CNI International News

နယူးယောက်၊ စက်တင်ဘာ ၂၅

ဂါဇာတွင် စစ်ပွဲပြီးဆုံးပြီးနောက် အနာဂတ်၌ ငြိမ်းချမ်းရေး သဘောတူညီမှုကို ကာကွယ်ပေးရန်အတွက် အင်ဒိုနီးရှားစစ်သား ၂၀,၀၀၀ ခန့်ကို ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်ဖွဲ့ဝင်များအဖြစ် ဂါဇာသို့ စေလွှတ်ပေး မည်ဟု အင်ဒိုနီးရှားသမ္မတ ဘရာဘိုဝို (Prabowo Subianto)က ပြောကြားခဲ့ကြောင်း CNA မှ ဖော်ပြခဲ့သည်။

ထို့ပြင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကမ္ဘာတစ်ဝန်းမှ နိုင်ငံများက ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြု ခဲ့မှုအပေါ် ပီတိဖြစ်မိကြောင်းလည်း ဘရာဘိုဝိုက စက်တင်ဘာ ၂၃ ရက်တွင် ကုလသမဂ္ဂအထွေထွေညီလာခံ၌ ပြောကြားခဲ့သည်။ 

ကမ္ဘာပေါ်တွင် မွတ်ဆလင် လူဦးရေ အများဆုံးဖြစ်သည့် အင်ဒိုနီးရှားသည် ငြိမ်းချမ်းရေးကို လိုလားကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ဂါဇာစစ်ပွဲ ရပ်တန့်ရန် တောင်းဆိုနေကြစဉ်

“ကျနော်တို့က ကုလသမဂ္ဂကို ယုံကြည်ပါတယ်။ ကျ‌နော်တို့ဟာ ကာကွယ်စောင့်ရှောက်သူတွေကို လိုအပ်နေတဲ့ ငြိမ်းချမ်းရေးအတွက် ဆက်လက်ပြီး တာဝန်ထမ်းဆောင်သွားမှာပါ။ အပြောနဲ့မဟုတ်ဘဲ မြေပြင်မှာ အလုပ်နဲ့ လက်တွေ့ လုပ်ဆောင်သွားမှာပါ” ဘရာဘိုဝိုက ပြောကြားခဲ့သည်။

အကယ်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် အထွေထွေညီလာခံ၏ ဆုံးဖြတ်ချက် ထွက်ပေါ်လာမည်ဆိုပါက အင်ဒိုနီးရှားသည် ဂါဇာတွင် ငြိမ်းချမ်းရေးကို အထောက်အကူဖြစ်စေရန် စစ်သားအင်အား ၂၀,၀၀၀ သို့မဟုတ် ထိုထက်ပိုသည့် စစ်သားများအား စေလွှတ်ရန် ပြင်ဆင်ထားကြောင်း အင်ဒိုနီးရှားသမ္မတ ဘရာဘိုဝိုက ပြောသည်။

ထို့ပြင် အင်ဒိုနီးရှားသည် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်ဖွဲ့အတွက် စစ်သားအများဆုံး စေလွှတ်ပေး ထားသည့် နိုင်ငံများထဲတွင် ပါဝင်နေကြောင်းလည်း ဘရာဘိုဝိုက ပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ်အထိ ရရှိထားသည့် စာရင်းများအရ အင်ဒိုနီးရှားသည် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်ဖွဲ့ အတွက် စစ်သား ၂၇၁၅ ဦး စေလွှတ် ပို့ဆောင်ထားပြီး ကုလသမဂ္ဂအတွက် ဆဋ္ဌမမြောက် စစ်သားအများဆုံး စေလွှတ်ထားသည့် နိုင်ငံဖြစ်သည်။

ထို့ပြင် အင်ဒိုနီးရှားသည် ယူကရိန်း၊ ဆူဒန်နှင့် လစ်ဗျား အပါအဝင် အခြားနိုင်ငံများသို့လည်း ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်ဖွဲ့ဝင်များ စေလွှတ်ရန် ဆန္ဒရှိကြောင်း ဘရာဘိုဝိုက ပြောကြားခဲ့သည်။

အင်ဒိုနီးရှားသမ္မတ ဘရာဘိုဝိုကို တွေ့ရစဉ်

ဘရာဘိုဝိုက အစ္စရေးနှင့် ပါလက်စတိုင်း နှစ်နိုင်ငံ အတူယှဉ်တွဲ နေထိုင်ရေးအတွက် အရေးအကြီးဆုံး အချက်မှာ ငြိမ်းချမ်းရေးဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ကျနော်တို့ဟာ ပါလက်စတိုင်းကို လွတ်မြောက်စေဖို့ လုပ်ဆောင်ရပါမယ်။ ပြီးတော့ ပါလက်စတိုင်းကို အသိအမှတ်ပြုပြီး အစ္စရေးရဲ့ ဘေးကင်းလုံခြုံရေးအတွက်လည်း အာမခံချက် ပေးရပါမယ်”ဟု ဘရာဘိုဝိုက ပြောကြားခဲ့သည်။

အစ္စရေးအနေဖြင့် ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ် ပြုမည်ဆိုပါက အင်ဒိုနီးရှားကလည်း အစ္စရေးကို အချုပ်အခြာ အာဏာပိုင်နိုင်ငံအဖြစ် အသိအမှတ်ပြုမည်ဖြစ်ကြောင်း ဘရာဘိုဝိုက ပြောကြားခဲ့သည်။

အင်ဒိုနီးရှားသည် ၁၉၈၈ ခုနှစ်ကတည်းက ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ် ပြုထားခဲ့သည်။

Source: CAN