊ နိုင်ငံရေးလေ့လာစောင့်ကြည့်သူများသည် တစ်စုံတစ်ရာ ထောက်ပြခြင်းမရှိဘဲ နုတ် ပိတ်နေကြသည်။
၂၀၂၅ အထွေထွေရွေးကောက်ပွဲတွင် ကော်မရှင်များက မဲထည့်ချင်သည့် သူများအားလုံးကို မဲထည့်၍ မရအောင် လုပ်ထားသလို ဖြစ်သွားကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင် က CNI သတင်းဌာနသို့ ပြောသည်။

ရွေးကောက်ပွဲမဲထည့်ရန် လုပ်နေကြစဉ်
၎င်းက “ကျနော်တို့ ယှဉ်ပြိုင်တဲ့ မဲဆန္ဒနယ်ထဲမှာတော့ ဖြစ်သွားတဲ့ မဲရုံလေးတွေ တွေ့ရှိရတယ်။ ကျနော်တို့ ရပ်/ကျေး မဲရုံက အဲ့ဒီဆရာမတွေက ခြင်္သေ့ကိုပဲ နှိပ်ပါဆိုပြီး လာသမျှအားလုံးကို သူတို့ ဒီစက် အခန်းရောက်ရင် နှိပ်ခိုင်းတယ်။ အဲ့ဒါလေးတွေတော့ တွေ့ရတယ်၊ သက်သေလည်းရှိလို့ ကျနော်ပြောတာပါ။ ဒီကော်မရှင်ဥပဒေ၊ နည်းဥပဒေ အခန်း ၁၃ အရ တရားမဲ့ ပြုကျင့်တဲ့ထဲမှာ ပါပါတယ်။ တရားမဆွဲဘူးလားဆို ကျနော်တို့ဘာမှ တရားမဆွဲလိုတော့ပါဘူး။ သူတို့ရဲ့ လုပ်ရပ်လေးတွေကို ပြောပြဖို့ပဲရှိတာပါ။ မိုးညှင်းမြို့နယ် မြို့သစ်ကလေး မဲရုံမှာဆိုလည်း အဲ့ဒီဆရာမတွေက ခြင်္သေ့ကို ထည့်ပါပေါ့နော်။ နောက်မဲထည့်ရက် မတိုင်ခင်မှာ ကြိုတင်မဲဆိုတာ ထည့်ကြတယ်။ အဲ့ဒါက နည်းဥပဒေထဲမပါဘူး။ မပါပေမယ့် သူတို့က ကြိုတင်မဲကို ထည့်ခိုင်း တယ်။ တစ်ရက်ကွက်ကို သူတို့က မဲအစောင်ရေ ၁၂၀ ပေးတယ်။ ဒါတန်းစီပြီးမှ ခြင်္သေ့ပဲ ခြစ်ပါလို့ လုပ်တယ်။ ဒီအုပ်ချုပ်ရေးမှူး အိမ်မှာလုပ်တယ် ကြိုတင်မဲကို။ ကျနော်တို့က အကြောင်း မကြားဘူးလား။ မြို့နယ် ကော်မရှင်ကို လှမ်းမေးတဲ့အခါကျ ကြိုတင်မဲတွေ ထည့်ခွင့်ပေးထားပြီ ထည့်လို့ရပြီဆိုတာ ကျနော်တို့ ပါတီ အားလုံးကို ဖိတ်ခေါ်ရမှာလေ၊ ကြိုတင်မဲ ထည့်ပြီဆိုရင်တော့။ ဒါဦးတင်အေး လက်ထက်တုန်းက လုပ်သွားတာ နိုင်ငံရေးပါတီ အားလုံးရှေ့မှာ ကြိုတင်မဲ ထည့်ရတယ်။ အခုက မဟုတ်ဘူး ကျနော်တို့သိရလို့ ကျနော်တို့လူတွေ လွှတ်လိုက်တဲ့အခါ မောင်းပြန်တယ်။ သူတို့အုပ်ချုပ်ရေးစရေးတွေက။ ဖြစ်စဉ်အမှန်တွေ ဖြစ်တယ်ဆိုတာ ကို ကျနော် အာမခံပြီး ပြောတာပေါ့။ ကော်မရှင်က အခုဘာဖြစ်သွားလဲဆိုတော့ မဲထည့်ချင်တဲ့ လူတွေအားလုံးကို လည်း မဲထည့်ခွင့်မရအောင် လုပ်ထားသလို ဖြစ်သွားတယ်”ဟု ပြောသည်။
မဲမပေးခင် တစ်လအလိုကတည်းက မဲစာရင်းသည် တည်ငြိမ်ရတော့မည် ဖြစ်သော်လည်း ရွေးကောက်ပွဲ ကျင်းပ သည့် နေ့အထိ မဲစာရင်းမှာ မတည်ငြိမ်သည်ကို တွေ့ရကြောင်း နိုင်ငံရေးပါတီများက ထောက်ပြကြသည်။
ထို ၃ ကြိမ်အနက် ပထမအကြိမ်နှင့် ဒုတိယအကြိမ်တွင် မဲစာရင်း၌ မပါခြင်း၊ နေထိုင်သည့် လမ်းအမည်များ မှားယွင်းခြင်း၊ ရှေ့ ၂ ကြိမ်တွင် အမည်စာရင်း ပါသော်လည်း တတိယအကြိမ်တွင် မဲစာရင်းထဲ မပါခြင်းတို့ကို ကြုံတွေ့ခဲ့ရကြောင်း နိုင်ငံရေးပါတီများက ပြောသည်။
UEC သည် ရွေးကောက်ပွဲ ကျင်းပမည်ဟု ထုတ်ပြန် ကြေညာထားသော မြို့နယ်များ စာရင်းတွင် မပါဝင်သော မြို့နယ်များကိုလည်း USDP နှင့် တစည ပါတီအား အနိုင်ရ ကိုယ်စားလှယ်လောင်းများအဖြစ် ထုတ်ပြန်မှုများ လည်း ရှိနေသည်။
လက်ရှိ ရွေးကောက်ပွဲအား အုပ်ချုပ်ရေးနှင့် ကော်မရှင်တွဲပြီး လုပ်ပေးခြင်းဖြစ်ပြီး မည်သည့် ရွေးကောက်ပွဲမဆို ပြောစရာ ရှိတတ်သည့် သဘောပဲဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အုပ်ချုပ်ရေးကတော့ ကော်မရှင်နဲ့တွဲပြီးတော့မှ သူကလုပ်ပေးရတာကို။ လူစာရင်း ပြုစုတာသော်လည်း ကောင်း၊ မဲဆန္ဒရှင်တွေက အစပေါ့။ ရပ်/ကျေးမှာ ကပ်တာကအစ ပြီးရင် ဒီမှာ မပါလို့ လုပ်တာကအစ ဒီကနေပဲ သွားကြရတာကို။ အလွဲအချော် ဒါဘယ်ရွေးကောက်ပွဲ မဆိုတော့လည်း ရှိနိုင်တာပေါ့နော်။ ဒါပေမယ့် ဒီတစ်ခေါက် မှာကြတော့ ဧည့်စာရင်းသမားတွေ မပါဘူး၊ ပထမအကျော့ သုံးကြိမ် ကြေညာတဲ့အချိန်မှာ ပထမအသုတ်မှာ ပါပြီး သား သူတွေကကျတော့ နောက် တစ်သုတ် မကြည့်တော့ဘူးပေါ့လေ။ မကြည့်တော့ မဲသွားပေးတဲ့ အခါကြမှ သွား လည်းပေးရော နောက်ဆုံးအကြိမ်မှာ မကြည့်မိခဲ့တဲ့အတွက် မရတော့ဘူး ဆိုတာမျိုးတွေလည်း ဖြစ်တာပေါ့နော်။ အဲ့ဒီလိုမျိုးပေါ့လေ အုပ်ချုပ်ရေးကြောင့်တို့ ဘာတို့ညာတို့ကတော့ ပြောမယ်ဆိုရင်တော့လည်း ပြောစရာတွေ တော့ ဖြစ်တာပေါ့။ ဘယ်ရွေးကောက်ပွဲ မဆိုပါပဲ ပြောစရာတွေကတော့ ရှိတတ်တဲ့ သဘောပဲပေါ့နော်”ဟု ပြော သည်။
၂၀၂၅ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်တွင် မြို့နယ် ၆၃ မြို့နယ်မှာ ဆက် လက် ကျင်းပမည်ဖြစ်သည်။
ထို့နောက် မတ်လတွင် လွှတ်တော်ခေါ်၍ ဧပြီလ၌ အစိုးရသစ် ဖွဲ့စည်းမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအနိုင်ရ ရှိသည့် ပါတီကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးမည်ဖြစ်ကြောင်းဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
