CNI News

၂၀၂၅ ခုနှစ်၊ ဇွန်လ ၉

ရခိုင်ပြည်နယ်တွင် ၃ မြို့နယ်သာ သိမ်းပိုက်ရန် ကျန်ရှိသည့် အာရက္ခတပ်တော်(ULA/AA)၏ မြို့သိမ်းတိုက်ပွဲ၌ ဖိအားများရှိနေကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက CNI သတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ်၏ မြို့နယ် ၁၇ တွင် ၁၄ မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝဒေသတို့ကို သိမ်းပိုက်ထားနိုင်သည့် AA အနေဖြင့် တည်မြဲ‌အောင် ထိန်းထားနိုင်ရေးနှင့် အုပ်ချုပ်ရေး အပါအဝင် အခြားလုပ်စရာများ ရှိနေသေးသည့် အတွက် ဖိအားများကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA) မှ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်း “AA ဆိုတာက တော်လှန်ရေး အရဆိုရင် အခုမှ လူလားမြောက်ကာစ အရွယ်လေးပဲ ရှိသေးတယ်လေ။ ဒီတော့ ဒီအချိန်မှာ နေပြီးတော့ သူတို့ဟာ လူငယ်တွေ၊ လူလတ်ပိုင်းတွေ အများကြီး သူတို့ကြိုးစားတယ်။ အလုပ် လုပ်နိုင် တယ်။ သူ့နယ်မြေတွေကိုလည်း သူရအောင် သိမ်းနိုင်တယ်။ ဒါက ရခိုင်တွေရဲ့ အိပ်မက်ပေါ့ နှစ်ပေါင်း ၂၀၀ ကျော် အိပ်မက်မက်ခဲ့တဲ့ ရှေ့ကလည်း တော်လှန်ရေးတွေ ခေတ်အဆက်ဆက်မှာ လုပ်ခဲ့တယ်။ ဒါပေမယ့် ULA/AA က တော့ အချိန်တိုအတွင်းမှာ ဒီလောက် လုပ်နိုင်တယ်ဆိုတဲ့အခါမှာ အဲဒီလိုမျိုး ဖြစ်အောင်အတွက် သူတို့လည်း ပေး ဆပ်ရတဲ့ အရင်းအနှီးတွေ များပါတယ်။ ဒီဟာတွေကလည်း ဖိအားတွေပေါ့။ ပြည်သူတွေ၊ ရဲဘော်တွေရဲ့ အသက် တွေ အများကြီး စတေးပြီးတော့ ရလာတာလေ။ နောက် ဒီနေရာတွေကို တည်မြဲအောင် ထိန်းထားနိုင်ဖို့ဆိုတာက လည်း နိစ္စဒူဝ ဖိအားပဲ။ ဒီနေရာတွေရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ကျန်းမာရေး၊ ပညာရေး စသည်ဖြင့်ပေါ့။ အများကြီးပဲ လုပ်စရာတွေက။ အဲဒီတော့ ဒီဟာတွေ အကုန်လုံးက ဖိအားတွေများတယ်။ နောက်တခါ အခုကျန်နေ တဲ့ နေရာတွေမှာ အိန္ဒိယနဲ့ ကုလားတန်စီမံကိန်း၊ တရုတ်ရဲ့ကျောက်ဖြူ SEZ၊ နောက် Sino ပိုက်လိုင်း ဒီဟာတွေ အကုန်လုံးဟာ တကယ်တော့ တရုတ်ဆိုတာဟာလည်း ကမ္ဘာပေါ်မှာ မဟာအင်အားကြီးနိုင်ငံလေ။ ဒီဟာတွေရဲ့ ဖိအားကလည်း သူ့အပေါ်မှာ ရှိတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်းက လမ်းဆုံတစ်နေရာကိုတွေ့ရစဉ်

AA ၏ မေလ ၂၂ ရက်က ရခိုင်ဒေသအတွင်းမှ နေရပ်စွန့်ခွာရန် အားထုတ်ကြိုးပမ်းနေသည့် ဒေသနေ ပြည်သူများ အား အသိပေးတားမြစ်ချက် ထုတ်ပြန်သည့်အထဲတွင် မပြီးပြတ်သေးသော မြို့သိမ်းတိုက်ပွဲများကို အကန့်အသတ် ဖြင့် ဆင်နွှဲနေရကြောင်း ပြောကြားထားသည်။

၂၀၂၅ ခုနှစ်၊ မေလအထိ AA အနေဖြင့် ရခိုင်ပြည်နယ်တောင်ပိုင်းရှိ ကျောက်ဖြူ၊ မာန်အောင်နှင့်  စစ်တွေမြို့တို့မှ အပ ပလက်ဝ အပါအဝင် မြို့ပေါင်း ၁၅ မြို့ကို ထိန်းချုပ်ထားသည်။

လက်ရှိတွင် AA သည် ကျန်ရှိနေသည့် စစ်တွေ၊ မာန်အောင်နှင့် ကျောက်ဖြူမြို့နယ်တို့ထဲကမှ တရုတ်စီမံကိန်း တည်ရှိရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် မြန်မာ့တပ်မတော်ကို ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိနေသည်။ 

သို့သော် မြို့သိမ်းတိုက်ပွဲများအတွက် အကန့်အသတ် ဖြစ်နေခြင်းသည် တရုတ်ဖိအားကြောင့် ဖြစ်နိုင်သကဲ့သို့ ၎င်းတို့ကိုယ်တိုင် တိုက်ရန် အခက်အခဲများ ရှိနေခြင်းလည်း ဖြစ်နိုင်ကြောင်း တရုတ်-မြန်မာအရေး‌လေ့လာ သုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

ပလက်ဝမြို့ကို တွေ့ရစဉ်

၎င်းက “စစ်တိုက်တယ်ဆိုတာ၊ မြို့တွေကို သိမ်းတယ်ဆိုတာ လွယ်တယ်။ ပြီးတော့ အဲဒီဟာကို ထိန်းထားဖို့က ခက်တယ်။ အဲဒါကြောင့် ဒါတွေကိုလည်း ထည့်သွင်းစဉ်းစားနေတာဖြစ်မယ်။ နောက်တစ်ခုက မြို့တွေကို မတိုက် တာက သူတို့အခြေအနေ၊ အခိုင်အမာ၊ အခုကသူက အများကြီးဖြန့်ပြီးတော့ ကာကွယ်နေရတာဖြစ်တော့ မြို့ကြီး တွေ တိုက်ပြီး ထပ်ထိန်းဖို့ဆိုတာ လွယ်ချင်မှလွယ်မယ်။ နောက်တစ်ခုက မြို့တိုက်ပြီးရင် ရန်သူကို target ပေး လိုက်သလို ဖြစ်တာပေါ့။ အဲဒီမြို့ကို အကြီးအကျယ် လာဗုံးချသွားကြမှာ။ အဲဒါတွေလည်း တွက်ချက်တယ် ထင် တယ် ကြည့်ရတာ။ ဒါကြောင့်မို့လို့ မတိုက်သေးတာ ထင်တယ်။ သူက တရုတ်နဲ့လည်း ဆက်ဆံရေး ကောင်းအောင် လို့။ ဒါကြောင့်မို့လို့ AA က ထုတ်လိုက်တဲ့ဟာတွေဆို ဖတ်ကြည့်ပါလား။ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုများကို သူ ကာကွယ်ပေးရမယ်၊ မထိခိုက်စေရပါဘူး။ ဒါက အမြဲပါနေတာပဲ။ တရုတ်ရဲ့ ဖိအားကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။ သို့မဟုတ် သူတို့ကိုယ်တိုင်က တိုက်ဖို့ အခက်အခဲတွေ ကျနေတာလည်း ဖြစ်နိုင်တာပေါ့” ဟု ပြောသည်။

ထို့နောက် အိန္ဒိယ၏ ကုလားတန်မြစ်စီမံကိန်းများလည်း ရှိနေခြင်းကြောင့် AA သည် တရုတ်၊ အိန္ဒိယတို့၏ ဖိအား များ ရှိနေနိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။ 

အာရက္ခတပ်တော်(AA) က အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက် (NDEP) အရ စစ်မှုထမ်းရန် အကျုံးဝင်သည့် အမျိုးသား၊ အမျိုးသမီးများကို ရခိုင်ပြည်နယ်ထဲက ထွက်ခွာခွင့် ပိတ်လိုက်ကြောင်း ထုတ်ပြန် ထားသည်။

အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက် (NDEP) အရ အသက် ၁၈ နှစ်မှ  ၂၅ နှစ်အထိ အမျိုးသမီး များ၊ အသက် ၁၈ နှစ်မှ ၄၅ နှစ်အထိ အမျိုးသားများအပေါ် ရခိုင်ပြည်နယ် ပြင်ပထွက်ခွင့် ပိတ်လိုက်ခြင်းဖြစ်သည်။

AA ၏ ရခိုင်ပြည်နယ်တွင် တကျော့ပြန်ထိုးစစ် စတင်သည့် ၂၀၂၃ ခုနှစ်၊  နိုဝင်ဘာလကတည်းက ရခိုင်ပြည်နယ်ရှိ  မြို့များအား မြန်မာ့တပ်မတော်မှ ဖြတ်လေးဖြတ်စနစ် ကျင့်သုံးခဲ့သည်။