CNI International News
ပေကျင်း၊ ဒီဇင်ဘာ ၂၃
အမေရိကန်တပ်ဖွဲ့များက ဗင်နီဇွဲလားကမ်းလွန်ရေပြင်တွင် တရုတ်နိုင်ငံသို့ ဦးတည်မောင်းနှင်နေသော ရေနံတင် သင်္ဘောတစ်စီးကို ကြားဖြတ်ဖမ်းဆီးခဲ့ပြီးနောက် အမေရိကန်၏ ထိုလုပ်ဆောင်ချက်သည် နိုင်ငံတကာဥပဒေကို ဆိုးရွားစွာချိုးဖောက်ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့ သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ဗင်နီဇွဲလားနိုင်ငံအနေဖြင့် အခြားနိုင်ငံများနှင့် ဆက်ဆံရေး တိုးမြှင့်ခွင့်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန်း (Lin Jian) က နေ့စဉ်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ထို့ပြင် တရုတ်အစိုးရသည် တစ်ဖက်သတ်ဆန်ပြီး တရားမဝင်သော ပိတ်ဆို့အရေးယူမှုအားလုံးကို ကန့်ကွက် ကြောင်းလည်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။
ဗင်နီဇွဲလားနိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့်သင်္ဘောများနှင့် ဗင်နီဇွဲလားမှ ပြန်လည်ထွက်ခွာလာသည့် ပိတ်ဆို့မှု ခံထားရသော ရေနံတင်သင်္ဘောအားလုံးကို တားဆီးသွားမည်ဟု သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ကြေညာခဲ့ပြီးနောက် ဒီဇင်ဘာ ၂၀ ရက်တွင် အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့က ဗင်နီဇွဲလား ကမ်းလွန် နိုင်ငံတကာ ရေပိုင်နက်အတွင်း ဒုတိယမြောက် ရေနံတင်သင်္ဘောတစ်စီးကို ကြားဖြတ်ဖမ်းဆီးခဲ့သည်။

ဗင်နီဇွဲလားရေနံတင်သင်္ဘောကိုတွေ့ရစဉ်
Centuries အမည်ရှိ အဆိုပါသင်္ဘောသည် ဗင်နီဇွဲလားတွင် Crag ဟူသော အမည်အတုဖြင့် ကုန်တင်ခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်မည့် ဗင်နီဇွဲလား၏ ရေနံစိမ်း စည်ပေါင်း ၁.၈ သန်းခန့် တင်ဆောင်ထားကြောင်း စာရွက်စာတမ်းများတွင် ဖော်ပြထားသည်။
ထိုရေနံစိမ်းများကို Satau Tijana Oil Trading ကုမ္ပဏီက ဝယ်ယူခဲ့ခြင်းဖြစ်ပြီး၊ ထိုကုမ္ပဏီသည် ဗင်နီဇွဲလား အစိုးရပိုင် ရေနံကုမ္ပဏီ (PDVSA) က တရုတ်နိုင်ငံရှိ ပုဂ္ဂလိက ရေနံချက်စက်ရုံများသို့ ရေနံရောင်းချရာတွင် ပါဝင်ပတ်သက်နေသည့် ကြားခံကုမ္ပဏီအများအပြားထဲမှ တစ်ခုဖြစ်ကြောင်း စာရွက်စာတမ်းများတွင် ဖော်ပြထားသည်။
အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူတစ်ဦးကမူ ထိုသင်္ဘောသည် အလံအတုလွှင့်ထူထားသော သင်္ဘော ဖြစ်ပြီး ပိတ်ဆို့အရေးယူခံထားရသည့် ရေနံများကို တင်ဆောင်ထားသည့် ဗင်နီဇွဲလား၏ လျှို့ဝှက်သင်္ဘောအုပ်စု (Shadow fleet) များထဲမှ တစ်စီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဗင်နီဇွဲလားအစိုးရက ရေနံတင်သင်္ဘောကို ကြားဖြတ်ဖမ်းဆီးသည့် လုပ်ရပ်ကို ဆိုးရွားသည့် နိုင်ငံတကာပင်လယ်ဓားပြမှုဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ဗင်နီဇွဲလား၏ ရေနံစိမ်းများကို အများဆုံး ဝယ်ယူသည့် နိုင်ငံဖြစ်ပြီး ဗင်နီဇွဲလားရေနံများသည် တရုတ်နိုင်ငံ၏ စုစုပေါင်း ရေနံတင်သွင်းမှု ပမာဏ၏ ၄ ရာခိုင်နှုန်းခန့် ရှိသည်။
Source: ရိုက်တာ
