ဆန်နာရာ၊ ဒီဇင်ဘာ ၂၆

ဆော်ဒီအာရေဗျ ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့များကို နောက်ထပ် တိုက်ခိုက်မည်ဟု ယီမင်နိုင်ငံရှိ ဟူသီသူပုန်များက ခြိမ်းခြောက်ခဲ့ပြီး ဆော်ဒီဘက်သို့ ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ရာ လူ ၂ ဦးသေဆုံးခဲ့ကြောင်း rt.com က သတင်း ဖော်ပြသည်။

ဆော်ဒီအနေဖြင့် ပြည်တွင်းစစ်ဒဏ်ခံနေရသော ယီမင်နိုင်ငံအပေါ် ဗုံးများ ဆက်ကြဲပါက နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများ ထပ်မံလုပ်ဆောင်မည်ဖြစ်ကြောင်း ဟူသီသူပုန်များက မကြာသေးမီက အတိအလင်း ခြိမ်းခြောက်ခဲ့ပြီး ဖြစ်သည်။

ယီမင်နိုင်ငံတောင်ပိုင်း ဂျီဇန် (Ji Zan) ပြည်နယ်မှ ပစ်လွှတ်လိုက်သော ဒုံးကျည်တစ်စင်းကြောင့် လူ ၂ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရသွားကြောင်း ဆော်ဒီအာရေဗျ အရပ်ဘက် ကာကွယ်ရေးဌာန ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီး မိုဟာမက် အယ်လ်ဟမ်မက်က ပြောသည်။

ထိုအတောအတွင်း ယီမင်သူပုန်များအတွက် လက်နက်များ တင်ဆောင်လာသည့် သင်္ဘောကို အမေရိကန်က သိမ်းပိုက်ခဲ့ သည်။

ပုံ-ဆော်ဒီညွန့်ပေါင်းတပ်ဖွဲ့ကိုတွေ့ရစဉ်။(AP)

ယီမင်နိုင်ငံမှ ဟူသီသူပုန်အဖွဲ့ ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ယီဟီယားဆရီး (Yahia Sarie)က “ဂျီဇန်ပြည်နယ်ရှိ အရေးကြီးသော နေရာများမှနေ၍ ဒုံးကျည် ၃ စင်း ပစ်လွှတ်ခဲ့ကြောင်း” ပြောကြားခဲ့သည်ဟု အေပီသတင်းဌာနက ဒီဇင်ဘာ ၂၅ ရက်တွင် သတင်း ဖော်ပြခဲ့သည်။

ယီမင်နိုင်ငံ၊ အယ်လ်မာဝစ် (Al-Mahwit) ပြည်နယ်တွင် ဆော်ဒီ၏လေကြောင်း တိုက်ခိုက်မှုများကို လက်တုံ့ပြန် သွားမည် ဖြစ်ကြောင်း ဟူသီသူပုန်တပ်မှ အရာရှိများက ဒီဇင်ဘာ ၂၃ ရက်တွင် အတိအလင်း ကြေညာခဲ့သည်။

သမ္မတ အက်ဘ်ဒရက် ဘွတ်မန်ဆာ ဟာဒီ (Abdrabbuh Mansur Hadi) ဖြုတ်ချခံရပြီးနောက် ၂၀၁၅ ခုနှစ်တွင် ယီမင် ပြည်တွင်းစစ်သို့ ဆော်ဒီအာရေဗျ ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့က ဝင်ရောက်စွက်ဖက်ခဲ့သည်။ မကြာသေးမီက ဟူသီသူပုန် စခန်းအတွင်းရှိ ဒရုန်းများနှင့် ဒုံးကျည်များကို ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းတပ်က လေကြောင်းမှ ဖျက်ဆီးခဲ့ သည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုသည် လူနေထူထပ်သော ရပ်ကွက်တစ်ခုအတွင်း ဖြစ်ပွားခဲ့ပြီး နေအိမ်များ၊ ကလေးဆေးရုံနှင့် အကျဉ်းထောင်ပေါ် ကျရောက်ပေါက်ကွဲခဲ့ရာ အမျိုးသမီးနှင့်ကလေးသူငယ်များ အပါအဝင် အရပ်သား ၁၀ ဦး ဒဏ်ရာရ (သို့မဟုတ်) သေဆုံးခဲ့ကြောင်း ဟူသီသူပုန်များနှင့် မဟာမိတ်မီဒီယာများက သတင်းဖော်ပြခဲ့ကြသည်။

Source: rt.com