CNI News

၂၀၂၁ ခုနှစ်၊ဒီဇင်ဘာ ၂၅

ကရင်ပြည်နယ်၊မြဝတီခရိုင်၊လေးကေ့ကော်ဒေသတွင် ဖြစ်ပွားနေသည့် ပဋိပက္ခနှင့်ပတ်သက်ပြီး တည်ငြိမ်အေးချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိသည်ဟု NSPNC က PPST သို့ စာဖြင့် ပေးပို့ထားကြောင်း သိရသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)၏ ဦးဆောင်မှုအလုပ်အဖွဲ့က လေးကေ့ကော် ဖြစ်စဉ်အပေါ် အမျိုးသားစည်း လုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ (NSPNC)သို့ ဒီဇင်ဘာ ၂၂ ရက်နေ့တွင် စာပေးပို့မှုအပေါ် NSPNC က အထက်ပါအတိုင်း ပြန်လည်ပေးပို့ခဲ့ခြင်း ဖြစ်သည်။

NSPNC ၏ စာထဲတွင် လေးကေ့ကော်မြို့သည် ငြိမ်းချမ်းရေး သင်္ကေတ၊ ပြယုဂ်အနေဖြင့် ၂၀၁၅ ခုနှစ်က တည်ဆောက်ခဲ့ ကြောင်း၊ မည်သည့်လုံခြုံရေးအဖွဲ့ကိုမှ မထားဘဲ တစ်ဖက်နိုင်ငံက ပြန်လည် ဝင်ရောက်လာသည့် တိုက်ပွဲရှောင်များကိုသာ ထားရန် ရည်ရွယ်ထားကြောင်း၊ ထိုအခြေအနေကို အခွင့်ကောင်းယူ၍ နေရပ်အသီးသီးက PDF များကို ခိုအောင်းခွင့်ပေးခဲ့ သလို KNU အတွင်း တချို့တပ်မှူးများ၏ လှုံ့ဆော်မှုဖြင့် လက်နက်/ခဲယမ်း ရောင်းဝယ်မှုများ ပြုလုပ်နေကြောင်း၊ သင်တန်း များ ပေးနေကြောင်း၊ ပြည်တွင်းသို့ လက်နက်/ခဲယမ်းများ တင်ပို့မှုများ ပြုလုပ်နေကြောင်း စသည့် ကိစ္စရပ်များ ရှိလာသည်ကို သိရှိရကြောင်း ဖော်ပြထားသည်။

ပုံ-၂၀၁၃ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်က KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်

အဆိုပါ သတင်းများအရ တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ နေရာဒေသ အသီးသီးမှာ ရှာဖွေစစ်ဆေးရာ ၂၀၂၁ ခုနှစ်၊ မတ်လမှ ယနေ့အထိ  လေးကေ့ကော်ဒေသမှ တင်ပို့လာသည့် လက်နက်/ခဲယမ်း ဖမ်းဆီးရရှိမှု ၂၃ ကြိမ်၊ PDF ၁၀၆ ဦး၊ လက်နက်မျိုးစုံ ၃၈၆ လက်၊ ခဲယမ်းမျိုးစုံ ၂၉၆၃၈ တောင့်၊ ဒရုန်းနှင့်ဖောက်ကွဲရေးပစ္စည်းမျိုးစုံ ၁၃ မျိုး သိမ်းဆည်းရမိသည် ဟုလည်း ထိုစာထဲတွင် ဖော်ပြထားသည်။

ထိုအခြေအနေများကြောင့် KNU မှ သက်ဆိုင်ရာ တာဝန်ရှိသူများ တားဆီးထိန်းချုပ်ရန် တပ်မတော်က ဆက်သွယ် အသိပေးခဲ့ ကြောင်း၊ ထို့နောက် လေးကေ့ကော်မြို့သစ်အား ဝင်ရောက်ရှာဖွေ စစ်ဆေးနိုင်ရေးအတွက်လည်း KNU မှ တာဝန်ရှိသူတချို့နှင့် ညှိနှိုင်း၍ အပြန်အလှန် နားလည်မှု ရရှိပြီးမှသာ ဒီဇင်ဘာ ၁၄ ရက်က အနည်းဆုံး အင်အားဖြင့် ဝင်ရောက် ရှာဖွေစစ်ဆေး ခဲ့ ခြင်း ဖြစ်ကြောင်း၊ ထိုသို့ ဝင်ရောက် ရှာဖွေစဉ် လွှတ်တော်အမတ်အချို့နှင့် PDF အဖွဲ့ဝင်များကိုလည်း လက်နက်/ခဲယမ်းများ နှင့်တကွ ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါစာတွင် ဖော်ပြထားသည်။

NSPNC က “ဖမ်းဆီးရမိသူများအား ခေါ်ယူ၍ လေးကေ့ကော်မှ ပြန်လည်ထွက်ခွာလာစဉ် KNU/KNLA မှ စတင် ပစ်ခတ်မှုများ လုပ်ဆောင်လာသည့်အတွက် တပ်မတော်ဘက်မှ ထိခိုက်ဒဏ်ရာ ရရှိခဲ့သောကြောင့် ပြန်လည် ပစ်ခတ်ခြင်းဖြင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ရခြင်း ဖြစ်ကြောင်း၊ လက်ရှိ အခြေအနေတွင်လည်း မြဝတီ-ဖလူး-ဝေါလေ လမ်းကြောင်းသည် ဒေသခံပြည်သူများ၊ တပ်မတော် စစ်ကြောင်းများ၊ NCA လက်မှတ်ရေးထိုးထားသည့် အခြားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အသုံးပြု သော လမ်းမဖြစ်၍ တပ်မတော်အနေဖြင့် နှစ်ဖက်တပ်များ တိုက်ပွဲဖြစ်ပွားမှု မရှိစေရေး KNU/KNLA အဖွဲ့များအား ဆက်သွယ် ရေး လမ်းကြောင်းပေါ်မှ ဖယ်ရှားပေးပါရန် နယ်မြေခံ တိုင်းစစ်ဌာနချုပ်က တောင်းဆိုထားပါကြောင်း၊ မိမိတပ်များလည်း ရှေ့ တိုး လုပ်ဆောင်မှုမရှိဘဲ ထိန်းချုပ်ကြပ်မတ်ထားရှိကြောင်းနှင့် ဖယ်ရှားမှု မပြုပါက လုပ်သင့်လုပ်ထိုက်သည့်အတိုင်း ဆက် လက် လုပ်ဆောင်သွားရမည့် အနေအထား ရှိလာနိုင်သည်”ဟု ပြောသည်။

ထို့ကြောင့် တပ်မတော်အနေဖြင့် လေးကေ့ကော်ဒေသ အပါအဝင် ကရင်ပြည်နယ် တစ်ခုလုံးအား ယခင်အတိုင်း အေးချမ်းမှု ရရှိစေလိုသည့်အတွက် နည်းလမ်းမျိုးစုံဖြင့် စိတ်ရှည်သည်းခံကာ လုပ်ဆောင်နေသည့်အပြင် NCA လမ်းကြောင်းအတိုင်း သာ ဆက်လက် လျှောက်လှမ်းမည်ဟု ခိုင်မာစွာ ဆုံးဖြတ်ချက် ချထားသည့်အတွက်လည်း မလိုလားအပ်သော ကိစ္စရပ်များ မပေါ် ပေါက်စေရန် အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းဖြင့် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း၊ KNU အဖွဲ့မှ တာဝန်ရှိများနှင့် NSPNC က တွေ့ဆုံဆွေးနွေးရန်း အသင့်ရှိကြောင်း ၎င်းက ပြောသည်။

NSPNC က “KNU အဖွဲ့မှ တာဝန်ရှိသူများနှင့် မိမိတို့ ညှိနှိုင်းရေးကော်မတီတို့ တွေ့ဆုံ ဆွေးနွေးနိုင်ရန်လည်း အသင့်ရှိနေပါ ကြောင်း၊ တွေ့ဆုံဆွေးနွေးရာတွင် ကြိုတင်ကန့်သတ်ချက်များဖြင့် ချည်နှောင်ပြီးမှ ဆွေးနွေးခြင်းမျိုးမဖြစ်စေလိုဘဲ ဖြစ်စဉ် အမှန်ပေါ် မူတည်၍ ရိုးရှင်းပွင့်လင်းစွာ ညှိနှိုင်းဆွေးနွေးခြင်းမျိုးဖြစ်ရန် လိုအပ်ပါကြောင်း၊ KNU မှ တွေ့ဆုံ ဆွေးနွေးရန် ဆန္ဒရှိ ပါက အချိန်/နေရာမရွေး တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ပါကြောင်း။ မိမိတို့ကော်မတီအနေဖြင့် ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးရန် အမြဲတမ်း တံခါးဖွင့်ထားသည်”ဟု ပြောသည်။

ထို့နောက် PPST ဦးဆောင်မှုအလုပ်အဖွဲ့၏ မေတ္တာရပ်ခံချက်အတိုင်း လေးကေ့ကော်ဒေသ အပါအဝင် ကရင်ပြည်နယ် တစ်ခု လုံးတွင် တိုက်ပွဲဖြစ်စဉ်များ မရှိတော့ဘဲ ဒေသခံပြည်သူလူထုများ မိမိနေရပ်တွင် အေးချမ်းစွာ ပြန်လည်နေထိုင်ရေးကို လည်း ကောင်း၊ ပြည်လည် ရောက်ရှိပါက လိုအပ်သည့် ကူညီစောင့်ရှောက်မှုများအား လည်းကောင်း၊ တပ်မတော် အနေဖြင့် အလေး ထား လုပ်ဆောင်လျက် ရှိပါကြောင်းနှင့် ဖြစ်စဉ် အခြေအနေမှန်အား သိရှိနိုင်ပါရန် ပြန်ကြားအပ်ပါသည်ဟု ရေးသား ဖော်ပြ ထားသည်။

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်တွင် KNU မှ ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက “တကယ့် ကျနော်တို့နိုင်ငံရဲ့ အကျိုးအတွက် ပြည်သူရဲ့အကျိုးအတွက် လုပ်မယ်ဆို လို့ရှိရင် ကျနော်တို့ ဆွေးနွေးလို့ ရနေတာပဲ။ သို့သော် အခု အနေအထားက ဒီနိုင်ငံ တကာရဲ့ ပါဝင်မှုကတော့ လိုအပ်နေတာ ပေါ့နော်။ ဒါမှ သမာသမတ်ရှိမှာ။ ကျနော်တို့ အတွေ့အကြုံအရတော့ တွေ့ဆုံ ဆွေးနွေးရေး လုပ်တဲ့ အချိန်မှာကြတော့ တန်း တူ သမာသမတ် မရှိတဲ့အပေါ်မှာတော့ အခက်အခဲ ရှိတဲ့အပေါ်မှာ တကယ့် သမာသမတ်ရှိတဲ့ တွေ့ဆုံဆွေးနွေးမှု ဖြစ်ဖို့ အတွက် ကြားခံ၊ သို့မဟုတ်ရင်လည်း ညှိနှိုင်းရေးအဖွဲ့ပေါ့လေ၊ ကြားခံညှိနှိုင်းရေး အဖွဲ့ရှိရင် ပိုကောင်းတာပေါ့နော်။ တပ်မတော်ကလည်း လက်ခံနိုင်မယ့် အဖွဲ့အစည်းမှ ဖြစ်နိုင်မှာကိုး”ဟု CNI သို့  ပြောထား သည်။

လက်ရှိတွင် လေးကေ့ကော်ဒေသမှာ ဒီဇင်ဘာ ၁၅ ရက်ကနေ ယနေ့အချိန်ထိ စစ်ရေး တင်းမာနေပြီး ဒေသခံ ၂၀၀၀၀ ဝန်း ကျင် ထိုင်းနိုင်ငံဘက်ခြမ်းနှင့် ပြည်တွင်း နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြရသည်။