CNI News
၂၀၂၁ ခုနှစ်၊ ဇူလိုင် - ၂၈
၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲရလဒ်ကို ပယ်ဖျက်လိုက်ကြောင်း အသစ်ဖွဲ့စည်းထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)က ဇူလိုင်လ ၂၆ ရက် ည (၈) နာရီသတင်းတွင် ကြေညာခဲ့သည်။
အဆိုပါ ၂၀၂၀ ရွေးကောက်ပွဲ မဲရလဒ်များ ပယ်ဖျက်လိုက်ခြင်းကြောင့် ရွေးကောက်ပွဲနိုင်ငံရေးအပေါ် ပြည်သူများ အယုံအကြည်ပျက်သွားနိုင်သည်ဟု ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြော သည်။
ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးက “အဓိက ကျနော်တို့က ၈၈၈၈ အရေးတော်ပုံကြီးကြောင့်မို့ ဒီပါတီစုံ ဒီမိုကရေစီ လမ်းကြောင်း ပွင့်လာတာပေါ့ဗျာ။ ပွင့်လာတဲ့ နောက်ပိုင်းမှာ ၁၉၉၀ ရွေးကောက်ပွဲရလဒ်လည်း အကောင်အထည်မဖော်ပဲ ပယ်ဖျက်ခံရတယ်။ အခုတစ်ခါ ၂၀၂၀ ရွေးကောက်ပွဲရလဒ်လည်း ရလဒ်ကြီး တစ်ခုလုံးကို ဖျက်သိမ်းပြစ်လိုက်တယ်ဆိုတော့ မဲဆန္ဒရှင်ပြည်သူတွေရဲ့ စိတ်ထဲမှာက နောက်နောင်လုပ်ပေးတဲ့ ရွေး ကောက်ပွဲတွေနဲ့ ရွေးကောက်ပွဲနိုင်ငံရေးတွေ ဒီအပေါ်မှာ ပါ ယုံကြည်မှု ပျက်ပြားသွားနိုင်တယ်ပေါ့နော်။ ဒါကြောင့်မို့လို့ ဒီဟာကတော့ မဖြစ်သင့်ဘူးလို့ ကျနော်မြင်ပါတယ်” ဟု ပြော သည်။
ထို့အပြင် ၂၀၂၀ မဲရလဒ် ပယ်ဖျက်လိုက်ခြင်းကြောင့် ပြည်သူများကြားမှာ နိုင်ငံရေးနည်းလမ်းကို မယုံကြည်မှု၊ နိုင်ငံရေးပါတီ များမှာလည်း ဘာမှ မဆောင်ရွက်ပေးနိုင်ပါက နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍလည်း ပျောက်ဆုံးသွားနိုင်ပြီး တိုင်းပြည်၏ အခြေအနေမှာ ဆိုးရွားသွားနိုင်သည်ဟု ဦးကိုကိုကြီးက ဆိုသည်။
တပ်မတော်အနေဖြင့် ၁၉၅၈ ကတည်းက နိုင်ငံရေးတွင် စတင်ပါဝင်လာပြီး တပ်မတော်၏ လုပ်ရပ် အမြဲတမ်းမှန်ကန်ခြင်း၊ တပ်မတော်က ကယ်တင်နေရခြင်းဟူသော အယူအဆမှာ နိုင်ငံရေးကို ပိုမိုရှုပ်ထွေးစေသလို တပ်မတော်၏ အစဉ်အလာ ရပ်တည်ချက်ကို ပြန်လည်သုံးသပ်သင့်သည်ဟု ဦးကိုကိုကြီးက ထောက်ပြသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ဥပဒေ၊ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်မှု မရှိသည့်အပြင် လွတ်လပ်ပြီး တရားမျှတမှု မရှိသည့်အတွက် ပယ်ဖျက် လိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းအမှားများ ရှိကောင်း ရှိနိုင်သော်လည်း တစ်နိုင်ငံလုံး အတိုင်းအတာနှင့် တွက်ချက်မည်ဆိုလျှင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ မဲရလဒ်ဟု ယူဆကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၏ အထွေထွေအတွင်းရေးမှူး စိုင်းလိတ်က CNI သတင်းဌာနသို့ ပြောသည်။
“ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲစာရင်းအမှားတွေ ရှိကောင်းရှိခဲ့လိမ့်မယ်။ ရှိတယ်လို့လည်း ယူဆလို့ရပါတယ်။ ဒါပေမယ့် မဲရလဒ်နဲ့ ပတ်သက်လို့ကတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တွက်ချက်မယ်ဆိုလို့ရှိရင် အများစုသော မဲရလဒ် တွေက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကနေ ထွက်ပေါ်လာတဲ့ ရလဒ်တွေလို့ ကျနော်တို့က ယူဆတယ်။ ရွေးကောက်ပွဲမှာ မသမာမှုတွေ ရှိကောင်းရှိခဲ့လိမ့်မယ်။ ဒါပေမယ့် ရိုးသားစွာ၊ မှန်ကန်စွာနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အများစုရှိပါတယ်။ အဲတော့ အကုန်လုံးကို ဝါးလုံးသိမ်းရိုက်ပြီးတော့ ဒီလိုမျိုး ပယ်ဖျက် ကြောင်း ကြေညာလိုက်တာကတော့ လုံးဝ မဖြစ်သင့်တဲ့ ကိစ္စလို့ ကျနော်မြင်ပါတယ်ခင်ဗျ”ဟု စိုင်းလိတ်က ပြောသည်။
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာ (၈) ရက်နေ့က ကျင်းပခဲ့သည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ (၈၇) ပါတီက ကိုယ်စားလှယ်လောင်း ၅၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲသည် လွတ်လပ်မျှတသည့် ရွေးကောက်ပွဲဖြစ်ကြောင်း ပြည်တွင်း/ပြည်ပ လေ့လာ စောင့်ကြည့်အဖွဲ့များက ကြေညာထားပြီး ရွေးကောက်ပွဲ ရလဒ်မှာလည်း နိုင်ငံတကာက အသိအမှတ်ပြုထားပြီ ဖြစ်သည်။
#ဉီးကိုကိုကြီး
#စိုင်းလိတ်
#၂၀၂၀ရွေးကောက်ပွဲ
#ပြည်သူလူထု
#နိုင်ငံရေးပါတီ
#မြန်မာနိုင်ငံ
#CNImyanmar
#cninews
#ChannelNewsIndependent