CNI International News
ဂွာတီမာလာစီးတီး၊ ဇန်နဝါရီ ၂၀
ဂွာတီမာလာနိုင်ငံတွင် အကျဉ်းသားများက ဒါဇင်နှင့်ချီသည့် အကျဉ်းဦးစီး ဝန်ထမ်းများကို ဓားစာခံအဖြစ် ဖမ်းဆီး ခဲ့သည့် ဖြစ်စဉ်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့ပြီးနောက် သမ္မတက ဇန်နဝါရီ ၁၉ တွင် အရေးပေါ် အခြေအနေ ကြေညာလိုက်ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
သီတင်းပတ်ကုန်အတွင်း ဖြစ်ပွားခဲ့သည့် လူဆိုးဂိုဏ်း အဖွဲ့များ၏ အကြမ်းဖက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် အနည်းဆုံး ၇ ဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်။
ဇန်နဝါရီ ၁၇ ရက် အစောပိုင်းတွင် အကျဉ်းသားများက အမျိုးသား အကျဉ်းထောင် ၃ ခု၌ လူ ၄၆ ဦးကို ဓားစာခံ အဖြစ် ဖမ်းဆီးကာ ဆူပူအုံကြွခဲ့ကြခြင်း ဖြစ်သည်။
အစိုးရက ယခုဖြစ်စဉ်သည် Barrio 18 အမည်ရှိ ရာဇဝတ်ဂိုဏ်း၏ လက်ချက်ဖြစ်ကြောင်း ပြစ်တင်ရှုတ်ချခဲ့ပြီး ထိုဂိုဏ်းအဖွဲ့ဝင်များသည် အကျဉ်းထောင်အတွင်း အထူးအခွင့်အရေးများ ပိုမိုရရှိရန်အတွက် ယခုကဲ့သို့ ဖိအားပေး ဆူပူခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဂွာတီမာလာနိုင်ငံတွင် Barrio 18 ရာဇဝတ်ဂိုဏ်း၏ ခေါင်းဆောင် Aldo Duppie (ခေါ်) El Lobo ကို ထိန်းသိမ်း ထားသည့် အကျဉ်းထောင်ကို လုံခြုံရေးတပ်ဖွဲ့များက ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ဂွာတီမာလာစီးတီး (Guatemala City) ပတ်ဝန်းကျင်ရှိ နေရာ အတော်များများတွင် ရဲတပ်ဖွဲ့ဝင်များအား ပစ်မှတ်ထားသည့် ဂိုဏ်းအဖွဲ့ဝင်များ၏ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည်။

ဂွာတီမာလာရှိ အကျဉ်းထောင်ကို တွေ့ရစဉ်
ဂိုဏ်းခေါင်းဆောင် El Lobo ကိုမူ အာဏာပိုင်များက ပြန်လည်ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့ပြီ ဖြစ်သည်။
ရဲတပ်ဖွဲ့မှ ထုတ်ပြန်သည့် ဓာတ်ပုံများတွင် ဇန်နဝါရီ ၁၈ နံနက်ပိုင်းက အကျဉ်းသားများ သိမ်းပိုက်ထားသော အကျဉ်းထောင်အတွင်းမှ ပခုံးတွင် သွေးများ စွန်းထင်နေသည့် Barrio 18 ဂိုဏ်းခေါင်းဆောင် El Lobo ကို ရဲတပ်ဖွဲ့ဝင်များက ခေါ်ဆောင်လာသည်ကို မြင်တွေ့ရသည်။
ဂွာတီမာလာသမ္မတ ဘာနန်ဒို အရီဗာလို (Bernardo Arevalo )က ရက်ပေါင်း ၃၀ ကြာ အရေးပေါ် အခြေအနေကို ကြေညာလိုက်သည်။
ထိုလုပ်ဆောင်ချက်သည် ရဲတပ်ဖွဲ့နှင့် စစ်တပ် အပါအဝင် နိုင်ငံတော်၏ အင်အား အပြည့်အဝကို အသုံးပြုပြီး ဂိုဏ်း အဖွဲ့များ၏ အကြမ်းဖက်မှုကို နှိမ်နင်းသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဂွာတီမာလာ ဥပဒေအရ အရေးပေါ် အခြေအနေ ကြေညာ ထားစဉ်အတွင်း ပြည်သူလူထုကို ခြိမ်းခြောက်မှုများ အပေါ် တုန့်ပြန်ရန်အတွက် နိုင်ငံသားအခွင့်အရေးများကို ယာယီကန့်သတ်ခြင်း သို့မဟုတ် ဆိုင်းငံ့ခြင်းများ ပြုလုပ် နိုင်သည့်အပြင် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ လုပ်ပိုင်ခွင့်အာဏာကိုလည်း တိုးမြှင့်ပေးထားမည် ဖြစ်သည်။
Source: ရိုက်တာ
