ဘေရွတ်၊ ဒီဇင်ဘာ ၂၆
လက်ဘနွန်နိုင်ငံသည် လက်ရှိဖြစ်ပေါ်နေသော အကျပ်အတည်းမှ ရုန်းထွက်ရန် ၆ နှစ် ၇ နှစ်အထိ အချိန် ယူရဦးမည်ဖြစ်ကြောင်း သမ္မတက ပြောကြားခဲ့သည်ဟု အယ်လ်ဂျာဇီးယားသတင်းတစ်ပုဒ်တွင် တွေ့ရသည်။
ဒီဇင်ဘာ ၂၄ ရက်က ထုတ်လွှင့်ခဲ့သည့် ရုပ်သံအင်တာဗျူးတစ်ခုတွင် လက်ဘနွန်သမ္မတ မစ်ချဲလောင် (Michel Aoun) က “လက်ဘနွန်ဟာ လွဲချော်မှု၊ ခိုးမှု၊ အကျင့်ပျက်ခြစားမှုနှင့် ကျရှုံးမှုတွေကြောင့် ဉာဏ်ရည်ဉာဏ်သွေးနဲ့ လက်တွေ့ကျတဲ့ပြုပြုင်ပြောင်းလဲရေးတွေ အင်မတန်လိုအပ်နေတဲ့အတွက် သေချာပေါက်အကောင်အထည် ဖော်သွားရမှာဖြစ်တယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။
“လက်ဘနွန်ပြည်သူတွေ ဒုက္ခသုက္ခတွေနဲ့ ဒီကနေ့ ရှင်သန်နေရတာဟာ နိုင်ငံသားတွေရဲ့အသက်ကို အပ်နှင်း ထားမိခဲ့တဲ့ အတိတ်က အာဏာရှိသူတွေရဲ့လုပ်ရပ်တွေကြောင့်ပဲ” ဟု ၎င်းက တွစ်တာလူမှုကွန်ရက်တွင်လည်း ထပ်လောင်းပြောကြားခဲ့သည်။
ဆယ်စုနှစ်များစွာ အဂတိလိုက်စားမှု၊ စီးပွားရေးစီမံခန့်ခွဲမှုအလွဲများနှင့် ရေရှည်ငွေကြေးထောက်ပံ့မှု မပေးနိုင်ခြင်း များကြောင့် လက်ဘနွန်နိုင်ငံသည် ကြီးမားသော နိုင်ငံတော်ကြွေးမြီဝန်ထုပ်ဝန်ပိုးပိနေပြီး ၂၀၁၉ ခုနှစ် စီးပွားရေး ပြိုလဲမှုအစပျိုးခဲ့ရာမှ ယခုတတိယနှစ်၌ ဘဏ္ဍာရေးစနစ်ယိုယွင်းလာခြင်းနှင့်အတူ နိုင်ငံခြားငွေကြေး ပြတ်လပ် နေသည်။
လက်ဘနွန်ဘဏ္ဍာရေးစနစ်ယိုယွင်းရသည့်အကြောင်းရင်းနှင့်ပတ်သက်ပြီး ပြောကြားထားသည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်၏ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်မီဒီယာတွင် ပျံ့နှံ့ခဲ့ သည့်ရက်ပိုင်းအတွင်း ယခုကဲ့သို့ သမ္မတမစ်ချဲလောင်၏ သဘောထားမှတ်ချက်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ဂူတာရက်စ်၏ဗီဒီယိုဖိုင်ထဲတွင် “လက်ဘနွန်မှာ ဖြစ်ပျက်နေတာကို ကျနော် နားလည်သလောက်ကတော့ ပွန်ဇီ အစီအစဉ် (Ponzi scheme) မျိုး သုံးနေတာဗျ။ ဆိုလိုချင်တာက အကျင့်ပျက်ခြစားမှုတွေနဲ့ တခြားခိုးယူပုံစံမျိုးစုံ နဲ့အတူ ဘဏ္ဍာရေးစနစ် ပြိုကျသွားတာပဲဗျ” ဟု ပြောကြားထားကြောင်း လေ့လာတွေ့ရှိရသည်။
ပွန်ဇီအစီအစဉ် ဆိုသည်မှာ ငွေကြေးရင်းနှီးမြှုပ်နှံမှုနှင့်ဆိုင်သော လိမ်လည်လှည့်ဖြားနည်း တစ်ခုဖြစ်သည်။ ထိုနည်းတွင် လိမ်လည်လှည့်ဖြားသူသည် ရင်းနှီးမြှုပ်နှံသူများကို ၎င်းတို့ စတင်ထည့်ဝင်ထားသောငွေနှင့် နောက်ထပ်တိုးပွားလာသော ရင်းနှီးမြှုပ်နှံသူတို့၏ငွေများထဲမှ တချို့တဝက်ကို (လစဉ်နှစ်စဉ်) အကျိုးအမြတ် အဖြစ် လိမ်ညာ၍ပြန်ပေးကာ ကျန်ငွေများကို လှည့်ဖျားယူခြင်းဖြစ်သည်။
အဆိုပါဘဏ္ဍာရေးစနစ်ပြိုကျမှုကြောင့် နိုင်ငံသုံးငွေကြေးဖြစ်သည့် လက်ဘနွန်ပေါင်၏တန်ဖိုးသည် ၉၀ ရာခိုင် နှုန်းကျော် ဆုံးရှုံးသွားခဲ့ရာ ချိနဲ့နေသောဘဏ်လုပ်ငန်းစနစ်အတွင်းသို့ ယခင့်ယခင်က အပ်နှံထားမိသော ငွေသား ပမာဏများ ထိခိုက်ခဲ့ရသည်။
ဂူတာရက်စ်အနေဖြင့် ကုလသမဂ္ဂနှင့်လက်ဘနွန်အရပ်ဘက်အဖွဲ့အစည်းများအကြား ဒီဇင်ဘာ ၂၁ ရက်၌ တံခါး ပိတ်အစည်းအဝေးကျင်းပခဲ့ရာ အထက်ဖော်ပြပါ အမြင်မျိုးကို ထုတ်ဖော်ပြောကြားခဲ့သည်ဟု လက်ဘနွန် ဘဏ္ဍရေးစနစ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် မိုက်အေဇာက ရှင်းပြခဲ့သည်။
Source: Aljazeera