CNI News
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၉
နိုင်ငံခြား အဖွဲ့အစည်းနှင့်သံတမန်များ မြန်မာနိုင်ငံ၏ တရားစီရင်ရေး အပြင် ပြည်တွင်းရေးကို မစွက်ဖက်ရန်လိုအပ်ပြီး ပြည်တွင်းရေးစွက်ဖက်နေမှုအပေါ်ကိုလည်း ပြင်းထန်စွာ ကန့်ကွက်သည်ဟု နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ (ဒီဇင်ဘာ ၉ ရက်)တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရီမြို့နယ်(သီးသန့်)တရားရုံးတွင် ဒီဇင်ဘာ ၆ ရက်က ပြစ်ဒဏ်များ ချမှတ်ခဲ့သည့် ကိစ္စနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီဥက္ကဋ္ဌ နိုင်ဂျာအမြဲတမ်း ကိုယ်စားလှယ် Mr.Abdou Abarry က မြန်မာနိုင်ငံဆိုင်ရာ လုံခြုံရေးကောင်စီသတင်းထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။
အလားတူ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Ms.Michelle Bachelet၊ မြန်မာနိုင်ငံလူ့အခွင့် အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ Mr.Thomas Andrews နှင့် ကုလသမဂ္ဂအတွင်းရေး မှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ Mr.Stephane Dujarric တို့က အသီးသီး သတင်းထုတ်ပြန်ခဲ့ကြသည်။
နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနက “ အထက်ပါ ကိစ္စနှင့်ပတ်သက်၍ အခြေအနေမှန်ကို နိုင်ငံပိုင်သတင်းစာ များတွင် အချိန်နှင့် တပြေးညီ ရှင်းလင်းအသိပေးပြီးဖြစ်သည်။ တရားရုံးရှေ့မှောက်တွင် မည်သူမဆို တန်းတူ ဖြစ်ပြီး တရားဥပဒေအထက်တွင် မည်သူမျှ မရှိပါ။ ထို့အတူ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်း တရားစီရင်ပိုင်ခွင့်ရှိသည့် တရား ရုံး၏ ဆုံးဖြတ်ချက်များအပေါ် တစ်ဖက်သတ် ဝေဖန်သုံးသပ်နေခြင်းမှာ သင့် လျော်မှုမရှိပါ။ ယင်းကဲ့သို့ ဆောင် ရွက်ချက်များသည် မြန်မာနိုင်ငံ၏ တရားစီရင်ရေးနှင့်ပြည်တွင်းရေးကို စွက် ဖက်ရာ ရောက်သည်”ဟု ဆိုသည်။
ဒီဇင်ဘာ ၆ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ) ထောင်ဒဏ် ၂ နှစ်၊ သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၅ ဖြင့် ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ထောင်ဒဏ် ၄ နှစ် ကျခံစေ ရန် တရားရုံးက အမိန့်ချမှတ်ခဲ့သည်။
အလားတူ ဦးဝင်းမြင့်ကိုလည်း ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ) ထောင်ဒဏ် ၂ နှစ်၊ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၅ ဖြင့် ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ထောင်ဒဏ် ၄ နှစ် ကျခံစေ ရန် တရားရုံးက အမိန့်ချမှတ်ခဲ့သည်။
ထိုသို့ အမိန့်ချခဲ့ခြင်းအပေါ် နိုင်ငံတကာသံတမန်များနှင့် အဖွဲ့အစည်းများက ကန့်ကွက်ခဲ့ကြသလို စိုးရိမ်မိ ကြောင်း ထုတ်ပြန်ခဲ့ကြသည်။
နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် နိုင်ငံခြားသံရုံးများမှ တာဝန်ရှိသူများ အနေ ဖြင့် ကုလသမဂ္ဂ၏ စံနှုန်းများနှင့် ဗီယင်နာကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များကို လေးစားလိုက်နာကြရန် ထုတ်ပြန်ခဲ့ သည်။