CNI News
ဒတ်ရှန်ဘီ ဇူလိုင် ၂၉
အိမ်နီးချင်း အာဖဂန်နစ္စတန်တွင် အခြေအနေ ဆိုးရွားလာသည့်အတွက် ရုရှားအနေဖြင့် မိမိ၏ အာရှအလယ်ပိုင်း မဟာမိတ် ဖြစ်သည့် တာဂျစ်ကစ္စတန်နိုင်ငံစစ်တပ်သို့ လက်နက်များ၊ ကိရိယာများနှင့် သင်ကြားလေ့ကျင့်မှုများ အထောက်အပံ့ ပေးသွား မည်ဖြစ်ကြောင်း မော်စကိုကာကွယ်ရေးဝန်ကြီးက ဇူလိုင် ၂၈ ရက်တွင် တာဂျစ်ကစ္စတန်သို့ ရောက်ရှိနေစဉ်အတွင်း အတိ အလင်း ပြောကြားသွားသည်ဟု အေအက်ဖ်ပီသတင်းကို ကိုးကား၍ asiatimes.com က ဖော်ပြသည်။
ရုရှား၊ တာဂျစ်ကစ္စတန်နှင့် ဥဘက်ကစ္စတန်တို့သည် လာမည့်ရက်သတ္တပတ်တွင် အာဖဂန်နစ္စတန်နိုင်ငံနှင့် တာဂျစ်ကစ္စတန် နိုင်ငံနယ်စပ်အနီး ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်ဖြစ်သည်။ အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်များက ကြီးမားသော စစ်ရေး အမြတ်ရရှိနေပြီး နိုင်ငံနယ်နမိတ် ၉၀ ရာခိုင်နှုန်းကို ထိန်းချုပ်ရန် တောင်းဆိုနေသည်။
တာဂျစ်ကစ္စတန်နိုင်ငံ၏မြို့တော် ဒက်ရှန်ဘီတွင် တာဂျစ်ကစ္စတန် ကာကွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံစဉ် ရုရှား ကာကွယ်ရေး ဝန်ကြီး ဆာဂျေရွှိုင်ဂု (Sergei Shoigu) က “မော်စကိုအနေဖြင့် တာဂျစ်ကစ္စတန်စစ်တပ်ကို အားဖြည့်ပေးဖို့ နောက်ထပ် လက်နက်နှင့် စစ်ရေးသုံးကိရိယာများ စုစည်းထောက်ပံ့သွားမည်ဖြစ်ကြောင်း” ပြောသည်။
“ကျနော်တို့က အရည်အချင်းပြည့်မီတဲ့ တာဂျစ်ကစ္စတန် စစ်သည်တော်တွေကို ဆက်လက် လေ့ကျင့်သင်ကြားပေးနေ ပါတယ်။ သူတို့ကို စစ်တက္ကသိုလ်မှာရော ၂၀၁ ရုရှားစစ်အခြေစိုက်စခန်းမှာပါ ပြင်ဆင်နေရာချထားပေးပါတယ်” ဟု တာဂျစ်ကစ္စတန်အတွင်းရှိ မော်စကို၏အခြေစိုက်စခန်းကို ရည်ညွှန်းလျက် ရွှိုင်ဂုက ပြောသည်။
ပုံ-ရုရှား ကာကွယ်ရေး ဝန်ကြီး ဆာဂျေရွှိုင်ဂု(Tass )
အမေရိကန်တပ်များ အဆောတလျင် ဆုတ်သွားခြင်းကြောင့် ဆိုးရွားလာသော လုံခြုံရေး အခြအနေအပေါ် ရွှိုင်ဂုက အပြစ် တင် ဝေဖန်ခဲ့ပြီး “မော်စကိုကတော့ (ကျနော်တို့ရဲ့) တာဂျစ်ကစ္စတန်မိတ်ဆွေတွေကို ဘာပဲလိုလို ကူညီဖို့ အသင့်ပါပဲ” ဟု ၎င်းက ကမ်းလှမ်းသည့်စကား ဆက်လက်ပြောကြားခဲ့သည်။
နိုင်ငံနယ်နမိတ် အားလုံးနီးပါးကို တာလီဘန်တို့ဘက်မှ ထိန်းချုပ်နိုင်မှု အခိုင်အမာ ပြောဆိုခြင်းအပေါ် အာဖဂန်အစိုးရက လိမ်လည်မှု တစ်ခုအဖြစ် ပယ်ချထားသည်။
သို့သော် တာလီဘန် စစ်သွေးကြွများသည် ပြီးခဲ့သည့်လက အာဖဂန်နစ္စတန်နိုင်ငံအတွက် အဓိကကျသော ရှားခန်းဘန်ဒါ နယ်စပ်ကို သိမ်းပိုက်ခဲ့သည်။ ယင်းနယ်စပ်သည် တာဂျစ်ကစ္စတန်နိုင်ငံနှင့် ထိစပ်နေပြီး ယခင် ဆိုဗီယက်သမ္မတနိုင်ငံဟောင်း ထဲသို့ အာဖဂန်အမျိုးသားစစ်တပ်များ ပြန်လည်ထိတွေ့လာခြင်းအတွက် စစ်သားများ ရာနှင့်ချီ၍ စေလွှတ်၍ တုံ့ပြန်ခဲ့ခြင်း လည်း ဖြစ်သည်။
တာလီဘန်များသည် အာဖဂန်မြောက်ပိုင်းတွင် အကျိုးအမြတ်များ ဆက်လက် ရရှိနေဆဲဖြစ်သည်။
တဖက်နိုင်ငံတွင် တာလီဘန်တို့ အားကောင်းလာသလို ပြီးခဲ့သည့်ရက်သတ္တပတ်၌ တာဂျစ်ကစ္စတန်နိုင်ငံကလည်း ၎င်းနိုင်ငံ၏ သမိုင်းကြောင်းတွင် အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပြီး လက်နက်ကိုင်တပ်ဖွဲ့ဝင်များ အသင့်အနေအထားရှိ/မရှိ စစ်ဆေး အကဲဖြတ်ခဲ့သည်။
အာရှအလယ်ပိုင်း နိုင်ငံတစ်နိုင်ငံဖြစ်သည့် တာဂျစ်ကစ္စတန်တွင် တပ်အင်အား ၂၃၀,၀၀၀ ခန့်ရှိရာ အင်အား ၂၀,၀၀၀ ခန့်ကို အာဖဂန်နစ္စတန်နယ်စပ်ဘက်သို့ ပြောင်းရွှေ့ချထားလိုက်သည်။ တစ်ချိန်တည်းမှာပင် တာဂျစ်ကစ္စတန်အစိုးရက အာဖဂန် နစ္စတန်ဘက်မှ ဝင်ရောက်လာမည့် ဒုက္ခသည် ၁ သိန်းကို မိမိတို့ လက်ခံရန် အသင့်ရှိနေကြောင်း အရေးပေါ်ကော်မတီ အနေ ဖြင့် ကြေညာခဲ့သည်။
သို့သော် ဇူလိုင် ၂၇ ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲတွင် တာဂျစ်ကစ္စတန်နိုင်ငံခြားရေးဝန်ကြီး စီရော့ဂျီဒင်မူဟာရီဒင်က ထိုသို့ လက်ခံမည့် ကတိကဝတ်ကို ပြန်လည်ရုတ်သိမ်းခဲ့ပြန်သည်။
တာဂျစ်ကစ္စတန်အနေဖြင့် လက်ခံမည့် အရေအတွက်ကို အတိအကျဖော်ပြန်ရန် အဆင်သင့် မဖြစ်သေးကြောင်းသာ မူဟာရီ ဒင်က သတင်းစာ ရှင်းလင်းပွဲတွင် အကြောင်းပြသွားသည်။
Source: Aisa Times, AFP
#အာဖဂန် #တာဂျစ်ကစ္စတန် #Tajikistan #Afghanistan #ရုရှား #စစ်ရေး #ကာကွယ်ရေးဝန်ကြီး #CNImyanmar #cninews