ဂျိုဟန်နက်စ်ဘတ်၊ ဒီဇင်ဘာ ၂၆
သမ္မတဟောင်းနယ်လ်ဆင်မင်ဒဲလားကို ရှေးယခင် ထားရှိခဲ့ဖူးသည့် ရော်ဘင်ကျွန်းရှိ အကျဉ်းခန်းငယ်၏သော့ကို လေလံတင်ရောင်းချနေမှုကို ရပ်တန့်ရန် တောင်အာဖရိကအစိုးရက တောင်းဆိုခဲ့ကြောင်း ဘီဘီစီသတင်းတစ်ပုဒ် တွင် တွေ့ရသည်။
အဆိုပါလေလံတင်ရောင်းချခဲ့မှုမှာ ပြီးခဲ့သည့်ဇန်နဝါရီလက နယူးယောက်မြို့၊ ဂါးစေးလေလံလုပ်ငန်း (Guernsey’s auction house) တွင်ဖြစ်ပြီး ရောင်းချသူမှာ နာမည်ဆိုးဖြင့်ကျော်ကြားခဲ့သည့်အကျဉ်းထောင်တွင် မင်ဒဲလားကို ချုပ်နှောင်စောင့်ကြပ်ခဲ့ရသူ ထောင်စောင့်ဟောင်း ခရစ္စတိုဘရန်း (Christo Brand) ဖြစ်သည်။
သို့သော် မိမိတို့အစိုးရနှင့် အဆိုပါလေလံတင်သူများ လာရောက်ဆွေးနွေးခြင်းမရှိသေးကြောင်း တောင် အာဖရိကနိုင်ငံ၊ ယဉ်ကျေးမှုဝန်ကြီး နာသီမသွာဝါ (Nathi Mthewa) က ပြောသည်။
“ဒီသော့ပိုင်ရှင်က တောင်အာဖရိကပြည်သူတွေပဲ။ ဒါဟာ ဘယ်သူ့ရဲ့ ကိုယ်ပိုင်ပစ္စည်းမှ မဟုတ်ပါဘူး” ဟု ဝန်ကြီးက မှတ်ချက်ချသည်။
၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက်တွင် ပြုလုပ်ခဲ့သည့် အဆိုပါလေလံပွဲသည် မင်ဒဲလား၏သင်္ချိုင်းနေရာတဝိုက်ရှိ အောက်မေ့ဖွယ်ဥယျာဉ်နှင့် ပြတိုက်အတွက် ရန်ပုံငွေရှာဖွေရန် ရည်ရွယ်ကြောင်း ဂါစေးလေလံလုပ်ငန်းက ပြောသည်။
၎င်းအကျဉ်းခန်းသော့သည် ရောင်းရန်ပြသထားသည့် ပစ္စည်းများထဲမှ တစ်ခုဖြစ်ပြီး အခြားပစ္စည်းများမှာ The Lighthouse အမည်ရှိ မင်ဒဲလား၏မူရင်းပန်းချီကား၊ မင်ဒဲလား လေ့ကျင့်ခန်းစီး စက်ဘီးနှင့် ထောင်တွင်း တင်းနစ် ရက်ကက်တို့ဖြစ်ကြသည်။
တောင်အာဖရိက၏ အမျိုးသားသူရဲကောင်းနှင့်ခေါင်းဆောင်ဖြစ်သူ မင်ဒဲလားသည် ၎င်းထောင်ဒဏ် ၂၇ နှစ်အတွင်း ၁၈ နှစ်တိုင်တိုင် တောင်အာဖရိကနိုင်ငံ၊ ကိပ်တောင်းမြို့နယ်ထဲတွင် ပါဝင်သည့် ရော်ဘင်ကျွန်း၌ အကျဉ်းကျခံ ခဲ့ရသည်။ ထောင်စောင့် ခရစ္စတိုဘရန်းသည် နောက်ပိုင်းတွင် မင်ဒဲလားနှင့် ရင်းနှီးသော မိတ်ဆွေတစ်ဦး ဖြစ်လာ ခဲ့သည်။
၁၉၉၀ ပြည့်နှစ်တွင် မင်ဒဲလား ထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သည်။
ပထမဆုံး လူမျိုးပေါင်းစုံရွေးကောက်ပွဲဖြင့် လူမျိုးရေးခွဲခြားမှုနှင့်အသားအရောင်ခွဲခြားမှုတို့ကို အဆုံးသတ်စေခဲ့ပြီး နောက် မင်ဒဲလားသည် ၁၉၉၄ ခုနှစ်တွင် တောင်အာဖရိက၏ ပထမဆုံး လူမည်းသမ္မတဖြစ်လာခဲ့သည်။
သူသည် ၂၀၁၃ ခုနှစ်တွင် အသက် ၉၅ ခုနှစ်အရွယ်၌ ကွယ်လွန်သွားခဲ့သည်။
Source: BBC