CNI International News
မက္ကဆီကို စီးတီး၊ နိုဝင်ဘာ ၂၀
မက္ကဆီကိုနိုင်ငံအတွင်းရှိ မူးယစ်ဆေးဝါးဂိုဏ်းများကို နှိမ်နင်းရာတွင် ကူညီပေးသည့် အနေဖြင့် အမေရိကန် တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ပေးမည်ဆိုသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ ကမ်းလှမ်းချက်ကို မက္ကဆီကိုသမ္မတ ကလော်ဒီယာ ရှိန်းဘမ်း (Claudia Sheinbaum) က ငြင်းဆိုခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ထရမ့်က အမေရိကန်နိုင်ငံအတွင်း မူးယစ်ဆေးဝါးများ ဝင်ရောက်မှုကို ရပ်တန့်ရန် ဘာပဲလုပ်ရလုပ်ရ လုပ်ဆောင် ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပြီးနောက် တစ်ရက်အကြာတွင် ရှိန်းဘမ်း၏ မှတ်ချက်စကား ထွက်ပေါ်လာခြင်း ဖြစ်သည်။
“ဒါက ဖြစ်လာမှာ မဟုတ်ပါဘူး။ သူ (ထရမ့်) က ဒီအကြောင်းကို ခဏခဏ ပြောခဲ့ဖူးပါတယ်။ မက္ကဆီကိုမှာ အမေရိကန်စစ်တပ်က ဝင်ရောက်ကူညီပေးဖို့နဲ့ ရာဇဝတ်ဂိုဏ်းတွေကို တိုက်ခိုက်ဖို့ လိုအပ်တာမှန်သမျှ ကူညီပေး မယ်လို့ ထရမ့်က ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့် ကျမတို့ ပူးပေါင်းဆောင်ရွက်နိုင်တဲ့အကြောင်း၊ ထောက်လှမ်းရေး သတင်းတွေနဲ့ ကူညီပေးနိုင်တဲ့အကြောင်းကို ကျမက ပြန်ပြောခဲ့ပါတယ်။ ပြီးတော့ ကျမတို့ နိုင်ငံထဲမှာ ပြည်ပ အစိုးရက ဝင်ရောက် စွက်ဖက်မှာကိုတော့ လက်ခံမှာ မဟုတ်ဘူးဆိုတာကိုလည်း ကျမက ပြန်ပြောခဲ့ပါတယ်”ဟု ရှိန်းဘမ်းက ပြောကြားခဲ့သည်။
ရှိန်းဘမ်းက ထိုအကြောင်းကို ထရမ့်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) တို့ကို ယခင်ကတည်းက ပြောကြားခဲ့ပြီး ၎င်းတို့ကလည်း နားလည်ကြသည်ဟု ဆိုသည်။

မက္ကဆီကိုသမ္မတ ကလော်ဒီယာ ရှိန်းဘမ်းကို တွေ့ရစဉ်
ထရမ့်ကမူ နိုဝင်ဘာ ၁၇ ရက်တွင် မက္ကဆီကိုနိုင်ငံ၏ မူးယစ်ဆေးဝါး နှိမ်နင်းရေးနှင့်ပတ်သက်ပြီး ၎င်း၏ သဘောထားကို ထုတ်ဖော် ပြောဆိုခဲ့သည်။
“မူးယစ်ဆေးဝါးတွေကို တားဆီးဖို့ မက္ကဆီကိုမှာ တိုက်ခိုက်မှုတွေ လုပ်ချင်လားလို့ မေးမယ်ဆိုရင် ကျနော်ကတော့ မူးယစ်ဆေးဝါးတွေကို ရပ်တန့်ဖို့ ဘာမဆို လုပ်ဆောင်သွားမှာပါ” ဟု ပြောကြားခဲ့သည်။
ထိုနေ့မှာပင် မက္ကဆီကို၏ အမေရိကန်သံရုံးကလည်း အမေရိကန်သည် မက္ကဆီကိုတွင် တစ်ဖက်သတ် လုပ်ရပ်ကို လုပ်ဆောင်မည် မဟုတ်ကြောင်း ပြောကြားထားသည့် ရူဘီယို၏ မှတ်ချက်ပါဝင်သော ဗွီဒီယိုတစ်ခုအား X လူမှု မီဒီယာ၌ မျှဝေခဲ့သည်။
နိုဝင်ဘာ ၁၈ ရက်တွင်လည်း ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး အမေရိကန်နှင့် မက္ကဆီကို သံတမန်များ ဆွေးနွေးခဲ့ကြသည်။
Source: အေပီ
