CNI News

၂၀၂၅ ခုနှစ်၊ ဧပြီ ၁၀

မြန်မာနိုင်ငံက ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် နိုင်ငံတကာမှ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးနေခြင်းသည် နစကအစိုးရအား နိုင်ငံရေးအရ အသိအမှတ်ပြုသည့် သဘောထားမျိုး မသက်‌ရောက်ကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO- NCA/S)မှဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

ထို့ပြင် နိုင်ငံတကာမှ အကူအညီ ဝင်ပေးခြင်းသည် လူသားချင်းစာနာမှု ဘောင်အတွင်းမှာပဲရှိပြီး နစကအစိုးရအား တရားဝင်မှုပေးခြင်း၊ နိုင်ငံရေးအရ အသိအမှတ်ပြုခြင်းဆိုသည့် သဘောထား မသက်ရောက်ကြောင်း ၎င်းက ပြော သည်။

ဗိုလ်မှူးကြီးခွန်ဥက္ကာက “မူလက နိုင်ငံရေး ရပ်တည်ချက်အရ ဆန့်ကျင်ပေမယ့် ငလျင်ကျတော့ လူသားချင်း စာနာမှုဆိုင်ရာပြဿနာ ဖြစ်လာတယ်၊ အခုလက်ရှိ အုပ်ချုပ်နေတဲ့သူရဲ့ မူဝါဒ ပေါ်လစီတွေက တစ်ခု၊ ပြည်သူ ပြည်သားတွေ ခံစားရတဲ့ ငလျင်ဒဏ်ကတစ်ခု ဖြစ်လာတော့ ခွဲပြီးတော့ ကြည့်ရင် နိုင်ငံသားတွေ ခံစားရတဲ့ ငလျင် ဒဏ်ကိုတော့ နိုင်ငံတကာက ကူဖို့လိုလာတယ်၊ အဲဒီလို ကူညီချင်းက လူသားချင်းစာနာမှု ဘောင်ထဲမှာပဲ ရှိပြီး တော့ အဲဒါက တရားဝင်မှုကို ပေးတယ်၊ နိုင်ငံရေးအရ အသိအမှတ်ပြုတယ်ဆိုတဲ့ သဘောကိုတော့ သက်ရောက်မှု မရှိဘူးလို့တော့ ကျနော် ယူဆတယ်ဗျ၊ အများအားဖြင့်တော့ ကူညီပေးတဲ့နိုင်ငံတွေ အကုန်လုံးက ကြိုပြီးတော့ ပြောတာတွေ ရှိပါတယ်၊ ဒီလိုကူညီတာက လူသားချင်းစာနာမှု အဲဒီအပေါ်မှာ Political Recommendation (နိုင်ငံရေး ထောက်ခံချက်) ပေးတဲ့ သဘောမျိုး မဖြစ်စေရဘူး ဆိုတာမျိုးတော့ ကြိုတင်စည်းကမ်း သတ်မှတ်ချက်နဲ့ ဝင်ပေးတဲ့ တိုင်းပြည်တွေလည်း ရှိပါတယ်ဗျ၊ အဲဒါကြောင့် အဲဒီလို လူသားချင်းစာနာမှု အကူအညီတွေ ဝင်‌ပေးတဲ့ အပေါ်မှာ နိုင်ငံရေးအရ အသိအမှတ်ပြုသွားတယ် ဆိုတဲ့သ‌ဘောတော့ မရောက်ဘူးလို့ ကျနော်ယူဆပါတယ်” ဟု ပြောသည်။

နိုင်ငံတကာသံတမန်အရေး ကျွမ်းကျင်သူများကတော့ နစက အနေဖြင့် ငလျင်ဘေး နိုင်ငံတကာ၏ အကူအညီရရှိ မှုကနေ နိုင်ငံရေးအရ တရားဝင်မှုကို ရရှိအောင် ကြိုးပမ်းသင့်ကြောင်း၊ နိုင်ငံတကာ သံတမန်လမ်းကြောင်းကို ဖွင့် နိုင်ရန် ကြိုးပမ်းသင့်ကြောင်း ထောက်ပြကြသည်။

နစကဥက္ကဋ္ဌ မြန်မာငလျင်ဘေး အိန္ဒိယက ကျန်းမာရေးစောင့်ရှောက်မှုပေးနေတာကို လေ့လာနေစဉ်

မြန်မာနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ သို့မဟုတ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် ကျင်းပသွားရန် စီစဉ်ထားကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ မတ်လ ၇ ရက် တွင် ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုနှင့် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ထို့ပြင် လာမည့်ရွေးကောက်ပွဲအား ဝင်ရောက်ယှဥ်ပြိုင်မည့် နိုင်ငံရေးပါတီများ အနေဖြင့် နိုင်ငံရေးပါတီ တည်ထောင်ခွင့်ကို မေလ ၉ ရက် နောက်ဆုံးထား လျှောက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) က ၂၀၂၅ ခုနှစ်၊ ဧပြီ ၈ ရက်တွင် ကြေညာခဲ့သည်။

အကယ်၍ ရွေးကောက်ပွဲအား မကျင်းပပါက နစကအစိုးရ ဆက်လက် အုပ်ချုပ်နေမည်ဖြစ်ကြောင်း၊ တိုင်းပြည် အနေဖြင့်လည်း ဆက်လက် ဒုက္ခရောက်နေမည်ဖြစ်ကြောင်းကို နိုင်ငံတကာက သုံးသပ်လာနိုင်ကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ ဦးစိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြော သည်။

 ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီများကို တွေ့ရစဉ်

၎င်းက “ဒါက ဆန့်ကျင်တာက သူတို့ဖက်က အပိုင်းပေါ့နော်၊ အခု Legitimacy ဖြစ်အောင် ဒီဖက်ကနေပြီးမှ ပြန် လုပ်တယ် ဆိုတာထက်ကို သဘာဝက ဖန်တီးပေးသလို ဖြစ်သွားတာပေါ့နော်၊ သူက Legitimacy ရအောင်တော့သူ ကြိုးစားနေတာတော့ ကြာပြီ။ ဒါပေမယ့် ဒီငလျင်ကြီး လှုပ်သွားတဲ့အခါကျ ပိုပြီးမှ အချိန်မြန်မြန်နဲ့ စစ်တပ်ကို အသိအမှတ်ပြုလာကြတဲ့ သဘော‌လေးတွေ ဖြစ်လာတာပေါ့၊ အဲဒီတော့ နိုင်ငံကြီးတွေ အနေနဲ့ကလည်း သုံးသပ်မိ တာလေးတွေကတော့ ရှိကောင်းရှိမှာပါ။ ဒီရွေးကောက်ပွဲ မလုပ်ဘူးဆိုရင် ဒီအစိုးရ သက်ဆိုးရှည် နေဦးမှာ ဆက်ပြီး မှ မြန်မာပြည်ဟာ ဆက်ပြီးဒုက္ခရောက်နေဦးမှာ။ ရွေးကောက်ပွဲ ရလာပြီဆိုရင် ရောက်လာပြီဆိုရင်တော့ ဒီအစိုးရ ပြုတ်ကျသွားပြီးမှ နောက်တက်လာမယ့် အစိုးရအနေနဲ့ စကားပြောလို့ ဆွေးနွေးညှိနှိုင်းလို့ ရလာပြီပေါ့ဗျာ။ ဒါ လည်း နိုင်ငံတကာကလည်း သုံးသပ်မှာပါ။ တကယ်လို့ ရွေးကောက်ပွဲသာ မလုပ်နိုင်ခဲ့ဘူးဆိုရင်တော့ လက်ရှိ နစကအစိုးရ သက်ဆိုးရှည်ပြီးမှ မြန်မာပြည်သူတွေဟာ ပိုပြီးမှ ပိုပြီးမှပဲ ဒုက္ခရောက်လာဖို့ ရှိပါတယ်” ဟု ပြော သည်။ 

ငလျင်ဘေးသင့် ပြည်သူများအား ကူညီရန်အတွက် နိုင်ငံတကာမှ လှူဒါန်းရန် ကတိပြုငွေ အမေရိကန်ဒေါ်လာ ၉၃ သန်း ရရှိထားကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) အကြီး အကဲ တွမ်ဖလက်ချာက ၂၀၂၅ ခုနှစ်၊ ဧပြီ ၆ ရက်နေ့တွင် နစက၏နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် တွေ့ဆုံစဥ် ပြောကြားခဲ့သည်။

အလားတူ အမေရိကန်ကလည်း ဒေါ်လာ ၉ သန်း မြန်မာငလျင်ဘေးကို ကူညီမည်ဖြစ်ကြောင်း ကြေညာထားသလို အမေရိကန်၊ ဂျပန်၊ ဩစတြေးလျ၊ အိန္ဒိယတို့ပါဝင်သည့် Quad(ကွတ်စ်)ကလည်း မြန်မာငလျင်အတွက် ဒေါ်လာ သန်း ၂၀ ထောက်ပံ့မည်ဟု ကတိပြုထားသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ငလျင်ဘေး ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့် စစ်ဘေး ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ရှိနေသကဲ့သို့ စီးပွားရေး ကျဆင်းမှု ပြန်လည် ဦးမော့ရေး ကြိုးပမ်းရန်လည်း လိုအပ် နေခြင်းကြောင့် ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပရန်မှာ မလွယ်ကူတော့ကြောင်း ထောက်ပြကြသည်။